Main menu

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

တရုတ်နိုင်ငံ
ပို့ကုန်တင်ပို့မှုကို တွန်းအားပေးလျှက်ရှိခြင်း
ကိုဗစ် ၁၉ ကပ်ရောဂါနှင့်ဆက်စပ်၍ ကမ္ဘာတစ်ဝန်း၌သာမက အရှေ့တောင်အာရှနိုင်ငံများ၌ ကုန်ပစ္စည်းထုတ်လုပ်မှု ကျဆင်းလျှက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက တရုတ်နိုင်ငံ၏ ပို့ကုန် တင်ပို့မှုမှာ မျှော်မှန်းထားသည်ထက် ရုတ်တရက်မြင့်တက်ခဲ့သည်ဟု သတင်းဖော်ပြခဲ့ရာ ၎င်း သတင်း၌ ကိုဗစ်၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများကန့်သတ်ထားသည့်နိုင်ငံမှ ဝယ်လိုအား မြင့်တက်လာမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ ကပ်ရောဂါမဖြစ်ပွားမီကာလကထက် ပိုမိုမြင့်တက်ခဲ့သည်ဟု South China Morning Post သတင်းစာ၌ ရေးသားဖော်ပြထားကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် သွားလာမှုများ ကန့်သတ်ထားသည့်နိုင်ငံများမှ ဝယ်လိုအား များ မြင့်တက်လာသဖြင့် တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ အဆိုပါကပ်ရောဂါကာလကထက် ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် ၁၉ ဖြစ်ပွားမှုနှုန်း ကျဆင်းသွားပါက တရုတ် နိုင်ငံ၏ ပို့ကုန်မြင့်တက်မှုမှာ ၂၀၂၁ ခုနှစ်၊ဒုတိယနှစ်ဝက်တွင် လျော့နည်းသွားနိုင်သည်ဟု စီးပွားရေး ပညာရှင်များက ကြိုတင်ခန့်မှန်းထားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုများမှာ ဆက်လက် မြင့်တက်လျှက်ရှိပြီးယခင်နှစ်ထက်(၂၅.၆%)မြင့်မားခဲ့ကြောင်း၊လက်လီရောင်းချသူများမှာ ခရစ္စမတ် ပွဲတော်ကာလမတိုင်မီ ကုန်လက်ကျန်များ ပြတ်လပ်သွားသောကြောင့် စတင်၍ပြန်လည်ဖြည့်ဆည်း ရန် စီးပွားရေးလုပ်ငန်းများမှ ကြိုတင်ဆောင်ရွက်လျှက်ရှိသဖြင့် တရုတ်နိုင်ငံထုတ် လူသုံးကုန် ပစ္စည်းများဖြစ်သည့် လျှပ်စစ်/ ရိဘောဂ/ အိမ်သုံးပစ္စည်းများ၊ အရုပ်များ၊ အပန်းဖြေပစ္စည်းများ စသည့် ပို့ကုန်ပစ္စည်းများတင်ပို့မှု ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးဈေးကွက်များသို့ ပို့ကုန် တင်ပို့မှုများမှာ ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ မြင့်တက်လျှက်ရှိသကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များသို့ တင်ပို့မှုမှာလည်း အကျိုးအမြတ်အနည်းငယ်ရှိခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ပေကျင်းမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
အိန္ဒိယနိုင်ငံ
စားသုံးဆီများအပေါ် အကောက်ခွန်နှုန်းထားများထပ်မံလျှော့ချခြင်း
