Main menu

အာရှဒေသနိုင်ငံများနှင့် တောင်ဖရိကနိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သတင်းများ

Powered by Drupal

ဂျပန်နိုင်ငံ

           ဂျပန်နိုင်ငံ၏ မတ်လအတွင်းက အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ နှုန်းထားအတိုင်းမပြောင်းလဲဘဲရှိနေကြောင်း၊ သို့သော် အလုပ်လက်မဲ့ဖြစ်နေသူ အရေအတွက် တိုးလာသည်မှာ ၁၃ လ ဆက်တိုက်ရှိနေကြောင်း၊ ၂၀၂၁  ခုနှစ်၊ မတ်လအတွင်း အလုပ်လက်မဲ့နှုန်းသည် ၂.၉% ရှိခဲ့ရာ ပြီးခဲ့သည့်ဖေဖော်ဝါရီလမှနှုန်းထားနှင့် အလားတူဖြစ်ကြောင်း၊ အလုပ်လက်မဲ့ဉီးရေသည် ၃၅၀,၀၀၀ မှ ၁.၉၄ သန်းထိတိုးလာခဲ့ခြင်းမှာ တစ်နှစ်နှင့်တစ်နှစ် လုပ်ငန်းဆောင်ရွက်ချက် အပြောင်းအလဲကြောင့် ပုံစံမတူသည့် အလုပ်လက်မဲ့နှုန်းတစ်ခုရှိနေခြင်းကို အဆိုပါကိန်းဂဏန်းက ညွှန်ပြနေသည်ဟု သုံးသပ်ကြကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယအကြိမ် အရေးပေါ်အခြေအနေချမှတ်လိုက်ခြင်းသည် အလုပ်သမားဈေးကွက်အပေါ် ဂယက်ရိုက်မှု အတိုင်းအတာတစ်ခုအထိသာရှိခဲ့ပြီး လက်ရှိအခြေအနေထက် တိုးတက်လာမည့် အခြေနေမရှိကြောင်း၊ အလုပ်ခန့်ထားမှုများအပေါ် ကိုရိနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုများရှိပြီး အလုပ်အကိုင်ရရှိနိုင်မှုသည်လည်း ကျဆင်းလာခဲ့ကြောင်းသိရှိရပါသည်။

