Languages

Main menu

ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

စင်ကာပူနိုင်ငံ

ချေးငွေပြန်ဆပ်ရန် အခက်အခဲရှိနေသာ SMEs နှင့် လူပုဂ္ဂိုလ်များအတွက် ကူညီပေးမည်ဖြစ်ခြင်း

၁။      Covid-19 ကပ်ရောဂါဂယက်ရိုက်မှုကြောင့် ငွေ‌ရေးကြေးရေးပိုင်းဆိုင်ရာအခက်အခဲများအား ရင်ဆိုင်ကြုံတွေ့နေရသည့်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်တစ်ဉီးချင်းအတွက် ၎င်းတို့၏ချေးငွေများအပေါ် အရစ်ကျပေးဆပ်ရသောပမာဏကို လျှော့ချပေးခြင်း၊ ချေးငွေပြန် လည်ပေးဆပ်ရမည့် ကာလကို နောက်ဆုတ်ပေးခြင်းကဲ့သို့သော အထောက်အကူပြုရေးအစီအစဉ်များကို အချိန်တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း၊၂၀၂၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အဆိုပါအထောက်အကူပြုရေးအစီအစဉ်သည် ချေးငွေရယူထားသူများမှ ကြုံတွေ့ရသည့်ငွေရေးကြေးရေးအခက်အခဲများအပေါ်သက်သာရာရစေခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း၊ တည်ဆဲ Covid-19 ကပ်ရောဂါထိန်းချုပ်ကန့်သတ်ချက်များကြောင့် အချို့မှာမတူညီသောအကျိုးသက်ရောက်မှုများဖြစ်ပေါ်လျှက်ရှိ၍ ချေးငွေအရစ်ကျပေးဆပ်ရသည့်ပမာဏ လျှော့ချနိုင်ရန်နှင့် ပေးဆပ်ရမည့်ကာလကို အချိန်ထပ်တိုးနိုင်ရန်အတွက် ငွေချေးသူများမှတင်ပြလျှောက်ထားနိုင်ခွင့်ကာလကို ၂၀၂၁ ခုနှစ်၊ ဇွန်လ(၃၀)ရက် နောက်ဆုံး သတ်မှတ်ထားခဲ့ရာမှ စက်တင်ဘာလ (၃၀)ရက်နေ့ထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း၊ ငွေချေးသူများ အနေဖြင့်  ချေးငွေလုပ်ငန်းများ ပြောင်းလဲဆောင်ရွက်လိုပါကလည်း ဒီဇင်ဘာလ(၃၁)ရက်နေ့ထိ တင်ပြ လျှောက်ထားနိုင်ကြောင်း၊ဤအစီအစဉ်နှင့်အကျုံးဝင်သည့်SMEs လုပ်ငန်းများ စာရင်းတွင်လေကြောင်း၊ လေယာဉ်တည်ဆောက်ရေး၊ ခရီးသွားလုပ်ငန်း၊ ဧည့်ခံကြိုဆိုရေး၊ ပြပွဲကျင်းပရေး၊ ဆောက်လုပ်ရေး၊ လိုင်စင်ရစားသောက်ဆိုင်လုပ်ငန်းများ၊သတ်မှတ်ချက်နှင့်ကိုက်ညီသည့်လက်လီရောင်းဝယ်ရေးလုပ်ငန်းများ၊အနုပညာနှင့်ဖျော်ဖြေရေးလုပ်ငန်းများ၊ကုန်းတွင်းပို့ဆောင်ရေးနှင့်ပင်လယ်ရေကြောင်း လုပ်ငန်း များပါဝင်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-စင်ကာပူနိုင်ငံ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