အိန္ဒိယအစိုးရသည် စားအုန်းဆီနှင့် ပဲပုတ်ဆီများအပေါ် တင်သွင်းသည့် ကုန်စည်ပမာဏ တန်ချိန်အလိုက် ကောက်ခံသည့်အခွန်နှုန်းထားများအား ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း၌ လျှော့ချခဲ့ ပြီးနောက် ယခုတစ်ဖန် စားသုံးဆီများအပေါ် ကောက်ခံသည့်သွင်းကုန်အခွန်နှုန်းထားများကို ထပ်မံ လျှော့ချခဲ့ကြောင်း၊ ယခင်က အခြေခံအကောက်ခွန်နှုန်းများကို စားအုန်းဆီကြမ်းအပေါ် (၁၀%)၊ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် (၇.၅%)ချမှတ်ထားရာမှ ယခုအခါ (၂.၅)% သို့ လျှော့ချ သတ်မှတ်ခဲ့သော်လည်း အိန္ဒိယအစိုးရသည်စားအုန်းဆီကြမ်းအပေါ် စိုက်ပျိုးရေးအခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်မှုထပ်ဆောင်းအခွန် (AIDC)ကို (၂.၅%)သို့ တိုးမြှင့်ခဲ့ရာ ပဲပုတ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့အပေါ် ကောက်ခံလျှက်ရှိသည့် AIDC အခွန်နှုန်း ၂၀% နှင့် တန်းတူညီ ရောက်ရှိ ခဲ့ကြောင်း၊ သို့ဖြစ်ရာ အခြေခံကောက်ခွန်နှင့် AIDC အခွန်နှစ်ရပ်ပေါင်း (၂၂.၅%)အပေါ် ကောက်ခံ သည့်လူမှုဖူလုံရေးအထူးထပ်ဆောင်းအခွန်(၁၀%)အားထည့်သွင်းတွက်ချက်ပါက အဆိုပါစားသုံးဆီ ကြမ်း(၃)မျိုးအပေါ် သွင်းကုန်ခွန်စုစုပေါင်း(၂၄.၇၅%)ကျသင့်မည်ဖြစ်ကြောင်း၊ အိန္ဒိယစားသုံးသူ ရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနက ၁၁-၉-၂၀၂၁ နေ့၌ သတင်းထုတ် ပြန်ရာတွင် စားသုံးဆီများ ဈေးနှုန်းမြင့်တက်မှုကို လျော့ပါးစေရေးအတွက် အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ ဖြေလျှော့မှုများစွာကို လုပ်ဆောင်ခဲ့ရာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများအတွက် ဆိပ်ကမ်းရှင်းလင်းမှု လွယ်ကူ မြန်ဆန်စေရန် စံလုပ်ငန်းသတ်မှတ်ချက်(SOP)များကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ယခုအကြိမ် အခွန်နှုန်းထားများ လျှော့ချပေးမှုက ဘဏ္ဍာနှစ်တစ်ခုလုံး၌ တန်ဖိုးအားဖြင့် ရူပီးငွေ ကုဋေ ၃၅၀၀ ခန့်ရှိမည်ဖြစ်ပြီး ယခင်က ဖြေလျှော့ပေးခဲ့သောတန်ဖိုးများပါ ထည့်သွင်းတွက်ချက်ပါက စားသုံးသူ များအနေဖြင့် ရူပီးငွေကုဋေ ၄၆၀၀ အထိ သက်သာမှုရရှိစေမည်ဖြစ်ကြောင်း၊ အိန္ဒိယသို့ စားသုံးဆီ များတင်ပို့ရာ ပင်ရင်းနိုင်ငံများ၌ ဈေးနှုန်းမြင့်တက်မှုက အခွန်နှုန်းလျှော့ချပေးမှုမှ စားသုံးသူအပေါ် အကျိုးဖြစ်ထွန်းမှု တစ်စိတ်တစ်ဒေသကို လျော့ပါးစေဖြစ်ပြီး ရှေ့လာမည့်ရက်သတ္တပတ်များ၌ ပြည် တွင်းလက်လီဈေးကွက်တွင် စားသုံးဆီ ၁ လီတာလျှင်၂ ရူပီးမှ ၃ ရူပီးခန့်သာဈေးနှုန်းကျဆင်းဖွယ် ရှိကြောင်း၊ သို့ရာတွင် ယခုနောက်ဆုံးအမိန့်ထုတ်ပြန်ချက်၌ နေဝင်ချိန်စည်းမျဉ်းခေါ် အကျိုးသက် ရောက်မှုရှိမည့်ကာလ သတ်မှတ်ချက်အား ပယ်ဖျက်ပေးခဲ့သဖြင့် အစိုးရက နောက်ထပ်ညွှန်ကြား ချက်တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုသရွေ့ လျှော့ချပေးထားသည့် အကောက်ခွန်နှုန်းထားများဖြင့် စားသုံးဆီများကို တင်သွင်းခွင့်ရရှိစေမည်ဖြစ်ကြောင်း အိန္ဒိယဆီကြိတ်လုပ်ငန်းရှင်များအသင်း အမှု ဆောင်ဒါရိုက်တာက သတင်းဌာနသို့ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘယ်လ်ဂျီယံနိုင်ငံ
ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ကပ်ရောဂါမတိုင်ခင်အဆင့်သို့ ပြန်လည်ရောက်ရှိခြင်း
ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ် ၁၉ ကပ်ရောဂါမတိုင်မီကာလအဆင့်သို့ ၂၀၂၁ ခုနှစ် မကုန်ဆုံးမီတွင် ပြန်လည်ရောက်ရှိနိုင်သည်ဟု ဘယ်လ်ဂျီယံနိုင်ငံအစိုးရ စီမံကိန်းဗျူရို၏ ခန့်မှန်းချက်များအရသိရပြီး ၂၀၂၁ ခုနှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ (၅.၇%)၊၂၀၂၂ ခုနှစ်တွင်(၃%)ရှိနိုင်ကြောင်း၊၂၀၂၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေးဖောင်းပွ မှုနှုန်းမှာ(၁.၉%)သို့ ရောက်ရှိနိုင်ပြီး ၂၀၂၂ ခုနှစ်တွင်မူ စွမ်းအင်ဈေးနှုန်း မြင့်တက်လာနိုင်သဖြင့် ငွေ ကြေးဖောင်းပွမှုနှုန်း(၂.၁%) ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ ဖက်ဒရယ်အစိုးရသည် ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်နလန်ထူရေးကိုဉီးတည်သည့် ပြုပြင် ပြောင်းလဲမှုများစွာကိုလုပ်‌ဆောင်ရန်ပြင်ဆင်လျှက်ရှိပြီးယင်းတို့တွင်ဥရောပပြန်လည်ထူထောင် ရေး အစီအမံအောက်မှဘယ်လ်ဂျီယံနိုင်ငံအတွက်အတည်ပြုထားသည့် စီမံကိန်းများလည်းပါဝင်ကြောင်း၊ Catholic University of Leuven ၏ ပါမောက္ခဖြစ်သူက ဘယ်လ်ဂျီယံနိုင်ငံအနေဖြင့် ခိုင်မာ အား ကောင်းသည့် ပြည်သူ့ဘဏ္ဍာရေးစနစ်ကို အသက်သွင်းရန်နှင့် အခွန်စနစ် ပြုပြင်ပြောင်းလဲမှုကို အပြီးသတ်လုပ်ဆောင်ရန်လိုအပ်သည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကုန်ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်းခန့်မှန်းခြင်း
ကမ္ဘာ့ကုန်စည်ဈေးနှုန်းများမြင့်တက်နေမှုနှင့်အတူ ဘယ်လ်ဂျီယံနိုင်ငံ၏ စူပါမားကတ်များ၌ ၂၀၂၂ ခုနှစ်အစပိုင်းတွင် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများကပြောကြားခဲ့ ကြောင်း၊၂၀၂၀ ခုနှစ် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ကုန်ဈေးနှုန်း သိသာစွာမြင့်တက် ခဲ့ပြီးနောက် လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသုံးသူဈေးနှုန်း သိသာစွာ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ စားသုံးသူဈေးနှုန်း(Consumer prices)မှာ ပြန်လည်ကျဆင်းခဲ့ သော်လည်း ၂၀၂၂ ခုနှစ်တွင်မူ ဘယ်လ်ဂျီယံနိုင်ငံရှိ ကုန်စုံဆိုင်များ၌ ဈေးနှုန်းမြင့်တက်မှု ကြုံတွေ့ ရမည်ဟုခန့်မှန်းထားကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်းက ဂျုံ၊ သကြား၊ အသား၊နို့ထွက်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်ဆီအပါအဝင် အခြေခံစားကုန်များစွာသည် သိသာသောဈေးနှုန်းမြင့်တက်မှုများ ဖြစ် ပေါ်ခဲ့ပြီး အချို့ကုန်စည်များသည်(၁၇%) အထိ ဈေးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလတွင် ကမ္ဘာ့ စားသောက်ကုန် ဈေးနှုန်းမြင့်တက်မှုသည် (၄၀%)ခန့်ဖြင့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်ဟု