Main menu

တိုင်းပြည်ဝင်ငွေတိုးစေဖို့ ကြက်ဆူစိုက်ပျိုးစို့

Powered by Drupal
Tue, 09/19/2023 - 12:05 -- consumer_admin

   ဝက်ကီပီးဒီးယားဟုခေါ်သော ကြက်ဆူပင်သည် နွေးသောရာသီဥတုရှိသည့်ဒေသများ၌ ပေါက်ရောက်မှုအများဆုံးဖြစ်သည်။ နှစ်ရှည်ပင်မျိုးဖြစ်၍ မြေဩဇာကောင်းသောအရပ်၌ ပေ(၃၀) အမြင့်ထိရှည်နိုင်သည်။ အေးသောဒေသများတွင် (၁)နှစ်သာခံ၍ အပင်၏အမြင့်မှာလည်း (၄)ပေကျော်ခန့်သာရှိသည်။

    မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့၌ ပေါက်ရောက်ဖြစ်ထွန်းသည်။ သမနွေးပိုင်းရာသီဥတုကိုနှစ်သက်သော်လည်း ပူပြင်းခြောက်သွေ့သောဒေသများတွင် ပို၍ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင် အလေ့ကျပေါက်ရောက်သော ကြက်ဆူပင်အများအပြားတွေ့ရသည်။ တစ်ခါတစ်ရံ၌ ကြက်ဆူပင်များကိုစိုက်ပျိုးယူကြသည်။ ကြက်ဆူရိုးကြီး၊ ကြက်ဆူရိုးနီ၊ ကြက်ဆူရိုးဖြူဟူ၍ အမျိုးအစား(၃)မျိုးရှိရာ ကြက်ဆူရိုးကြီးသည် အရွက်ကြီးသောအပင်မျိုးဖြစ်ပြီး သင်္ဘောကြက်ဆူဟူ၍လည်းခေါ်ကြသည်။ အမြဲစိမ်းလန်းသော အပင်ငယ်မျိုးဖြစ်၍ အမြင့် (၁၀)ပေထိရှိသည်။ အပင်ကြီးထွားမှုမြန်၍ ပင်စည်ခေါင်းပွမျိုးဖြစ်သည်။

ကြက်ဆူပင်အမျိုးအစား

    ကြက်ဆူပင်အမျိုးအစားမှာ နှစ်ရှည်ခံပင်ကြီးများ၊ (၁)နှစ်ခံအပင်ပုများဟူ၍ (၂)မျိုးရှိပါသည်။ (၁)နှစ်ခံအပင်ပုများကို အများဆုံးစိုက်ပျိုးကြသည်။ စိုက်ပျိုးမျိုးများတွင် အစေ့ကြီးမျိုး၊ အစေ့လတ်မျိုးနှင့် အစေ့ငယ်မျိုးဟူ၍ (၃)မျိုးရှိသည်။

ရာသီဥတု

   ကြက်ဆူပင်သည် မိုးခေါင်သောဒဏ်ကိုခံနိုင်၍ မိုးရေချိန် (၂၅)လက်မနှင့် (၃၀)လက်မအတွင်းရှိသောဒေသများတွင် အောင်မြင်စွာဖြစ်ထွန်းသည်။ မိုးနည်းသောဒေသများတွင် မိုးများစွာရွာသွန်းပြီးနောက်မှသာ စိုက်ပျိုးသင့်သော်လည်း မိုးသင့်တင့်သောဒေသတွင် မိုးနှောင်းပိုင်း၌ စိုက်ပျိုးကြသည်။