တရုတ်နိုင်ငံ

ဆိုးလ်မြို့သည် အာရှ၏အချက်အချာကျသည့်မြို့ဖြစ်လာခြင်း

၂။       ဩစတြေးလျ လက်မှုအနုပညာလုပ်ငန်းရှင်သည် လွန်ခဲ့သောနှစ်များမှစတင်၍ ဟောင်ကောင်‌ဒေသ၌ ၎င်း၏ပထမဆုံးပန်းချီအနုပညာပြခန်းကိုဖွင့်လှစ်ခဲ့ရာ အဆိုပါအချိန်ကာလက ဟောင်ကောင်ဒေသသည် အာရှဈေးကွက်၏ အချက်အချာကျသည့်ဒေသအဖြစ် ရပ်တည်လျှက်ရှိပြီး ပန်းချီအနုပညာပြခန်းများကို ဟောင်ကောင် ဒေသ၌သာဖွင့်လှစ်ရန် ဆန္ဒရှိသော်လည်း ယခုအခါကိုရီးယားသမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုးလ်မြို့မှာ ပန်းချီအနုပညာလုပ်ငန်းအတွက် ဈေးကွက်ရရှိကာ အောင်မြင်ကျော်ကြားလာသောကြောင့် ယခုနှစ်ဆောင်းဉီးရာသီမှစတင်၍ အာရှဒေသ၌၎င်း၏ပထမဆုံးအနုပညာပြခန်းခွဲကို ဆိုးလ်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လန်ဒန်မှအနုပညာလက်မှုလုပ်ငန်းရှင်မှလည်း ဆိုးလ်မြို့၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင်ကျင်းပမည့်ပြပွဲ၌ပါဝင်ပြသရန် ရေွးချယ်ထားကြသကဲ့သို့ လက်မှုအနုပညာလုပ်ငန်းရှင်အများစုမှာ မကြာ‌သေးမီနှစ်များမှစတင်၍ ဆိုးလ်မြို့၌ လက်မှုအနုပညာဆိုင်များ ဖွင့်လှစ်ရောင်းချလျှက်ရှိရာ ဆိုးလ်မြို့အနေဖြင့် နိုင်ငံတကာ လက်မှု အနုပညာဈေးကွက် ဖွံ့ဖြိုးတိုးတက် လာပါက ဟောင်ကောင်ဒေသအတွက် ဆန့်ကျင်ဖက်အခြေအနေဖြစ်ပေါ်လာနိုင်ကြောင်း၊၂၀၀၈ ခုနှစ် တွင် ဟောင်ကောင်ဒေသသည်  လက်မှုအနုပညာပြခန်း အမြောက်အများဖွင့်လှစ်နိုင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ၊ Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှ စတင်၍  နယ်စပ်ဂိတ်များပိတ်ထားရမှုနှင့်၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ပြဌာန်းခဲ့သည့်အမျိုးသားလုံခြုံရေးဥပဒေကြောင့် ယဉ်ကျေးမှုကဏ္ဍ၌ ရိုက်ခတ်မှုများရှိခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ စီးပွားရေးလုပ်ငန်း‌ဆောင်ရွက်မှုများ ခက်ခဲလာနိုင်ချေရှိသဖြင့် ဆိုးလ်မြို့နှင့် အာရှဒေသရှိအခြားသောမြို့ကြီးများ၌လုပ်ကိုင်ရန် စဉ်းစားလာကြ ကြောင်း၊ကိုရီးယားသမ္မတနိုင်ငံ၏ Korea wave၊ K pop၊ ကိုရီးယားရုပ်မြင်သံကြားအစီအစဉ်များ နှင့် ကိုရီးယားအစားအစာများကြောင့်  အာရှ၌ဧည့်သည်များလာရောက်လည်ပတ်မှုများသော အောင်မြင်ကျော်ကြားသည့်မြို့များထဲတွင် ဆိုးလ်မြို့သည်တစ်ခုအပါအဝင်ဖြစ်လာကြောင်း၊ ဟောင်ကောင်ဒေသသည်လည်း အားထုတ်ကြိုးပမ်းမှုများစွာရှိသောကြောင့် ဆိုးလ်မြို့အနေဖြင့် ဟောင်ကောင်ဒေသ၏နေရာ၌ အစားထိုးနိုင်ဉီးမည်မဟုတ်သေးကြောင်းသိရှိရပါသည်။

၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှု စံချိန်တင်သွားခြင်း

၃။      ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ပြောင်းတင်သွင်းမှုမှာ မြင့်တက်လျက်ရှိရာ တိရစ္ဆာန်အစာအဖြစ်အသုံးပြုရန်ဝယ်လိုအားမြင့်တက်လာသဖြင့် ဈေးနှုန်းလည်းမြင့်တက်လျှက်ရှိကြောင်း၊ ပြောင်းတင်သွင်းမှုတွင် ကမ္ဘာ့အများဆုံးဖြစ်သည့်တရုတ်နိုင်ငံ၏တင်သွင်းမှုမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် တန်ချိန် (၁.၈၅) မီလီယံမှ မေလ အတွင်း တန်ချိန် (၃.၁၆) မီလီယံသို့ မြင့်တက်သွားရာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် (၃၉၅.၃%) မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ပြောင်းတင်သွင်းမှုမှာ ၂၀၂၀-၂၀၂၁ ခုနှစ် တွင် မြင့်တက်သွားသောကြောင့် အနိမ့်ဆုံးအခွန်နှုန်း သတ်မှတ်ထားသော ပြောင်းတန်ချိန် (၇.၂) မီလီယံထက် ကျော်လွန်သွားကြောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ (၂၉) မီလီယံတန် တင်သွင်းနိုင်ရာ ပြောင်းသီးနှံတစ်မျိုးတည်း တင်သွင်းသူအတွက် ယခင်နှစ် တင်သွင်းမှုများနှင့် နှိုင်းယှဉ်လျှင် အများဆုံးဖြစ်နိုင်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံမှ ပြောင်းတင်ပို့မှုတန်ချိန် (၁၁)မီလီယံခန့်ရှိပြီဖြစ်ကြောင်း၊ ယခင်နှစ်က တရုတ်နှင့် အမေရိကန်နိုင်ငံ တို့အကြား ပထမအဆင့် ကုန်သွယ်မှုသဘောတူညီချက်အနေဖြင့် ကမ္ဘာ့ပြောင်းတင်ပို့မှု အများဆုံးဖြစ်သည့် အမေရိကန်နိုင်ငံမှ အမေ ရိကန်ဒေါ်လာ (၃၆.၅) ဘီလီယံတန်ဖိုးရှိ လယ်ယာထွက်ကုန်ပစ္စည်းများဝယ်ယူရန် တရုတ်နိုင်ငံမှ ကတိကဝတ်ပြုခဲ့ကြောင်း၊တရုတ်နိုင်ငံအနေဖြင့် တိရစ္ဆာန်အစာအတွက် တင်သွင်းသည့် ပြောင်းနှင့်ပဲပုပ် နှစ်မျိုး စလုံး၏ ဈေးနှုန်းမှာ မြင့်မားလျှက်ရှိရာ ပြောင်းတင်သွင်းမှုမှာ wheat ၊ sorghum၊  barley နှင့် paddy rice တို့ထက် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း၊ ပြောင်းတင်သွင်းမှုဈေးနှုန်း များစွာမြင့်မားနေလျှင် တိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ပြောင်းသီးနှံပါဝင်အသုံးပြုသည့်အချိုးကို လျှော့ချပြီး အခြားသောသီးနှံများကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြောင်းသီးနှံဈေးနှုန်းမြင့်တက်ခြင်းမှာ ဓါတ်မြေသြဇာဈေးနှုန်းမြင့်တက်ခြင်းနှင့် မြေယာကုန်ကျစရိတ် မြင့်တက်ခြင်းတို့ကြောင့်ဟု ပြောင်း အဓိကစိုက်ပျိုးသည့်တောင်သူလယ်သမားများမှတင်ပြခဲ့ကြောင်း၊ လယ်သမားများအား တိရစ္ဆာန်အစာများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်နှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သူများအနေဖြင့်လည်း ပြောင်းနှင့်ပဲပုတ်တို့ အသုံးပြု၍တိရိစ္ဆာန်အစာထုတ်လုပ်ခြင်းထက်အခြားသော သီးနှံအမျိုးမျိုးကိုအသုံးပြုပြီးထုတ်လုပ်ရန်တိုက်တွန်းထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ

