Main menu

ခရမ်းကစော့သီး (ခေါ်) ကစော့ခါးသီးကပေးသည့် ကျန်းမာရေး

Powered by Drupal
Fri, 09/22/2023 - 10:46 -- consumer_admin

        ခရမ်းကစော့သီးကို (အချိုဒေသတွေမှာဆိုရင် ကစော့ခါးသီး)လိုလည်း လူသိများမယ်ထင်ပါတယ်။ ဖောက်ဖောက်၊ ဖောက်ဖောက်နဲ့ စားလို့ကောင်းတဲ့ ခရမ်းကစော့သီးက မြန်မာဟင်းလျာထဲမှာဆိုရင် အတို့ အမြုပ်အနေနဲ့ စားသုံးကြပါတယ်။ မီးကင်ပြီးပဲစားစား၊ ပြုတ်၍ပဲစားစား၊ ခရမ်းချဉ်သီးနဲ့ပဲချက်ချက် စားလိုက်တိုင်း ကျွတ်ကျွတ်လေးနဲ့စားလို့ကောင်းတာကို စားဖူးသူတိုင်းသိကြမယ်ထင်ပါတယ်။ အခုလို စားကောင်းတဲ့ အသီးလေးမှာဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

      ခရမ်းကစော့သီးပင်ဟာဆိုရင် နှစ်ကြာခံ ပင်ငယ်တစ်မျိုးဖြစ်ပြီး အမြင့် ၄-၅ ပေခန့်ထိရှိပါတယ်။ ပင်စည်ရိုးတံမာပြီး အမွှေးများဖြင့် ဖုံးအုပ်ထားပြီး ချွန်ထက်၍ပြားသော ဆူးများစွာပါရှိတယ်။ ဆူးတွေ့ဟာ စိမ်းဝါရောင်နဲ့သန်မာပြီး အောက်ကိုကောက်နေ၍ အကိုင်းအခက်များတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အရွက်ပုံသဏ္ဌာန်မှာ ဘဲဥပုံဖြစ်၍ ထောင့်ခုနှစ်ထောင့်ပါရှိပြီး အရွက်မျက်နှာနှစ်ဖက်စလုံးတွင် သေးငယ် သော ဆူးလေးများပါရှိတယ်။ ရွက်ညှာမှာ ဆူးရှိပြီး ရွက်ညှာရှည်သည်။ အသီးဟာဆိုရင် လုံးဝိုင်းပြီး အစေ့များ ခွံပျော့သီးဖြစ်၍ အခိုင်လိုက်သီး၏။ မှည့်က လိမ္မော်ရောင်ရှိပြီး အလွန်ခါး၍ ဆေးဘက်လည်း ဝင်သည်။ မြန်မာနိုင်ငံ့အနှံ့အပြားတွင် သဘာဝအလျောက်  ပေါက်ရောက်သော အပင်တစ်မျိုးလည်း ဖြစ်သည်။ မြန်မာဆေးကျမ်းများ အလိုအရ စပ်ရှားရှားရှိ၏။ ခါး၏။ ပူ၏။ လေသလိပ်ကို ကြေစေ၏။ နှုတ်ကိုမြိန်စေ၏။ နှလုံးကို အားပေး၏။ နူနာ၊ အဖျား၊ ပန်းနာ၊ လေနာ၊ ယားနာတို့ကိုနိုင်ပြီး ကျန်းမာ ရေးကို အကျိုးပြုစေသည့်  အာနိသင်များရှိကြောင်းလည်း လေ့လာသိရှိရပါသည်။ 

