Main menu

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံ
ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး အခြေခံဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ခြင်း
၁။ အိန္ဒိယဝန်ကြီးချုပ် ဉီး‌ဆောင်သည့် အစိုးရဝန်ကြီးအဖွဲ့ စီးပွားရေးရာကော်မတီသည် ၂၀၂၁ ခုနှစ် ဆောင်းရာသီ၌ စိုက်ပျိုးပြီး ၂၀၂၂-၂၀၂၃ ဈေးကွက်ရာသီတွင်ရောင်းဝယ်မည့် သီးနှံများ အား ထုတ်လုပ်မှုတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်မှုအဖြစ် တောင်သူလယ်သမားများ ထံမှ အနိမ့်ဆုံးထားဝယ်ယူပေးမည့် သီးနှံအလိုက် အခြေခံရည်ညွှန်းဈေးနှုန်းများ(MSP) တိုးမြှင့် သတ်မှတ်ခြင်းကို ၈-၉-၂၀၂၁ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းထုတ်ပြန်ချက်တွင် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံဈေးကွက်ရာသီ၌ ရောင်းဝယ်မည့်အဓိကသီးနှံ(၆)မျိုး၏ MSP ဈေးနှုန်း အား တိုးမြှင့်မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ/အသုံး အစီရင်ခံစာ၌ ကြေငြာချက်နှင့်အညီဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့တိုးမြှင့်မှုသည်တောင်သူလယ်သမားများအတွက် ၎င်းတို့၏ထုတ်ကုန်များအပေါ်ဈေးကောင်းရရှိရန် ခိုင်မာသေချာစေမည်ဖြစ်ကြောင်းသိရှိရပါသည်။ ၂။ ဆူးပန်းဆီ ကဲ့သို့သော သီးနှံများအပေါ် သိသာစွာဈေးနှုန်းမြှင့်တင်ပေးမှုသည် သီးနှံမျိုးစုံ ဖြန့်ကျက်စိုက်ပျိုး ထုတ်လုပ်မှုကိုအားပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်‌ ဆောင်းရာသီတွင် စိုက်ပျိုးမည့် အဓိကသီးနှံများအနက် ဈေးကွက်လိုအပ်ချက် မြင့်မားပြီး လက်ရှိ ကာလတွင် ဈေးနှုန်းများမြင့်တက်လျှက်ရှိသော ပဲနီ‌လေး၏ MSPဈေးနှုန်းအား (၁၀၀)ကီလိုဂရမ် လျှင် (၅၅၀၀) ရူပီး သတ်မှတ်ခဲ့သဖြင့် ယခင်နှစ်ဈေးနှုန်းထက် ရူပီး‌‌ငွေ(၄၀၀)ပိုမိုလာပြီး ယခုနှစ် ပဲနီလေး ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃၀၇၉)ရူပီးဖြစ်၍ တောင်သူများအတွက် ထုတ်လုပ်မှုအပေါ် ၇၉% ခန့် ရရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စားသုံးဆီထုတ်လုပ်မှုကို အထောက်အကူပြုမည့် လုပ်ဆောင်မှုအဖြစ် ဆီမုံညင်း MSP ဈေးနှုန်းကိုလည်း ယခင်နှစ်ဈေးနှုန်းထက် ရူပီးငွေ(၄၀၀)ပိုမို၍ (၅၀၅၀) ရူပီး နှုန်းသို့တိုးမြှင့်ခဲ့ရာ ထုတ်လုပ်မှုအပေါ် ဝင်ငွေ(၁၀၀%)အထိ ရရှိစေမည်ဖြစ်ကြောင်း၊ ဆူးပန်းဆီစေ့ MSP ‌ ဈေးနှုန်းမှာ ယခင်နှစ်၌ (၅၃၂၇)ရူပီးမှ ယခုနှစ်တွင် (၅၄၄၁)ရူပီးသို့ တိုးမြင့်လာ ခဲ့သော်လည်း တောင်သူလယ်သမားအချို့ကမူ လွန်ခဲ့သောလအနည်းငယ်ကာလကပင် ဈေးနှုန်းများ ဖောင်းပွမှုမှာ (၆%)ကျော်မြင့်တက်ခဲ့ရာ လက်တွေ့လုပ်ငန်းခွင်၌ ထိရောက်မှုမရှိဟုဝေဖန်ခဲ့ကြ ကြောင်း၊ လယ်သမားသမဂ္ဂ ခေါင်းဆောင်ဖြစ်သူက ပကတိမြေပြင်၌ ၂၀၂၁-၂၀၂၂ ခုနှစ် ဈေးကွက် ရာသီများအကြား ဂျုံစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်လာမှုနှုန်းမှာ အစိုးရကပြင်ဆင် သတ်မှတ်ပေးသည့် MSP ဈေးနှုန်းတိုးမြှင့်မှုနှုန်းထက် မြင့်မားလျှက်ရှိကြောင်းနှင့် အစိုးရက ဝယ်ယူ ပေးသည့် သီးနှံပမာဏသည် စုစုပေါင်းထုတ်လုပ်မှု၏ သေးငယ်သော အစိတ်အပိုင်းမျှသာဖြစ်ရာ တောင်သူလယ်သမားများအပေါ် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိကြောင်း ပြောကြားခဲ့ပြီး ဗဟိုအစိုးရအနေဖြင့် ဂျုံစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အား စိုက်ပျိုးရေးတက္ကသိုလ်များက မည်ကဲ့သို့ ခန့်မှန်းတွက်ချက်သည်ကို အများသိအောင်ဖော်ပြသင့်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- နယူးဒေလီမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံ
အာရှဈေးကွက်သို့ ထောပတ်သီးတင်ပို့ခြင်း
၃။ ဩစတြေးလျ စိုက်ပျိုးထုတ်လုပ်သူများသည် ထောပတ်သီး အလျှံအပယ် ထွက်ရှိသော ရာသီမတိုင်မီ ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ရေကြောင်းမှတစ်ဆင့် အာရှဈေးကွက်သို့ စတင် တင်ပို့လျှက်ရှိနေပြီး နိုင်ငံအဝှမ်းတွင် ထောပတ်သီးထုတ်လုပ်မှု ၆၀% တိုးတက်နိုင်သည်ဟု ခန့်မှန်း ထားကြောင်း၊အနောက်ဩစတြေးလျနှင့်ကွင်းစလန်ပြည်နယ်များမှတင်ပို့သူများသည် ထောပတ်သီး များကို အအေးခန်းကွန်တိန်နာများဖြင့် အရှေ့တောင်အာရှနှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျှက်ရှိပြီး ပို့‌ဆောင်ရာတွင် Controlled Atmosphere Technology အသုံးပြုထားသဖြင့် ရက်ပေါင်း၂၀-၃၀ ကြာသော်လည်း လတ်ဆတ်သည့်အခြေအနေရှိကြောင်းသိရှိရပါသည်။
၄။ ထိုသို့ စမ်းသပ်တင်ပို့မှုသည် များစွာသောထောပတ်သီး စတင်စိုက်ပျိုးထုတ်လုပ်သူများ အတွက် နိုင်ငံတကာ စားသုံးသူများထံသို့ ရောက်ရှိစေမည့်အခွင့်အရေးဖြစ်ပြီး ဩစတြေးလျ ဈေး ကွက်အတွင်း ထောပတ်သီးစုပုံနေခြင်းမှ ရှောင်ကြဉ်နိုင်မည့်အခွင့်အရေးဖြစ်ကြောင်း၊ အစဉ်အလာ အားဖြင့် ဩစတြေးလျနိုင်ငံ ထောပတ်သီးထွက်ရှိမှု၏ ၉၅%ကို ပြည်တွင်းစားသုံးလေ့ရှိသော်လည်း ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍအတွက် ရေရှည်တွင် ပို့ကုန်တင်ပို့မှုကဏ္ဍမှာ များစွာအရေးပါကြောင်း၊ ဥယျာဉ်ခြံအသစ်များ တည်ထောင်ခြင်းဖြင့် နောင် (၅)နှစ်အတွင်း ထုတ် လုပ်မှုစဉ်ဆက်မပြတ် တိုးတက်လာနိုင်သည့်အပြင် ပြည်တွင်းဈေးကွက်အပေါ် ဖိအားများ ပိုမို မြင့်တက်လာစေသောကြောင့် ပို့ကုန်အဖြစ်တင်ပို့မှုက အရေးပါကြောင်း၊ ယခုနှစ်အတွင်း