Main menu

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများ၏ ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

Powered by Drupal

တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက်  ပြောင်းဆံတင်သွင်းမှုအား နောင်လာမည့်ရာသီတွင် သုံးပုံတစ်ပုံကျော် ပိုမိုတင်ပို့ပေးနိုင်ရန် ပေကျင်းမြို့မှ အမေရိကန်နိုင်ငံအားကမ်းလှမ်းသည့်သတင်း

၁။      တရုတ်နိုင်ငံသည် ပြောင်းလိုအပ်ချက်များဖြည့်ဆီးနိုင်ရန်နှင့် ကမ္ဘာ့အများဆုံးပြောင်းဆံ တင်ပို့ ရောင်းချသည့်အမေရိကန်နိုင်ငံမှ ဝယ်ယူမှုအား အရှိန်မြှင့်တင်နိုင်ရန် နောင်လာမည့်ရာသီတွင် ပြောင်း တင်ပို့မှု သုံးပုံတစ်ပုံကျော် တင်ပို့ပေးနိုင်ရန်ကမ်းလှမ်းခဲ့မှုကို ၂၀.၆.၂၀၂၁ နေ့ထုတ် South China Morning Post သတင်းစာ၌ ရေးသားဖော်ပြထားပြီး တရုတ်နိုင်ငံသည် ယခုလအထိ ၂၀၂၁-၂၀၂၂ ခုနှစ် ပြောင်းရာသီအတွက် ပြောင်းတန်ချိန်(၉.၅)မီလီယံ မက်ထရစ်တန် ဝယ်ယူခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ မှစ၍  ကမ္ဘာတစ်ဝှမ်းမှ ပြောင်းတန်ချိန် (၂၆) မီလီယံတန် တင်သွင်းနိုင်ရန်  တရုတ်နိုင်ငံ အေဂျင်စီမှ မျှော်မှန်းထားကြောင်း၊ တရုတ်နိုင်ငံသည် ပြောင်းဆံဝယ်လိုအားမြင့်မားသည့် အဓိကရင်းမြစ် ဖြစ်ပြီး ပြောင်းဈေးနှုန်းမြင့်မားရန် တွန်းအားပေးလျှက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံ၌ ပူပြင်းခြောက်သွေ့ပြီး  သီးနှံထွက်ရှိမှုအခက်အခဲဖြစ်မှုကြောင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ  ပြောင်းဆံဝယ်ယူ ရခြင်းဖြစ်ကြောင်း၊ ချီကာဂိုဈေးကွက်၌ တရုတ်နိုင်ငံက ပြောင်းဝယ်ယူမှု မြင့်တက်လာသကဲ့သို့ ဂျုံနှင့်ပဲပုတ် ဝယ်ယူမှုမှာလည်း မြင့်တက်လာခဲ့ကြောင်း၊ ဈေးနှုန်းကျဆင်းမှုကြောင့် ဝယ်ယူသူများပိုမိုဝယ်ယူနိုင်ပြီး ၎င်း တို့၏ လိုအပ်ချက်ကို ပြည့်မီနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ပြောင်းဆံဈေးနှုန်း Flat Price ရရှိသောကြောင့်သာ နောင်လာမည့် ဆောင်းရာသီအတွက်လည်း ဝယ်ယူရန်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
ဟနွိုင်းနှင့်ကုန်သွယ်မှု ပိုမိုတိုးချဲ့ရန် တရုတ်သမ္မတမှ ပြောကြားခဲ့သည့်သတင်း

၂။       တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရပ်ဝန်း နှင့် ပိုးလမ်းမစီမံကိန်းအရ အဆင့်မြင့် အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ပိုမို ပူးပေါင်းဆောင်ရွက်ရန်ဗီယက်နမ်နိုင်ငံသမ္မတနှင့်တယ်လီဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်  နည်းဗျူဟာကျစွာဖြင့်ရေရှည်အတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကို ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးကို အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် Quad-an Indo Pacific ၏ အစည်းအဝေးသို့ တက် ရောက်ရန် ဗီယက်နမ်နိုင်ငံအား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ပေကျင်းမှ ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရန် ပိုမိုလိုလားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

အမေရိကန်နိုင်ငံသတင်း

အမေရိကန်နိုင်ငံ၏ အားလပ်ရက်ရုံးပိတ်ချိန်တွင် ချီကာဂိုစတော့ဈေးကွက် ပိတ်ထားခဲ့သဖြင့် ဘရာဇီးလ် ဈေးကွက်တွင် ပဲပုတ်စေ့များ အရောင်းအဝယ်အေးလျက်ရှိသည့်သတင်း