      ခရမ်းကစော့ပင်ဟာ တစ်ပင်လုံးအသုံးဝင်သော အပင်မျိုးဖြစ်ပြီး မြန်မာ့တိုင်းရင်းဆေးတွင် ပဥ္ဓငါးပါး အသုံးပြုနိုင်သည်။ ပဥ္ဒငါးပါးရည်ကို ညှစ်သောက်ခြင်း၊ ကြိတ်ဖတ်အား အုံပေးခြင်းဖြင့် မြွေဆိပ်၊ ကင်းဆိပ် ပြေပျောက်စေသည်။ သွားကိုက်၊ နာကျင်းခြင်းနှင့် သွားပိုးစားသောအခါ အမြစ်ကို သွေး၍ သွားတွင်း သိပ်ပေးခြင်း၊ အမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးရှုပေးခြင်းဖြင့် သွားနှင့်ပတ်သက်သော ရောဂါ များလည်း ပျောက်ကင်းစေသည်။ အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍သောက်ပါက နှာခေါင်းသွေးလျှံခြင်း ကိုလည်း ပျောက်ကင်းစေသည်။ နားအတွင်း ပိုးကောင်ဝင်လျှင် ခရမ်းကစော့သီးကို မီးရှို့ပြီး အခိုးငွေ့ခံကာ မုန်ညှင်းဆီနဲ့ရော၍ နားကြပ်ပေးက ပိုးထွက်၏။ ခရမ်းကစော့မြစ်ကို အမှုန့်ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံငန်းဆေးကြီးအဖြစ် အသုံးပြုကြသည်။ ပဥ္ဓငါးပါး နုပ်နုပ်စဉ်း၍ ရေထက်ဝက် ခမ်းအောင်ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့်ထည့်ပြီး လက်ဖက်ရည်ပန်းကန်ဖြင့်ထက်ဝက်ခန့် တစ်နေ့နှစ်ကြိမ်သောက်ပေးပါက မီးယပ်ဖြူဆင်းရောဂါ ဒိဋ္ဌပျောက်သည်ဟုလည်း လေ့လာသိရှိရပါသည်။

     ခရမ်းကစော့သီးက ကင်ဆာရောဂါကာကွယ်ပေးနိုင်သလို ကင်ဆာကုသရာမှာလည်း ထိရောက်မှု ရှိပါတယ်။ ခန္ဓာကိုယ် ကျန်းမာစေဖို့ အာဟာရတွေ ပြည့်ဝစွာပါဝင်နေသလို ကင်ဆာဆဲလ်တွေ မပွားစေ ဖို့လည်း အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ခရမ်းကစော့သီးကို ရှေးယခင်ကတည်းက ကင်ဆာကာကွယ်ဖို့ အသုံးပြုခဲ့ပါတယ်။

   ခရမ်းကစော့သီးက နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ခရမ်းကစော့သီးမှာပါတဲ့ ဓာတ်တစ်မျိုးက နာကျင်မှုကို သက်သာစေသလို ‌အရောင်ကျစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ စားသုံးနိုင်ပါတယ်။ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ပြီး နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့  ခရမ်းကစော့သီးကို တို့စားပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ တွေကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့လည်း စားသုံးနိုင်ပါတယ်။

     ခရမ်းကစော့သီးကို စားပေးခြင်းဖြင့် ကိုယ်ခံအား ကောင်းစေနိုင်ပြီး ဖျားနားမှုကင်းစေပြီး၊ ရေစင် အောင်ဆေးထားတဲ့ အသီးပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် အဖျားကျစေဖို့ အကောင်းဆုံး အထောက် အပံ့ပေးနိုင်ပါတယ်။ ခရမ်းကစော့သီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ စားသုံးပေးနိုင်ပါတယ်။ ခရမ်းကစော့သီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်မှာ ဗီတာမင် C ချိုတဲ့မှုကြောင့်ဖြစ်‌စေနိုင်တဲ့  ကျန်းမာရေး ပြသနာများကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ရေယုန်ကိုလည်း သက်သာစေနိုင်တဲ့ အပြင် မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ခရမ်းကစော့သီးမှာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရှိ ဓာတ်တိုးပစ္စည်းတွေကို ထိခိုက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပြီး အသားအရေ ကျန်းမာရေးကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

     ခရမ်းကစော့သီးဟာဆိုရင် သဘာဝသန်ကျဆေး တစ်မျိုးလည်းဖြစ်ပါတယ်။ သန်ထမှာစိုး၍ သန်ချဆေး မသောက်သုံးချင်ဘူးဆိုရင် တို့စားပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။ ခရမ်းကစော့သီးကို ထက်ခြမ်းခြမ်းပြီး ထောပတ်ဖြင့် ပုံမှန်ကြော်စားပေးခြင်းဖြင့် အမြင်အာရုံကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အရသာလည်းရှိ၊ စားလို့လည်းကောင်းတဲ့ အလေ့ကျပေါက်ပြီး အလွယ်တကူရရှိနိုင်တဲ့ ခရမ်းကစော့သီးကို စားသုံးခြင်းဖြင့် ဖော်ပြပါ ကျန်းမာရေးအကျိုး ကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်မည့်ဖြစ်ကြောင်း ခရမ်းကစော့သီး (ခေါ်) ကစော့ခါးသီးကပေးသော ကျန်းမာရေး ဗဟုသုတများကို အများသူငှာအတွက် စုဆောင်းရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

DOCA(ကရင်)