ကုလသမဂ္ဂစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့အစည်း(FAO)က သတင်းထုတ်ပြန် ခဲ့ကြောင်း၊ စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာရသည့်အကြောင်းရင်း များစွာရှိနိုင်သည်ဟု Federation of the Belgian Food Industry မှ ပြောကြားထားပြီး ဥပမာအားဖြင့် ရာသီဥတု ကြောင့် ဘရာဇီးလ်နိုင်ငံ၏ ကော်ဖီ စိုက်ပျိုးထွက်ရှိမှုနှင့် ကနေဒါနိုင်ငံ၏ ဂျုံ စိုက်ပျိုးထွက်ရှိမှုတို့ အပေါ် ထိခိုက်ခဲ့ကြောင်း၊ ကပ်ရောဂါဖြစ်ပွားပြီးနောက် သက်ရောက်မှုများသည် စားသုံးသူများ၏ အလေ့အထကို သိသာစွာပြောင်းလဲစေနိုင်ခြင်းမရှိသော်လည်း ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့‌ဆောင် ရေးစနစ်တစ်ခုလုံးကို ကမောက်ကမဖြစ်စေကြောင်း၊ သင်္ဘောကွန်တိန်နာတစ်လုံးအတွက် သယ်ယူ ပို့ဆောင်ခသည် (၇)ဆမှ(၁၀)ဆအထိ မြင့်တက်လာခဲ့ကြောင်း၊ အချို့နိုင်ငံများက ၎င်းတို့၏ ကုန် ကြမ်းပစ္စည်းများကို ထိန်းသိမ်းထားသဖြင့် ကုန်ကြမ်းရှားပါးမှုကို ဖြစ်စေကြောင်း၊ ယခုနှစ်နွေရာသီ တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ရာသီဥတုဆိုးရွားခဲ့သဖြင့် သီးနှံများစိုက်ပျိုးထွက်ရှိမှု အားနည်းခဲ့ရာ ဥပမာ အားဖြင့် ဂျုံအထွက်ကျဆင်းမှုကြောင့် ဂျုံမှုန့်ဈေးတက်လာပြီး ပေါင်မုန့်တစ်လုံး၏ ဈေးနှုန်းမှာ ၂၀၂၂ ခုနှစ်တွင် ယူရို(၁၀)ဆင့်အထိ မြင့်တက်လာနိုင်ကြောင်း၊ ကုန်ကြမ်းရှားပါး၍ ကုန်ကြမ်းပစ္စည်း ဈေးတက်လာခြင်းကြောင့် ယခုနှစ်လက်ရှိအချိန်အထိ ဘယ်လ်ဂျီယံနိုင်ငံရှိ စားသုံးသူများအတွက် သိသာသောကုန်ဈေးနှုန်းမြင့်တက်မှုမဖြစ်လာသေးသော်လည်းကပ်ရောဂါအကျပ်အတည်း၏တွန်းပို့မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံရှိ စူပါမားကတ်များသည် ၂၀၂၀ ခုနှစ်ကတည်းက ဈေးနှုန်းမြင့်တက် သည့်အခြေအနေတွင် ရောက်ရှိနေပြီးဖြစ်သည်ကို သတိပြုသင့်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ဘရာဇီးနိုင်ငံ
ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ၂၀% နီးပါးမြင့်တက်ခြင်း
Mato Grosso ပြည်နယ်ရှိ သီးနှံစိုက်ခင်းများ၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များနှင့် ပတ်သက်သည့် လေ့လာမှုစာတမ်းအား စက်တင်ဘာလ ဒုတိယအပတ်တွင် ထုတ်ပြန်ကြေငြာခဲ့ရာ သီးနှံစိုက်ပျိုးသော ရာသီချိန်ဖြစ်သည့် ၂၀၂၁ ခုနှစ် ၊ ဇူလိုင်လတွင်ဖြစ်ပေါ်သည့် စိုက်ပျိုးစရိတ်များ နှင့် ၂၀၂၀ ပြည့်နှစ်ကာလတူတွင် ကုန်ကျခဲ့သည့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ၏ နှိုင်းယှဉ်တွက် ချက်မှုအား ထည့်သွင်းဖော်ပြထားကြောင်း၊ ၂၀၂၀ -၂၀၂၁ ခုနှစ် ရာသီချိန်တွင် ပဲပုတ်စေ့ စိုက်ပျိုး ထုတ်လုပ်မှုနှင့် တင်ပို့မှုအတွက် စုစု‌ပေါင်းကုန်ကျစရိတ်သည် ၁ ဟက်တာလျှင် ဘရာဇီးလ်ဟဲရာ (၃၃၄၇.