အိန္ဒိယနိုင်ငံ

          အိန္ဒိယနိုင်ငံသည် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းနယ်ပယ်များစွာ၌ လိုအပ်သောသွင်းအားစု ကုန်ကြမ်းပစ္စည်းများ၏  အရင်းအမြစ်အဖြစ် တရုတ်နိုင်ငံအပေါ် အမှီပြုနေရမှုကို လျှော့ချနိုင်ရန်အတွက် အိန္ဒိယ-ဂျပန်-ဩစတြေးလျ သုံးနိုင်ငံပါဝင်သည့် Supply Chain Resilience Initiative (CSRI)ဟု ခေါ်ဆိုသည့် ကုန်ထုတ်လုပ်မှုကွင်းဆက်ခိုင်မာရေး အစပြုဆောင်ရွက်မှုအစီအစဉ်၌ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်း၊ ယခုအခါ ၎င်း၏အကျိုးစီးပွားလုံခြုံမှုအပေါ် တရုတ်နိုင်ငံမှ သွယ်ဝိုက်လွှမ်းမိုးမှုရှိမည်ကို စိုးရိမ်မကင်းဖြစ်သည့်အလျောက် အဆိုပါအစီအစဉ်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ပါဝင်ခွင့်ပြုရန် ဂျပန်နိုင်ငံ၏အဆိုပြုသတ်မှတ်ချက်အား အိန္ဒိယအစိုးရက ငြင်းပယ်ခဲ့ကြောင်း၊ အိန္ဒိယဌာနဆိုင်ရာ အရာရှိများ၏ပြောဆိုမှုကို ကိုးကားလျှက် Economic Times သတင်းဌာနက ဖော်ပြရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် လတ်တလောကာလ၌ အဆိုပါ CSRI အစပြုအစီအစဉ်၌ အာဆီယံနိုင်ငံများပါဝင်ရန် လိုလားမှု မရှိကြောင်း၊ အာဆီယံအဖွဲ့မှတဆင့် တရုတ်နိုင်ငံ၏ ဩဇာသက်ရောက်မှုရှိနိုင်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အိန္ဒိယသည် CSRI ၌ အာဆီယံအဖွဲ့ ပါဝင် ခွင့်ပြုရေးကို နောက်ပိုင်းကျမှသာ လေ့လာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ ကနဉီး အဆို ပြုချက်အရ အိန္ဒိယ-ဂျပန်-ဩစတြေးလျ သုံးနိုင်ငံပါဝင်သည့် CSRI အစီအစဉ်သည် ၂၀၂၀ ပြည့်နှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၌ အဆိုပါ (၃)နိုင်ငံပေါင်း၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP သည် အမေရိကန်ဒေါ်လာ ၉.၃ ထရီလီယံရှိပြီး ကုန်စည် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၂.၇ ထရီလီယံနှင့် ဝန်ဆောင်ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၀.၉ ထရီလီယံရှိခဲ့ကြောင်း၊ လက်ရှိကာလ၌ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအတားအဆီးများကို ဖြေရှင်းနိုင်ရေးအတွက် အဆိုပါ(၃)နိုင်ငံသည် စက်မှုကုန်ထုတ်လုပ်မှုနယ်မြေများ ထူထောင်ရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပြီး ပင်လယ်ရေကြောင်းနှင့် လေကြောင်းပို့ဆောင်ဆက်သွယ်မှုများကို ပိုမို တိုးတက်ကောင်းမွန်စေရေးကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း၊ Economic Times သတင်းဌာန၏ ဖော်ပြချက်အရ သုံးနိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့်ရန်အလားအလာရှိသည့် ကုန်စည်အုပ်စုများအနက်မှ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စု(၁၀)ခုကို သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသတင်းများ

တရုတ်နိုင်ငံ၏ကောက်နှံအရန်သိုလှောင်မှုအားခိုင်မာသည့်အဆင့်၌ဆက်လက်ထိန်းထားနိုင်ဆဲဖြစ်သည့်သတင်း

