Main menu

အခွန်စည်းမျဉ်းသစ်များဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူရေးပြင်ဆင်ဆောင်ရွက် နေသည့် အီးယူ

Powered by Drupal

COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် အီးယူ၏ စီးပွားရေးပြန်လည်နာလန်ထူရန်ကြိုးပမ်းမှုကို အထောက်အကူပြုမည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွန်စနစ်တစ်ရပ် အတွက် အစီအမံများကို ဥရောပကော်မရှင်က ချမှတ်ခဲ့ကြောင်း သိရပါသည်။ ဥရောပ ကော်မရှင်သည် ၂၁ ရာစုအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာအခွန် (Business Taxation for the 21st century) အမည်ရှိ Communication ကို ဥရောပပါလီမန်သို့ ၁၈-၅-၂၀၂၁ ရက် တွင် တင်သွင်းခဲ့ပါသည်။ ယင်းတွင် လာမည့်နှစ်များအတွင်း အီးယူအတွက် အခွန်ဘဏ္ဍာငွေ လုံလောက်စွာ ရရှိရေးနှင့် စီးပွားရေးပြန်လည်နာလန်ထူလာစေရေးဆိုင်ရာ ရေတို/ရေရှည် မျှော်မှန်းချက်များပါဝင်ပါသည်။
အီးယူ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာအခွန်စနစ်သစ်သည် ကမ္ဘာ့အခွန်စနစ် ပြုပြင် ပြောင်းလဲရေးအတွက် G20 နှင့် OECD တို့၏ ဆွေးနွေးချက်များကို ထည့်သွင်းစဉ်းစားလျက် ရေရှည်တည်တံ့၍ အလုပ်အကိုင်ပေါများသည့် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသော၊ အီးယူ၏ မဟာဗျူဟာမြောက်တံခါးဖွင့်ရပ်တည်ရေးမူဝါဒကို မြှင့်တင်ပေးနိုင်သော စီးပွားရေး လုပ်ငန်းဝန်းကျင်တစ်ရပ်ကို ဖန်တီးရန် ရည်ရွယ်ပါသည်။
အီးယူသည် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းအခွန်ဆိုင်ရာမူဘောင်အသစ် တစ်ရပ် ကို တင်သွင်းမည်ဖြစ်ပြီး၊ ယင်းမူဘောင်သစ်တွင် အီးယူဘုံဈေးကွက်အတွင်း ပို၍လုပ်သာ ကိုင်သာရှိသော စီးပွားရေးဝန်းကျင်တစ်ရပ်ဖန်တီးကာ အခွန်ဆိုင်ရာ အတားအဆီးများနှင့် စီမံအုပ်ချုပ်မှုဝန်ထုပ်ဝန်ပိုးများကို လျှော့ချဖယ်ရှားသွားမည်ဖြစ်သည်။ Business in Europe: Framework for Income Taxation (BEFIT) မူဘောင်ဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများအကြား အခွန်ဆိုင်ရာအခွင့်အရေးများ မျှတစွာခွဲဝေပေးမည့် ကော်ပိုရိတ်လုပ်ငန်းခွန်ဆိုင်ရာ စည်းမျဉ်း ဥပဒေတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ပါသည်။ BEFIT သည် အခွန်ဆိုင်ရာ ကြိုးနီစနစ်များကို ဖြတ်တောက်ခြင်း၊ လိုက်နာရမှုကုန်ကျစရိတ်များကို လျှော့ချခြင်း၊ အခွန်ရှောင်မှုအခွင့် အလမ်းများကို အနည်းဆုံးဖြစ်စေခြင်းတို့ဖြင့် အီးယူဘုံဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်များကို ပံ့ပိုးပေးနိုင်ပါသည်။
ဥရောပကော်မရှင်၏ အခွန်စနစ်သစ်အဆိုပြုချက်တွင် အီးယူ၌ လုပ်ငန်းလည်ပတ် နေသောကုမ္ပဏီကြီးများ၏ အခွန်နှုန်းထားများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု တိုးတက် လာစေရေး၊ အခွန်ရှောင်မှုတိုက်ဖျက်ရေးဆိုင်ရာ အစီအမံများ ပါဝင်ပါသည်။ ထို့ပြင် ကော်ပိုရိတ်လုပ်ငန်းခွန်ကိစ္စရပ်၌ ကုမ္ပဏီများ၏ ကြွေးမြီနည်းဖြင့်ဘဏ္ဍာငွေဖြည့်တင်းခြင်း (Debt Financing) နှင့် ငွေဖြစ်လွယ်မှုနည်းအရ ဘဏ္ဍာငွေဖြည့်တင်းခြင်း (Equity Financing) တို့ အကြားဘက်လိုက်မှုများကိုဖြေရှင်း၍ စီးပွားရေး ပြန်လည်နာလန်ထူရေးကို အထောက်အကူ ဖြစ်စေမည့် အစီအမံများကိုလည်း ထည့်သွင်းထားပါသည်။
အလားတူ အဆိုပါအခွန်စနစ်သစ်အဆိုပြုချက်တွင် အခွန်ဆုံးရှုံးမှုများကုစားရေး အကြံပြုချက်များကို ဖော်ပြထားပါသည်။ ၎င်းအရ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများအတွက် အခွန်ပြန်အမ်းငွေဆိုင်ရာဆောင်ရွက်ခွင့် (Loss carry-back) ကို အနည်းဆုံး ဘဏ္ဍာနှစ်တစ်နှစ်စာ ခွင့်ပြုမည်ဖြစ်ပါသည်။ ယင်းသို့ ခွင့်ပြုပေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို အထောက်အကူပြုနိုင်ပြီး အထူး သဖြင့် SMEs လုပ်ငန်းများအတွက် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ရှိ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
photo-credit