စိုက်ပျိုးနည်း

    မြစ်နား၊ ကမ်းနား၊ ချောင်းမြောင်းပေါသည့်ဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်သည်။ ယခုအခါ အသီးမှ အဆီထုတ်ယူရန်အတွက် ကျယ်ပြန့်စွာစိုက်ပျိုးသည်ကိုတွေ့ရသည်။ မြေအမျိုးအစားအလွန်စေးသည့်မြေမှတစ်ပါး မည်သည့်မြေအမျိုးအစား၌မဆို စိုက်ပျိုးနိုင်သည်။ တောင်ခြေရှိ မြေနီ၊ မြေဝါ၊ သဲမြေကြမ်းများတွင် စိုက်ပျိုးရန် အထူးသင့်လျော်သည်။ မြေဖွာပြီး ရေစိမ့်ဝင်နိုင်ရန်လိုအပ်သည်။ စိုက်ပျိုးမည့်မြေကို လိုအပ်သည့်အတိုင်း ပြုပြင်ရပြီး မျိုးစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးရသည်။ အတန်းလိုက်စိုက်ပျိုးပြီး တစ်တန်းနှင့်တစ်တန်းလျှင် (၆)ပေအကွာထားပြီး (၂)ပေအကွာ အတန်းလိုက်ကျင်းကလေးများတူး၍ တစ်ကျင်းလျှင် မျိုးစေ့(၃/၄)စေ့ချပေးရသည်။ ပြီးနောက် မျိုးစေ့လေးတို့ကို မြေဖြင့် ဖုံးအုပ်ပေးရသည်။ အစေ့မှ အပင်ပေါက်ရန် (၈-၁၀)ရက်ခန့်ကြာသည်။ ပင်မြင့် (၃)ပေခန့်ရှိသောအခါ ခေါင်နှိမ်ပေးခြင်းဖြင့် အကိုင်းအခက်များဝေဆာလာပြီး အသီးပိုမိုထွက်သည်။  (၄)လအကြာတွင် ကြက်ဆူသီးများရင့်မှည့်လာ၍ အညိုရောင်သမ်းလာသော အသီးတို့ကိုဆွတ်ခူးပြီး လုံးဝခြောက်စေရန်အတွက် နေလှန်းထားခြင်းအားဖြင့် အသီးများကွဲအက်ကာ အစေ့များရရှိနိုင်သည်။

ကြက်ဆူရွက်

     ကြက်ဆူရွက်သည် အရွက်ပြားကြီးပြီး အလွန်နက်သောအဟိုက်များ (၇-၈)ခုပါရှိပါသည်။ အရွက်နားတွန့်ပြီး အရွက်ကြောများမှာ ရွက်ညှာထိပ်မှစ၍ ပြားသောပုံသဏ္ဌာန်ရှိပြီး ရွက်ညှာရှည်၍ တုတ်၏။ အရွက်နုစဉ်၌ ၎င်း၏အရောင်မှာ ရွက်ပြားနီညိုရောင် (သို့) အစိမ်းရောင်ဖြစ်သည်။ အရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်ကြို၍သောက်လျှင် လေသလိပ်အားကြီးခြင်း၊ ဆီးအိတ်ထုံကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ သည်းခြေနာခြင်းတို့ကိုပျောက်ကင်းစေနိုင်သည်။ အရွက်မှ ညှစ်၍ရသောအရည်ကို လိပ်ခေါင်းရောဂါကုသဆေး၊ ယားနာပျောက်ဆေး၊ ပိုးသတ်ဆေးအတွက်သုံးခြင်း၊ မှည့်ခရုနာလိမ်းဆေး၊ ဒဏ်ရာလိမ်းဆေးအတွက်သုံးခြင်း၊ အမြစ်ကိုညှစ်၍ ရသောအရည်ကို ဝမ်းလျှောရောဂါ၊ မြွေဆိပ်ဖြေဆေးများအဖြစ်လည်းအသုံးပြုနိုင်ကြောင်းသိရပါသည်။ ထို့ပြင် အရွက်ကို မီးရှို့ပြီး အိမ်ခြံအတွင်း ပိုးမွှားတို့ကိုမှိုင်းတိုက်ခြင်း၊ Ether နှင့်ဖျော်စပ်၍ ထုတ်ယူသောဆေးရည်ကို အနုဇီဝပိုးတို့ကို သုတ်သင်ရာတွင်လည်းအသုံးပြုနိုင်ပါသည်။

ကြက်ဆူပွင့်/အသီး

     အဖိုပွင့်၊ အမပွင့်ဟူ၍ရှိသည်။ အသီးသီးရာတွင် အခိုင်လိုက်ပြွတ်၍သီးပါသည်။ အချင်း(၁)လက်မရှိ၍ ပျော့ပျောင်းသောဆူးငယ်များရှိပြီး အခန်း(၃)ခန်းပါရှိသည်။