          တရုတ်နိုင်ငံ၏ ဈေးကွက်သို့စားနပ်ရိက္ခာပံ့ပိုးရောင်းချပေးနိုင်စွမ်းမှာ ယေဘူယျအားဖြင့် ကောင်းမွန်နေပြီး ကောက်နှံအရန်သိုလှောင်မှုကိုလည်း ခိုင်မာသည့်အဆင့်၌ ဆက်လက်ထိန်းထားနိုင်ကြောင်း၊ စားနပ်ရိက္ခာဖူလုံမှု၏ အရေးပါသောအညွှန်းကိန်းဖြစ်သည့် ကောက်နှံအသုံးပြုရန် ကုန်လက်ကျန်အချိုး (stocks-to-use ratio of grain)မှာ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့အစည်းမှ သတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ သတိပေးအမှတ်၏ အထက်တွင်ရှိနေကြောင်း၊ အဓိကအမျိုးအစားများ ဖြစ်သည့် ဆန်နှင့် ဂျုံတို့မှာ တစ်နှစ်ကျော်ဝယ်လိုအားအတွက် ပြည့်မီကြောင်း၊ မြို့ကြီးများနှင့် အလယ်အလတ်မြို့တော်များတွင် ရက်ပေါင်း(၂၀)ကျော်စာ ကုန်ချောအဆင့် ကောက်နှံနှင့် ဆီထွက်ကုန်များ ရောင်းနိုင်စွမ်းရှိကြောင်း၊ ကုမ္ပဏီများ၏ ကုန်စည်သိုလှောင်နိုင်စွမ်းနှင့် အရန်ကုန်စည် သိုလှောင်မှုပုံစံများ အား အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်ထားခြင်းကြောင့် ကုမ္ပဏီများအနေဖြင့် အခက်အခဲများနှင့်ကြုံလာပါက မိမိတို့၏စည်းမျဉ်းစည်းကမ်းများဖြင့် ရင်ဆိုင်နိုင်စွမ်းရှိကြောင်း၊ မြို့ကြီးများအပြင် ကျေးလက်အိမ်ထောင်စုများနှင့် မြို့နေလူထုများ၏ ကောက်နှံသီးနှံသိုလှောင်နိုင်စွမ်းမှာလည်း တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၌ ဆောင်းဉီးရာသီ ကောက်နှံဝယ်ယူမှုလုပ်ငန်းများအား ချောမွေ့စွာ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ရာ ပြည်နယ်အစိုးရက အနိမ့်ဆုံးဝယ်ယူရမည့်ဈေးနှုန်းအား သတ်မှတ်ပေးသဖြင့် ၎င်းပြည်နယ်မှ လယ်သမားများ၏ အကျိုးအမြတ်များအား ကာကွယ်ပေးလျှက်ရှိကြောင်း၊  တရုတ်နိုင်ငံတွင် နွေရာသီစိုက်ကောက်နှံများမှာ တစ်နှစ်ပတ်လုံး ကောက်နှံထွက်ရှိမှု၏ လေးပုံတစ်ပုံခန့်သာ ရှိသော်လည်း အစိုးရဌာနများက ယခုနှစ်၏ဝယ်ယူမှုများအတွက် စတင်ပြင်ဆင်လျှက်ရှိကြောင်း၊ ဈေးကွက် ဝယ်လိုအားအပေါ် သုတေသနပြုရန် ကွမ်တုန်းပြည်နယ်ကဲ့သို့ ကောက်နှံအများအပြားစားသုံးသည့်ဒေသများသို့ ကျွမ်းကျင်သူများအားစေလွှတ်ထားပြီး ဝယ်ယူရေးလုပ်ငန်းများအပေါ် လမ်းညွှန်မှုပြုရန်အတွက် ရှန်တုန်းနှင့်ဟာနန်းပြည်နယ်များအပါအဝင် အဓိကထုတ်လုပ်နေသည့်ဒေသများရှိ လုပ်ငန်းအုပ်စုများအား ဝယ်ယူရေးအဖွဲ့များကို စေလွှတ်ထားပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် တရုတ်နိုင်ငံ၌ တိရစ္ဆာန်အစာ အတွက် ပြောင်းအသုံးပြုမှုသိသာစွာမြင့်တက်လာပြီး ဈေးနှုန်းများလည်း စံချိန်တင်မြင့်တက်လာကြောင်း၊ စားသုံးသည့် ဂျုံလိုအပ်ချက်မှာတစ်နှစ်လျှင် တန်ချိန် သန်း(၉၀)ခန့်ရှိပြီး ယခင်နှစ်အတွင်းက တရုတ်နိုင်ငံ မှ ဂျုံထုတ်လုပ်မှုမှာ တန်ချိန် (၁၃၄)သန်းဖြစ်ကာ ပြည်ပမှ တန်ချိန်(၈.၃၈)သန်း တင်သွင်းခဲ့ရပြီး ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သို့ဝင်ရောက်ခဲ့သော ၂၀၀၁ ခုနှစ်မှစ၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင်  ဂျုံစိုက် ဧရိယာနှင့် ရာသီဥတုအခြေအနေ ပိုမိုကောင်းမွန်သဖြင့် ဂျုံအထွက်နှုန်းပိုမိုမြင့်မားနိုင်ကြောင်း သိရှိရပါသည်။

အာဆီယံသို့ e-commerce ထောက်ပို့သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်မှုအား မြှင့်တင်သွားမည့်နန်နင်း

          ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့သည် ၎င်း၏နယ်စပ်ဖြတ်ကျော် e - commerce လုပ်ငန်းအတွက် တည်ဆောက်ထားသော ဘက်စုံသရုပ်ပြဇုန်အား တရုတ်- အာဆီယံ ကူးသန်းရောင်းဝယ်ရေးလမ်းကြောင်းသစ်အသွင် ပြောင်းလဲသွားရန်အတွက် နောင်လာမည့်(၅)နှစ်အတွင်း တည်ဆောက်ရေးစီမံကိန်း(၂၉)ခု တည်ဆောက်ရေးအား တွန်းအားပေး၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နန်နင်းမြို့သည် အာဆီယံနိုင်ငံများနှင့် အနီးကပ်ဆုံး တည်ရှိနေသည့် တရုတ်နိုင်ငံ၏ မြို့တော်ဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတည်ဆောက်ရေးတွင် အလေးထားသည့် e – commerce ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် စိတ်အားထက်သန်စွာ ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအနက် နယ်စပ်ဖြတ်ကျော် e – commerce အတွက် ဘက်စုံသရုပ်ပြဇုန် တည်ဆောက်ရေးလည်းပါဝင်ကြောင်း၊ ယခုအခါ နန်နင်းနှင့် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် e – commerce အတွက် ကုန်စည်သယ်ယူပို့ဆောင်ရေးစနစ်အား စတင်ပုံဖော်နေပြီဖြစ်ကြောင်း၊ နန်နင်း၏ နိုင်ငံခြားကုန်သွယ်ရေး၌ နယ်စပ်ဖြတ်ကျော် e – commerce မှာ ဖွံ့ဖြိုးမှုဒေါက်တိုင် အသစ်တစ်ခုဖြစ်လာကြောင်း၊ လက်ရှိအချိန်တွင် နန်နင်းမြို့မှ အာဆီယံနိုင်ငံများသို့ တိုက်ရိုက်လေကြောင်းပြေးဆွဲမှုပေါင်း (၂၃)လိုင်းရှိပြီး ဗီယက်နမ်နိုင်ငံ၏ ဟိုချီမင်းမြို့တော်၊ ဖိလစ်ပိုင်နိုင်ငံ၏ မနီလာမြို့တော်များနှင့် ကုန်သေတ္တာ လေယာဉ်များပြေးဆွဲလျှက်ရှိကြောင်း၊ နန်နင်းမြို့တွင် တည်ဆောက်သွားမည့် စီမံကိန်းများအနက် နန်နင်း-ဝူရှူး အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ပြည်တွင်းကုန်တင်လေဆိပ် ဒုတိယအဆင့် တည်ဆောက်ရေး  တရုတ်-စင်ကာပူ

အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးနေရာနှင့် အရှေ့တောင်အာရှအကြီးဆုံး e – commerce ဖြစ်သည့် Lazada ၏ နယ်စပ်ဖြတ်ကျော် တီထွင်ဆန်းသစ်မှုဝန်ဆောင်မှုစင်တာကဲ့သို့သော စီမံကိန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်  နန်နင်းမြို့သည် အဓိက တရုတ် e – commerce ကုမ္ပဏီကြီးများဖြစ်ကြသည့် Alibaba ၊ JD နှင့် SF Express တို့နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးအားတည်ထောင်ထားပြီး နန်နင်းဘက်စုံ သရုပ်ပြဇုန်အတွင်း၌ ကုမ္ပဏီပေါင်း (၈၀)ကျော် ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- နန်နင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံသတင်းများ

တောင်အာဖရိကနိုင်ငံတွင်လာမည့်လအနည်းငယ်အတွင်းကုန်ဈေးနှုန်းများတက်လာနိုင်ဖွယ်ရှိသည့်သတင်း