၃။      အမေရိကန်နိုင်ငံ၏အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့မှာ မေလ ၃၁ ရက်နေ့ဖြစ်သဖြင့် ချီကာဂို စတော့ဈေးကွက် ပိတ်ထားခဲ့ပြီး အရောင်းအဝယ်များ ရပ်နားထားခဲ့ခြင်းကြောင့် ဘရာဇီးလ်နိုင်ငံ သီးနှံ ဈေးကွက်တွင်လည်း ပဲပုတ်စေ့များ အရောင်းအဝယ်အေးခဲ့ကာ ဈေးနှုန်းကျဆင်းမှုများ ရှိခဲ့ကြောင်း၊ Passo Fundo(RS) ဈေးကွက်တွင်  ပဲပုတ်စေ့ ၆၀ ကီလိုတစ်အိတ်လျှင် ဘရာဇီးလ် ဟဲရာ(၁၇၀.၅၀)မှ (၁၆၈)သို့လည်းကောင်း၊ Missions Region ဈေးကွက်တွင်  ဟဲရာ (၁၆၉.၅၀)မှ (၁၆၇)သို့လည်းကောင်း၊ Rio Grande  ဈေးကွက်တွင် (၁၇၂.၅၀)မှ (၁၇၁.၅၀)သို့လည်းကောင်း ဈေးနှုန်းများ အသီးသီးကျဆင်းခဲ့ ကြောင်း၊ Parana ပြည်နယ် Cascavel ဈေးကွက်တွင်  ပဲပုတ်စေ့ (၁)အိတ်လျှင် ဘရာဇီးလ်ဟဲရာ (၁၆၉) ဖြင့် ဈေးငြိမ်နေခဲ့ပြီး Paranagua(PR)ဈေးကွက်တွင်  ပဲပုတ်စေ့ (၁)အိတ်လျှင် ဟဲရာ (၁၇၃)မှ (၁၇၂)သို့ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း၊ Rondonopolis(MT) ဈေးကွက်တွင် ဟဲရာ (၁၆၅.၅၀)ဖြင့်လည်းကောင်း၊ Dourados(MS)ဈေးကွက်တွင် ဟဲရာ(၁၆၁)ဖြင့် လည်းကောင်း၊ Rio Verde (GO)ဈေးကွက်တွင် ဟဲရာ(၁၆၅)ဖြင့်လည်းကောင်း ဈေးနှုန်းများတည်ငြိမ်စွာဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း၊၂၀၂၁ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၌ ချီကာဂိုစတော့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်၌ အမေရိကန် နိုင်ငံ သီးနှံစိုက်ပျိုးချိန်တွင်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်သတင်းများကြောင့် ဈေးကွက်အပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သကဲ့သို့ အမေရိကန်စိုက်ပျိုးရေးဌာန ပို့ကုန်စစ်ဆေးရေးနှင့် သီးနှံဖွံ့ဖြိုးတိုးတက် ရေး အပတ်စဉ်အစီရင်ခံစာ သတင်းထုတ်ပြန်ချက်ကလည်း စတော့ဈေးကွက်အပေါ် များစွာအကျိုးသက် ရောက်မှုရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံအပါအဝင် လက်တင်အမေရိကနိုင်ငံများ၏ သီးနှံဈေးကွက်သည် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်နှင့် ချိတ်ဆက်နေပြီး စတော့ဈေးကွက်၏ ပေါက်ဈေးများ အပေါ်မူတည်၍ အချိန်နှင့်အမျှ ဈေးနှုန်းများပြောင်းလဲလျှက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ အဓိကသီးနှံ များဖြစ်သည့် ပဲပုတ်စေ့၊ကော်ဖီစေ့နှင့် ကြံ(သကြား)တို့ကို နိုင်ငံတကာသို့တင်ပို့ရန်အတွက် ချီကာဂို စတော့ဈေးကွက်တွင် ရောင်းဝယ်မှုများ အဓိကပြုလုပ်လျှက်ရှိကြောင်း၊ဘရာဇီးလ်နိုင်ငံမှ ထွက်ရှိသည့်  အမဲသားနှင့် သီးနှံများ၏ ပြည်တွင်းနှင့်နိုင်ငံတကာဈေးနှုန်းများဖြစ်ပေါ်မှုသည် အာဂျင်တီးနားအပါအဝင် လက်တင်အမေရိကနိုင်ငံများ၊ အမေရိကန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် အခြားဈေးကွက်ဝင်နိုင်ငံများ၏ သီးနှံစိုက်ပျိုးရိတ်သိမ်းချိန်များ၌ ဖြစ်ပေါ်သည့် ရာသီဥတုအခြေအနေနှင့် စိုက်ပျိုးထုတ်လုပ်မှုတို့ အပေါ် ၌  များစွာမူတည်လျှက်ရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Brasilla စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံသတင်း