စားသောက်ကုန်ဈေးနှုန်းမြင့်မားမှု ၄ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိခြင်း

၄။      တောင်အာဖရိကနိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်းသည် ဧပြီလတွင်(၄.၄%)သာရှိရာမှ  မေလတွင် (၅.၂%)သို့မြင့်တက်ခဲ့ကြောင်း၊ စားသောက်ကုန်နှင့်အချိုရည်ဈေးနှုန်းသည် မေလတွင် (၆.၇%)မြင့်တက်ခဲ့ကြောင်း၊ ဟင်းချက်ဆီဈေးနှုန်းကြီးမြင့်မှုသည် ဆီများဈေးနှုန်းကြီးမြင့်မှုတွင်  အဓိကပစ္စည်းဖြစ်ပြီး ဧပြီလတွင် (၁၆.၇%)သာရှိရာမှ မေလတွင်(၂၀%)သို့ မြင့်တက်ခဲ့ကြောင်း၊ တောင်အာဖရိက နိုင်ငံသည် ဟင်းရွက်ဆီနှင့်အစေ့အဆံဆီ အသားတင်တင်သွင်းနေရသည့်နိုင်ငံဖြစ်ပြီး အစေ့အဆံနှင့် ဟင်းသီးဟင်းရွက်ဆီ အဓိကထုတ်လုပ်သောနိုင်ငံများသည် ရိတ်သိမ်းထွက်ရှိမှု နည်းပါးသောကြောင့်  နိုင်ငံတကာသို့ ဆီ ထုတ်လုပ်ရောင်းချရမှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏အစားအစာနှင့်စိုက်ပျိုးရေး ဆိုင်ရာမူဝါဒဗျူရိုက စားဆီနှင့်အဆီများဈေးနှုန်းမြင့်တက်ရခြင်းသည် ပင်လယ်နက်ဒေသအတွင်းခြောက် သွေ့သောရာသီဥတုကြောင့် အဆိုပါဒေသတွင်စိုက်ပျိုးသော နေကြာနှင့်ပဲနှမ်းထွက်ရှိမှုကို ထိခိုက်ပြီး နှစ်စဉ် ထုတ်လုပ်မှုဆက်တိုက် ကျဆင်းကာ အပြည်ပြည် ဆိုင်ရာဈေးနှုန်းကို ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အသား‌ဈေးနှုန်းသည်လည်း  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင်  ၆% အထက်သာရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ မေလတွင်  ၈.၅% သို့ မြင့်တက်ခဲ့ကြောင်း၊ အနီရောင်အသားများ ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ က လယ်သမားများအနေဖြင့် တိရစ္ဆာန်များကို ပြန်လည် မွေးမြူနေ ရသည့်အချိန်ကာလဖြစ်သည့်အတွက်  တိရစ္ဆာန်များစွာသတ်ဖြတ်ခြင်းကိုမပြုနိုင်သောကြောင့် အသားရောင်းချမှုလျော့နည်းရခြင်းဖြစ်ကြောင်း၊ အနာဂါတ်ကာလတွင်  အသားများကိုပိုမိုထုတ်လုပ်နိုင်မည်ဟုမျှော်မှန်းနိုင်သော်လည်း ကမ္ဘာ့ဈေးနှုန်းမြင့်တက်နေမည့်အလားအလာကြောင့် ဈေးနှုန်းမြင့်တက်နေဦးမည်ဖြစ်ကြောင်း  သိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)