တောင်အာဖရိကနိုင်ငံတွင်စားသုံးသူဈေးနှုန်းမြင့်တက်မှုသည် တစ်နှစ်ပတ်လုံးအတွက် ဇန်နဝါရီလ တွင် ၃.၂ % ရှိရာမှ ၂.၉ % သို့နှေးကွေးလာကြောင်း၊ လစဉ်ကုန်ဈေးနှုန်းကြီးမြင့်မှုသည် ဇန်နဝါရီလတွင်  ၀.၃ % သာရှိရာမှဖေဖော်ဝါရီလတွင် ၃.၂% သို့တိုးတက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင်  ကုန်ဈေးနှုန်း မြင့်တက်ရသည့်အကြောင်းရင်းသည် စက်သုံးဆီဈေးမြင့်တက်မှုနှင့် ကျန်းမာရေးဆိုင်ရာ အာမခံဈေးနှုန်းများ မြင့်တက်မှုကြောင့်ဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံးမြင့်တက်မှုတွင် အသားများ၊ အိမ်ရာ၊ ရေ၊ လျှပ်စစ်မီး၊ ကားအသစ်များနှင့်ကျန်းမာရေးအာမခံဈေးနှုန်းများဖြစ်ကြောင်း၊ စီးပွားရေးပညာရှင်တစ်ဉီးက စားသုံးသူ ဈေးနှုန်းအညွှန်းကိန်းသည် လာမည့်လများအတွင်း  မြင့်တက်လာနိုင်ကြောင်း၊ ပြည်တွင်းအလုပ်သမား များ၏လစာများ ၂၂.၆% မြင့်တက်မှုနှင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုသည် မတ်လအတွင်း ဈေးနှုန်း မြင့်တက်ရသည့် အကြောင်းရင်းဖြစ်ကြောင်း၊ ဧပြီလမှစတင်၍ စားသောက်ကုန်နှင့်စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးသူဈေးနှုန်းအညွှန်းကိန်း ၅% အထိမြင့်တက်လာနိုင်ကြောင်း၊ အဓိက ဈေးနှုန်းပိုမိုမြင့်တက်နိုင်သည့် ကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ စက်သုံးဆီ၊ အရက်နှင့် ကားအသစ်များဖြစ်ကြောင်း၊ ၎င်းတို့အထဲတွင် ကျန်းမာရေးအာမခံဈေးနှုန်းသည် အိမ်အသုံးအဆောင်အသုံးစရိတ်၏ ၇.၆ % အထိအသုံးပြုနေရပြီး ဖေဖော်ဝါရီလတွင် ၄.၇ % အထိမြင့်တက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ရသည့် အဓိကအကြောင်းရင်းသည် တရုတ်နိုင်ငံမှ ကောက်ပဲသီးနှံ ဝယ်ယူမှုမြင့်တက်ခြင်း၊ စားအုန်းဆီရောင်းချသူများကြောင့် ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းမြင့်တက်ခြင်း၊ ကောက်ပဲသီးနှံများကို တိရစ္ဆာန်အစားအစာအတွက် များစွာအသုံးပြုနေခြင်းနှင့် ထိုသို့မြင့်တက်မှုကြောင့် အသားဈေးများမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာစက်သုံးဆီဈေးနှုန်းသည်လည်း ဝယ်လိုအား မြင့်တက်မှုကြောင့် ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း၊ ဖေဖော်ဝါရီလတွင် ကမ္ဘာ့ရေနံစိမ်းဆီဈေးနှုန်းသည် ၁၃.၃% အထိမြင့်တက်လာကြောင်း၊ စီးပွားရေးသုတေသနဗျူရို၏ သုံးသပ်ချက်အရ တောင်အာဖရိကနိုင်ငံ၏ စားသုံးသူဈေးနှုန်းအညွှန်းကိန်းမြင့်တက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၃.၉ %၊ ၂၀၂၂ ခုနှစ်တွင် ၄.၂ % နှင့် ၂၀၂၃ ခုနှစ်တွင် ၄.၄ %  အထိမြင့်တက်နိုင်သည်ဟု ခန့်မှန်းထားကြကြောင်းသိရှိရပါသည်။