တောင်အာဖရိကနိုင်ငံ၏ စက်မှုလုပ်ငန်းများဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်နိုင်စေရန်အတွက်  ကုန်သွယ်မှုမူဝါဒထုတ်ပြန်ခဲ့သည့်သတင်း

၄။      ကိုဗစ်ရောဂါဖြစ်ပွားမှုမှ ပြန်လည်နိုးထပြီး ထုတ်လုပ်မှုပို့ကုန်များမြှင့်တင်ရန်၊ စက်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ပြည်တွင်းထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းတိုးတက်ရန် ရည်ရွယ်ချက်ဖြင့်  ကုန်သွယ်မှုမူဝါဒကို တောင်အာဖရိကနိုင်ငံ၊ ကုန်သွယ်မှု၊ စက်မှုနှင့်ယှဉ်ပြိုင်မှုဝန်ကြီးက ကြေငြာခဲ့ကြောင်း၊ အဆိုပါ မူဝါဒမှာ အလုပ်သမား၊ အမျိုးသမီးများနှင့် လူမှုပတ်ဝန်းကျင် အဖွဲ့အစည်းများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည့် စက်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရန် ကတိကဝတ်ပြုခြင်းဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံ၏ ကုန်သွယ်မှုသည် အာဖရိကတိုက်တစ်ခုလုံးသို့ ပူးပေါင်းပါဝင်နိုင်ရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံပေါင်းစုံကုန်သွယ်မှုစနစ်သို့ ဉီးဆောင်သွားနိုင်ရန်လည်းဖြစ်ပြီး အဓိကအားဖြင့် ကဏ္ဍပေါင်းစုံ ပါဝင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေရန်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမူဝါဒသည်  တောင်အာဖရိကနိုင်ငံ၏ စက်မှုစီးပွားရေးကို တိုးချဲ့နိုင်ရန်နှင့် အလုပ်အကိုင်သစ်များဖန်တီးပေးနိုင်သည့် အခြေအနေရှိရန် လိုအပ်ကြောင်း၊ ပို့ကုန်တင်ပို့နိုင်မှုသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေကြောင်း၊ ဝင်ငွေကောင်းမွန်သည့် အလုပ်အကိုင်ဖန်တီးပေးနိုင်ပြီး အမျိုးသမီးများနှင့် လူငယ်များပါဝင်သည့် ကဏ္ဍပေါင်းစုံ စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ကုန်သွယ်မှုမူဝါဒအသစ်မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ပြီး ပြည်တွင်းထုတ်လုပ်မှု စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်ရွယ်သကဲ့သို့ အာဖရိကတိုက် ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုတွင် တိုးတက်စွာပါဝင်နိုင်စေရန်လည်းဖြစ်ကြောင်း၊ အာဖရိကတိုက်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခန်းကဏ္ဍကို ကဏ္ဍအလိုက် အထူးစီမံချက်များနှင့် ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများတွင်လည်း ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်လျှက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ သတ္ထုထွက်ကုန်များ အဓိက တင်ပို့နေမှုအပြင် တန်ဖိုးမြှင့်စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် သဘောတူညီမှုများ ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း၊ အမေရိကန်နိုင်ငံသို့ တန်ဖိုးမြှင့်ထွက်ကုန်များတင်ပို့မှု ကျဆင်းနေမှုများကိုလည်း ကြိုးစားပြင်ဆင်သွားပြီး အနာဂတ်ကာလတွင် နိုင်ငံပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းအခြေခံ ကုန်သွယ်မှုစနစ်ကို အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ၏ စပျစ်သီးနှံ ကောင်းမွန်နေသည့် အခြေအနေသည် အပြည်ပြည်ဆိုင်ရာ ဝိုင် ဈေးကွက်သို့ ပိုမိုမြှင့်တင်နိုင်ရန်မျှော်မှန်းနိုင်သည့်သတင်း