၉၁)ကုန်ကျခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံရာသီချိန်တွင် ၁ ဟက်တာကုန်ကျစရိတ်သည် (၃၉၇၈.၂၁) သို့ မြင့်တက်ခဲ့သဖြင့် ယခင်နှစ်ထက် (၁၈.၈၃%) ပိုမိုမြင့်တက်ခဲ့ကြောင်း၊ မြေငှားစရိတ် များမြင့်တက်မှုသည် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု စာတမ်းတွင်ဖော်ပြထားကြောင်း၊၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေးနည်းပညာ အကူအညီ ရယူမှုအတွက် ၁ ဟက်တာလျှင် ၂၉.၅၈ ဟဲရာမှ ၄၂.၈၈ ဟဲရာသို့ မြင့်တက်ခဲ့သဖြင့် ၄၂.၈၈ % ပိုမို မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လစိုက်ပျိုးရာသီချိန်တွင် ၂၂.၀၆ ဟဲရာသာ ကုန်ကျခဲ့သည်ဟု လေ့လာမှုစာတမ်းတွင်ဖော်ပြထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ဘရာဇီး စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တောင်အာဖရိကနိုင်ငံ
စားသောက်ကုန်များတွင် မှားယွင်းသောအမှတ်အသားများ ကပ်နှိပ်ထားမှုကို စုံစမ်းစစ်ဆေးမည်
တောင်အာဖရိကနိုင်ငံစိုက်ပျိုးရေး၊မြေယာပြုပြင်ပြောင်းလဲရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ဈေးကွက်အတွင်း စိုက်ပျိုးရေးဆိုင်ရာကုန်ပစ္စည်းများ စံချိန်စံညွှန်းဥပဒေ ၁၉၉၀ အရ အစားအသောက်များတွင် စားသုံးသူများအား လွဲမှားသောအချက်အလက်များကို ပေးစေသည့် အမှတ်တံဆိပ်များကပ်နှိပ်သုံးစွဲနေမှု ရှိ /မရှိ စစ်ဆေးသွားနိုင်ရန် စစ်ဆေးရေးအဖွဲ့များကို သတ်မှတ် ဆောင်ရွက်သွားမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်၍ ထိုသို့စစ်ဆေးရာ၌ ၂၀၂၀ ပြည့်နှစ် တွင် အစားအသောက်လုံခြုံမှုနှင့် အရည်အသွေးသေချာစေရေးဌာနနှင့် ကုန်သွယ်‌ရေး ၊ စက်မှုနှင့် ယှဉ်ပြိုင်မှုဌာနတို့အကြား သဘောတူညီထားသည့် ကုန်အမှတ်အသားဥပဒေ ၁၉၉၃ အရ လိုက်နာ ရမည့် ကုန်အမှတ်အသားနှင့် အမှတ်တံဆိပ်ဆိုင်ရာ လိုက်နာစစ်ဆေးမှုများကို စစ်ဆေးသွားမည် မဟုတ်သော်လည်း စိုက်ပျိုးရေးဌာနအနေဖြင့် လွဲမှားစေသည့် ကုန်အမှတ်အသားနှင့် ကုန်ပစ္စည်း အသုံးပြုမှုလမ်းညွှန်ချက်များနှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုများကို လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ထိုသို့ညွှန်ကြားချက်ထုတ်ပြန်ထားမှုကို ‌တောင်အာဖရိက ပျားလုပ်ငန်းအသင်း ဥက္ကဋ္ဌ က ကြိုဆိုကြောင်း၊ ပျားလုပ်ငန်းမှ နှစ်စဉ် ရန်း(၄)ဘီလီယံအထိ ဝင်ငွေရှာပေးလျှက်ရှိရာ လုပ်ငန်း၌ အဓိကကြုံတွေ့နေရသည့်ပြဿနာမှာ ပျားရည်အတုများဈေးကွက်၌ ရှိနေခြင်းဖြစ်၍ စစ်ဆေးသူများအနေဖြင့် သံသယရှိသော ပျားရည်များကို စစ်ဆေးပေးနိုင်ပါက ပြည်တွင်း ပျားထုတ် လုပ်မှုလုပ်ငန်းကို ကာကွယ်ပေးရာရောက်ကြောင်း၊ ဈေးကွက်၌ ပျားရည်အတုများ ပမာဏမည်မျှ ရှိနေသည်ကိုလည်း ဌာနမှသုတေသနပြုလုပ်ပေးရန်တောင်းဆိုထားကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ပရီတိုးရီးယားမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)