ကြက်ဆူစေ့

    ကြက်ဆူစေ့သည် ကြွေစေ့ခန့်ရှိ၍ ရှည်မျောမျောပုံသဏ္ဌာန်ရှိပြီး ပြောင်ချောနေသည်။ အညိုကြားနှင့် အဖြူကြား၊ အနက်ကြား စသည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။ အစေ့ကို ဆီကြိတ်ခြင်း၊ ကင်းဆိပ်ဖြေဆေးအဖြစ် သွေး၍လိမ်းခြင်း၊ ဝမ်းချုပ်/ လေချုပ် အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်း၊ လေထိုးအောင့်ခြင်း၊ ခါး၊ ဆီးအိမ်၊ ခေါင်းကိုက်ခြင်းနှင့် ပန်းနာ၊ နူနာ၊ အသည်းရောဂါ၊ ဝမ်းကိုက်ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်းအသုံးပြုသည်။

    အစေ့တွင် ရေဓာတ် (၆.၆၂)%၊ ပရိုတိန်းဓာတ် (၁၈.၂) %၊ ကာဘိုဟိုက်ဒရိတ်(၁၇.၃) %၊ အမျှင်ဓာတ် (၁၅.၅) %၊ ပြာဓာတ် (၄.၅) %၊၊ အဆီဓာတ်(၅၀-၆၀) % ထိပါဝင်သောကြောင့် ကြက်ဆူစေ့ကိုကြိတ်၍ အဆီအဖြစ် ထုတ်လုပ်သုံးစွဲကြသည်။ အစေ့မှ ထုတ်၍ရသောအဆီကို ဆေးအဖြစ် တိုက်ရိုက်သုံးစွဲ၍မရပါ။ အဆီမှ အဆိပ်ဖြစ်တတ်သောဓာတ်များကို ထုတ်ပြီးမှသာ သောက်ဆေး၊ စားဆေးအဖြစ် အသုံးပြုနိုင်ကြောင်း၊ မြန်မာ့စွယ်စုံကျမ်း အတွဲ(၂)တွင် ဖော်ပြထားပါသည်။

ကြက်ဆူဆီ(Castor oil)

     ကြက်ဆူဆီမှာ ကြက်ဆူစေ့မှညှစ်ယူပြီးမှသာ ရလာသောအဆီဖြစ်ပြီး ဆေးဖက်ဝင်သောကြက်ဆူဆီကို (Castor oil) ဟုခေါ်ဆိုပြီး အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့၌ အများဆုံးတွေ့ရပါသည်။

    ဆေးဖက်ဝင်အာနိသင်များကြောင့် ကမ္ဘာတစ်ဝှမ်းလုံးသုံးစွဲမှုများလာပါသည်။ ကြက်ဆူဆီတွင် ရောက်ရမ်းမှုကိုသက်သာစေသော (ricinoleic)အက်စစ် (၁၀၀) % နီးပါးပါဝင်သောကြောင့် အဆစ်အမြစ်များ၊ တစ်ရှူးများရောင်ရမ်းလာလျှင် ကြက်ဆူဆီကို အရေပြားပေါ်၌ လိမ်းကျံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါသည်။ ရေတစ်ဖန်ခွက်နှင့် ကြက်ဆူဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်သောက်လျှင် လေးဘက်နာအဆစ်မြစ်ကိုက်ခြင်းကိုသက်သာစေနိုင်ပါသည်။ ဗီတာမင်(E) နှင့် အဆီများပါဝင်သောကြောင့် ဦးရေဖျားနှင့်ဆံပင်ကိုလိမ်းကျံပေးခြင်းဖြင့် ဆံပင်ကိုသန်စွမ်းစေနိုင်ပါသည်။ ဝမ်းပျော့ဆေးအတွက်လည်းအသုံးပြုနိုင်ခြင်း၊ အရည်ကြည်ဖု၊ အဖုအပိန့်များနှင့် အမည်းစက်များပေါ်တွင် မုန့်ဖုတ်ဆော်ဒါမုန့်နှင့် အနည်းငယ်ရော၍လိမ်းပေးပါက ပျောက်ကင်းနိုင်ကြောင်း လေ့လာသိရှိရပါသည်။

     ကြက်ဆူစေ့တွင် အဆီဓာတ်ပါဝင်မှုများသောကြောင့် ဆေးဝါးများနှင့်ရောစပ်အသုံးပြုခြင်းတွင်သာမက မီးထွန်းခြင်း၊ လယ်ထွန်စက်၊ ရေစုပ်စက်များတွင် ဒီဇယ်ဆီအစားအသုံးပြုနိုင်ပါက ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူများစွာဖြစ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မကွေး)