၅။      တောင်အာဖရိကနိုင်ငံ ဝိုင်လုပ်ငန်းအတွက် ယခုနှစ် ဝိုင် ထုတ်လုပ်မည့် စပျစ်သီးနှံထွက်ရှိနိုင်မှု အခြေအနေ ကောင်းမွန်နေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဝိုင်ဈေးကွက်သို့ ပိုမို တိုးမြှင့်နိုင်မည့် အခြေ အနေရှိကြောင်း နိုင်ငံ၏ဝိုင်အသင်းကခန့်မှန်းထားကြောင်း၊ အသင်း၏ အမှုဆောင်အရာရှိချုပ်က ပြီးခဲ့ သောနှစ်များအတွင်း  ဝိုင် အရည်အသွေး ကောင်းမွန်ရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း၊ ဝိုင် တင်ပို့မှုပမာဏနှင့် တန်ဖိုးသည်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်စာရင်းများကို နှိုင်းယှဉ်ကြည့်လျှင် နှစ်စဉ်တိုးတက်လာသည်ကိုတွေ့ရှိနိုင်ကြောင်း၊ တောင်အာဖရိကနိုင်ငံ ဝိုင်လုပ်ငန်းသတင်းနှင့်စနစ်များ အဖွဲ့၏ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်တွင်  ဝိုင် ထုတ်လုပ်သည့် စပျစ်သီးနှံ(၁၄၆၁၅၉၉)တန် ထွက်ရှိနိုင် ကြောင်း၊ ထိုသို့ထွက်ရှိမှုနှုန်းသည် ပြီးခဲ့သော ရိတ်သိမ်းရာသီ ထွက်ရှိမှုထက်(၈.၉%) တိုးမြင့်ထွက်ရှိ နိုင်မည်ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ် တောင်အာဖရိကနိုင်ငံ ဝိုင် ရိတ်သိမ်းမှုအစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း တွင်ရှိသော ဝိုင်ချစ်သူများသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း ဝိုင်ထုတ်လုပ်သည့် စပျစ်သီးရာသီမှ ထွက်ရှိမည့် ကောင်းမွန်သည့်ဝိုင်များကို နှစ်ခြိုက်စွာ သောက်သုံးရန်မျှော်လင့်နေကြောင်း၊ စပျစ်သီး ရိတ်သိမ်းသည့် ရာသီတစ်လျှောက် ရာသီဥတုကောင်းမွန်မှုသည်လည်း စပျစ်သီးများ၏အရောင်နှင့်အရသာကို ပိုမိုဖွံ့ဖြိုး စေပြီး ရင့်မှည့်မှုကို ကြာရှည်စေခဲ့ကြောင်း၊ ပုံမှန်မဟုတ်သော ရာသီဥတုအေးမြမှုကြောင့်  ရိတ်သိမ်းမှုကို (၂)ပတ်နောက်ကျ၍ရိတ်သိမ်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် ဝိုင် စပျစ်ရိတ်သိမ်းမှုမှ အချိုရည်၊ သီးရည်အနှစ်၊ ဘရန်ဒီအတွက်ဝိုင်အရည်နှင့် ဝိုင်အတွက်ပေါင်းခံရည်များကို စပျစ်သီးတစ်တန်လျှင်ပျမ်းမျှ(၇၇၈) လီတာ နှုန်းဖြင့် လီတာသန်းပေါင်း(၁၁၃၆.၄)သန်းထုတ်လုပ်နိုင်ရန်မျှော်မှန်းထားကြောင်း၊ တောင်အာဖရိကနိုင်ငံ သည်  ယခင်နှစ် ဖေဖော်ဝါရီလမှစတင်၍  ယမကာရောင်းချမှုအား တားမြစ်ခဲ့မှုကြောင့်  ပြည်တွင်း ဝိုင် ရောင်းချရမှုပမာဏသည် ၂၀% သို့ ကျဆင်းခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် (၉) နိုင်ငံမြောက် ဝိုင် အများဆုံးထုတ်လုပ်သောနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပြီး ကမ္ဘာ့ဝိုင်ဈေးကွက်၏ (၄%) ကို ရယူထားသောနိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံသတင်း