တောင်အာဖရိကနိုင်ငံ၏ လိမ္မော်သီးအမြင့်ဆုံးတင်ပို့နိုင်ရေး ခန့်မှန်းချက်ထုတ်ပြန်သည့်သတင်း

          တောင်အာဖရိကနိုင်ငံ လိမ္မော်သီးမျိုးစုံစိုက်ပျိုးသူများအသင်းက  ၂၀၂၁ ခုနှစ်တွင် လိမ္မော်သီး တင်ပို့မှုသည် ယခင်လိမ္မော်သီးရာသီက တင်ပို့မှုများကို ကျော်လွန်၍ အမြင့်ဆုံးတင်ပို့နိုင်မှုအနေဖြင့် စက္ကူ ဖာပေါင်း ၁၅၈.၇ သန်းအထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းချက်ထုတ်ပြန်ခဲ့ကြောင်း၊ ခန့်မှန်းချက်ကို ပြည့်မီအောင်တင်ပို့နိုင်ပါက ၂၀၂၁ ခုနှစ်သည် တတိယမြောက် သုံးနှစ်ဆက်တိုက် အများဆုံးတင်ပို့နိုင်သည့်နှစ် ဖြစ်လာမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် စက္ကူဖာပေါင်း ၁၃၀ သန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် စက္ကူဖာ ပေါင်း ၁၄၆ သန်းတင်ပို့နိုင်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်တွင် ၂၂ % အထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ယခင်နှစ်တွင် လိမ္မော်သီးနှင့်သံပုရာသီး အနည်းငယ်အထွက် တိုးတက်ခဲ့ပြီး Valencia လိမ္မော်သီး ၅% နှင့် ရှောက်ချိုသီး ၁၆ % အထိ များစွာ အထွက်တိုးခဲ့ကြောင်း၊ ရှောက်ချိုသီးအပျော့ အမျိုးအစားထုတ်လုပ်မှု  ခန့်မှန်းချက်သည် ၂၀၂၁ ခုနှစ်အတွက် အများဆုံး စက္ကူဖာ ၃၀.၅ သန်းအထိ ထုတ်လုပ်နိုင်မည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်ထက် ၂၉ % မြင့်တက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မာန်ဒရင်းအမျိုးအစား လိမ္မော်သီး အနေဖြင့် ယခုနှစ်တွင် ၄၂ % တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း လိမ္မော်သီးအခွံပျော့အမျိုးအစားများ အဓိကထုတ်လုပ်သူများ အဖွဲ့ဥက္ကဋ္ဌက  Eastern Cape ပြည်နယ်တွင် မိုးခေါင်ရေရှား ဆက်တိုက် ဖြစ်ပေါ်မှုနှင့် အနောက်ဖက်ဒေသများတွင် မိုးများခဲ့ပါက ပို့ကုန်တင်ပို့နိုင်မှုအပေါ် ထိခိုက်နိုင်မှုရှိသည်ဟု ထောက်ပြထားကြောင်း၊ လာမည့်နှစ်လတ်သီးနှံ ခန့်မှန်းချက် (Medium-term Crop Estimate)အတွက် လိမ္မော်သီးအမျိုးအစား ထုတ်လုပ်မှုလုပ်ငန်းအနေဖြင့် တိုးတက်နိုင်မည့်အခြေအနေရှိပြီး လာမည့်(၃)နှစ် အတွင်း တန်ချိန်ပေါင်း(၃၀၀၀၀၀) အထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ အခွံပျော့လိမ္မော် သီးအမျိုးအစား၊ သံပုရာသီးနှင့် Valencia လိမ္မော်သီးများအတွက် ရောင်းချရမှုမှာ ရန်း (၆.၈)ဘီလီယံ ရှာဖွေနိုင်ပြီး လာမည့် (၃)နှစ်ကျော်အတွက်  အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၂၂၂၅၀)မျိုးအထိ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-တောင်အာဖရိကနိုင်ငံ၊ပရီတိုးရီးယားမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)