အနောက် ဩစတြေးလျရှိ ပထမဆုံးအကြိမ် တင်ပို့သူများထံမှ ထောပတ်သီးတင်ပို့မှုကို ၅၀% ကျော် တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး သင်္ဘောတင်ပို့မှုလုပ်ငန်းစဉ်အတွက် အထောက်အကူပြုနိုင်ရန် အနောက် ဩစတြေးလျရှိ Manjimup တွင် ဩစတြေးလျ ဒေါ်လာ ၁ သန်းတန်ဖိုးရှိ sealed cold-docking facility ကိုလည်း တည်ထောင်ထားကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့မည်ဖြစ်ကြောင်းသိရှိရပါသည်။
(ရင်းမြစ်- ကင်ဘာရာမြို့၊ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ
ပြောင်းထွက်ရှိမှု မြင့်တက်ရန်ခန့်မှန်းထားခြင်း
၅။ တောင်အာဖရိကနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်သူများက ၂၀၂၀-၂၀၂၁ ခုနှစ် ရာသီ သည် ယခင်နှစ်ရာသီနှင့်နှိုင်းယှဉ်လျှင် စိုက်ပျိုးမြေဧရိယာ ပိုမိုစိုက်ပျိုးနိုင်ခြင်းနှင့် ရာသီဥတု ကောင်း မွန်မှုကြောင့် အထွက်နှုန်း ပိုမိုတိုးတက်နိုင်မည်ဟုခန့်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ်အတွက် (၇) ကြိမ်မြောက် သီးနှံခန့်မှန်းရေးကော်မတီ၏ ပြောင်းထုတ်လုပ်မှု ခန့်မှန်းချက်သည် အနည်းငယ် လျော့နည်းနိုင်ကြောင်း၊ ပြောင်းထုတ်လုပ်မှုခန့်မှန်းချက်သည် ယခုနှစ်တွင် တန်ချိန် ၁၆.၂၃၃ သန်း အထိ ထုတ်လုပ်နိုင်ရန် ခန့်မှန်းထားရာ ပြောင်းသီးနှံသည် ဒုတိယမှတ်တမ်းတင် အများဆုံး ထုတ် လုပ်နိုင်သည့်သီးနှံအဖြစ် ရပ်တည်နေကြောင်း၊ ပြောင်းစိုက်ပျိုးထွက်ရှိသည့် ပြည်နယ်(၃)ခုမှာ Mpumalanga ၊Free State နှင့် North West တို့ဖြစ်ပြီး အဆိုပါပြည်နယ်များမှ ၂၀၂၁ ခုနှစ်ရာသီ အတွက် ၈၄%အထိ ထွက်ရှိနိုင်ရန် ခန့်မှန်းထားကြောင်း၊ ပြောင်းဖြူအမျိုးအစားစိုက်ပျိုးမှု ဟက်တာ (၁.၆၉၂)သန်းနှင့် ထွက်ရှိမှုမှာ တစ်ဟက်တာလျှင်(၅.၁၈)တန်ခန့်ရှိနိုင်ပြီး ပြောင်းဝါစိုက်ပျိုးမှု ဟက်တာ (၁.၀၆၄)သန်းနှင့် ထွက်ရှိမှုမှာ တစ်ဟက်တာလျှင် (၇.၁)တန်ခန့်ထွက်ရှိနိုင်ကြောင်း၊ သီးနှံခန့်မှန်းရေးကော်မတီက စီးပွားဖြစ်မဟုတ်သော စိုက်ပျိုးရေးကဏ္ဍတွင် ပြောင်းစိုက်ပျိုးမှုသည် ယခင်က ဟက်တာ(၂၉၇၄၆၀)သာရှိသော်လည်း ယခုရာသီတွင်ဟက်တာပေါင်း(၃၆၂၉၀၀) စိုက်ပျိုး နိုင်ခဲ့သည့်အတွက် (၂၂%)အထိ တိုးမြင့်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နေကြာပန်းစေ့ စိုက်ပျိုးထုတ်လုပ်မှု ခန့်မှန်းချက်အနေဖြင့် ပြောင်းလဲမှုမရှိဘဲ တန်ချိန်(၆၇၇၂၄၀)ထွက်ရှိနိုင်ပြီး ပဲပုတ်ပဲအတွက် ခန့်မှန်း တန်ချိန်(၂၇၇၀၀)ခန့် လျော့နည်းထွက်ရှိနိုင်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်-ပရီတိုးရီးယားမြို့၊ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)