ဘာရိန်းနိုင်ငံသို့ အိန္ဒိယသရက်သီးများတင်ပို့မှု စတင်ခြင်း

၆။      အိန္ဒိယနိုင်ငံအစိုးရသည် သစ်သီးဝလံကဏ္ဍမှ ပို့ကုန်များတိုးတက်ရေးကို တွန်းအားပေး ဆောင် ရွက်လျက်ရှိရာ နိုင်ငံအရှေ့ပိုင်းဒေသများ၌စိုက်ပျိုးထွက်ရှိသော သရက်သီးအမျိုးအစား ၁၆ ခုကို ဘာရိန်း နိုင်ငံသို့ တင်ပို့မှုစတင်နိုင်ခဲ့ကြောင်း    လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA)  သတင်းထုတ်ပြန်ချက်အရသိရှိရပြီး အာဏာပိုင်အဖွဲ့က ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံအတွင်း သမား ရိုးကျမဟုတ်သောဒေသများနှင့် ပြည်နယ်များမှထွက်ရှိသော သရက်သီးများအား ပြည်ပတင်ပို့မှု မြှင့်တင်ရန်အတွက် အင်တာနက်ကွန်ယက်မှ ရောင်းသူနှင့်ဝယ်သူ တွေ့ဆုံပွဲများနှင့် သစ်သီးဝလံပြပွဲများ အပါအဝင် အစီအမံများကို အစပြုဆောင်ရွက်ခဲ့ကြောင်း၊ မကြာသေးမီက ဂျာမဏီနိုင်ငံ ဘာလင်မြို့၌ သရက်သီးပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ အလားတူ ကိုရီးယားနိုင်ငံရှိ အိန္ဒိယကုန်သည် လုပ်ငန်းရှင်များ အသင်း (ICCK)၊ အိန္ဒိယသံရုံးတို့နှင့်ပူးပေါင်း၍ သရက်သီးပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ရောင်းသူ/ဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲ (Virtual Buyer Seller Meet) ကိုလည်း ကျင်းပနိုင်ခဲ့ကြောင်း၊ မေလဆန်းပိုင်း၌ အိန္ဒိယ တောင်သူလယ်သမား သမဝါယမလီမိတက် တစ်ခုဖြစ်သော  IFFCO Kisan SEZ  သည် အန္တရာ ပရာ‌ဒေ့ရှ်ပြည်နယ်မှ ထွက်ရှိသော ပထဝီဒေသဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြု လက်မှတ်ရ Banganapalli အမျိုးအစား အပါအဝင် သရက်သီး ၂.၅ တန်ကို တောင်ကိုရီးယားသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ ၎င်းသည် ယခုနှစ် သီးနှံရာသီအတွင်း သရက်သီး ၆၆ တန်ကို တင်ပို့ရန် တောင်ကိုရီးယားနိုင်ငံရှိ Meejaim လုပ်ငန်းစုနှင့် စာချုပ်ချုပ်ဆိုထားကြောင်း၊ ယခု အနောက်ဘင်ဂယ်ပြည်နယ်မှထွက်ရှိသည့် GI အသိအမှတ်ပြုလက်မှတ်ရ Khirsapati နှင့် Lakshmanbhog နှင့် ဘီဟာပြည်နယ်မှ စိုက်ပျိုးထုတ်လုပ် သော GI လက်မှတ်ရ Zardalu တို့အပါအဝင် သရက်သီး ၁၆ မျိုးကို ကောလ်ကတ္တားမြို့အခြေစိုက် DM Enterprises မှ ဘာရိန်းနိုင်ငံရှိ Al Jazeera Group ထံသို့ စတင်တိုးချဲ့ တင်ပို့နိုင်ခြင်းဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံ ပြည်နယ်အများအပြားတွင် သရက်သီးစိုက်ပျိုးထွက်ရှိပြီး ဥတာပရာ‌ဒေ့ရှ်၊ ဘီဟာ၊ အန္တရာ ပရာဒေ့ရှ်၊ တဲလန်ဂါနာနှင့် ကာနာတကာ ပြည်နယ်များသည် အဓိကထုတ်လုပ်တင်ပို့သည့် ဒေသများ ဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံ၌ သရက်သီးထုတ်ကုန်များအား APEDA ၌ မှတ်ပုံတင်ထားသည့် ထုပ်ပိုးပြုပြင်ရေး အလုပ်ရုံများ၌ သန့်စင်ပြုပြင်ပြီးမှ လတ်ဆတ်သရက်သီး၊ သရက်သီးဖျော်ရည်နှင့် သရက်သီးအခြောက် ဟူ၍ ပုံစံ ၃မျိုးဖြင့် ပြည်ပသို့တင်ပို့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသည် အိန္ဒိယ၏ သရက်သီး အဓိကတင်ပို့သော ဈေးကွက်များ ဖြစ် ကြောင်း သိရှိရသည်။

(ရင်းမြစ်-နယူးဒေလီမြို့၊စီးပွားရေးသံမှူးပေးပို့လာသည့်သတင်း)