Main menu

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျနိုင်ငံနှင့် အာရှဒေသနိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ သတင်းများ

Powered by Drupal

ဘရာဇီးလ်နိုင်ငံ သတင်းများ

ပဲပုတ်စေ့တင်ပို့ခြင်းဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ဒုတိယပတ်အား စတင်ခဲ့သည့်သတင်း

        ပြည်တွင်းရှိ ဆီထွက်သီးနှံများအနက် ပဲပုတ်စေ့ဈေးကွက်သည် ၂၀၂၁ ခုနှစ် ၊ မတ်လ၏ ပထမ(၂)ပတ်တာကာလအတွင်း သတင်းကောင်းဖြင့်စတင်ခဲ့ကြောင်း၊ ဘရာဇီးလ်နိုင်ငံ အနေဖြင့် လက်ရှိကာလတွင် ပဲပုတ်တန်ချိန် (၅.၁၃၆)သန်း တင်ပို့ထားပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ ကာလတူ နှင့်နှိုင်းယှဉ်ပါက ၄ % တိုးတက်တင်ပို့ခဲ့ကြောင်း၊ ထိုသို့တင်ပို့ခဲ့သည့်ပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း တင်ပို့ခဲ့သည့်ပဲပုတ်တန်ချိန် (၁၀.၈၅)သန်း၏ ထက်ဝက်နီးပါးရှိကြောင်း၊ ရိတ်သိမ်းမှု များတိုးတက်လာခဲ့ပြီးနောက် ပြည်ပတင်ပို့မှုများပုံမှန်အခြေအနေသို့ ရောက်ရှိလာကြောင်း၊ မတ်လ လယ်တွင် ဘရာဇီးလ်နိုင်ငံပြည်တွင်းဈေးကွက်၌ ပဲပုတ်ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ဈေးနှုန်း ညွှန်းကိန်းသည် (၃.၃၁ %)သို့ မြင့်တက်ခဲ့ပြီး ဘရာဇီးလျားပြည်ထောင်စုနယ်မြေတွင် ပဲပုတ်စေ့ တစ် အိတ်လျှင် ဘရာဇီးလ်ဟဲရာ ၁၅၆ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ပြည်နယ်ဈေးကွက်တွင် ပဲပုတ်စေ့တစ်အိတ်လျှင် ဟဲရာ ၁၆၈ အထိ ဈေးပေါက်ခဲ့ပြီး ၁.၂၀ % ပိုမို တိုးတက်ခဲ့ကြောင်း၊ မတ်လလယ်တွင် နိုင်ငံခြားငွေ ဒေါ်လာတန်ဖိုးသည် ၁.၄၄ % မြင့်တက်ခဲ့ပြီး ပြည်တွင်းဈေးကွက်နှင့် ချီကာဂိုစတော့ဈေးကွက်တွင် ဆီထွက်သီးနှံဈေးနှုန်းများ အတက်ဘက်သို့ ဉီးတည်နေရာ ပဲပုတ်စိုက်တောင်သူများအနေဖြင့် စာချုပ်ဖြင့် ကြိုတင်ရောင်းချထားသောပမာဏ ကိုသာတင်ပို့လိုပြီး ရောင်းဝယ်မှုအသစ်ပြုလုပ်ရန် ဆန္ဒမရှိကြသကဲ့သို့ ပြည်တွင်း စိုက်ပျိုးထုတ်လုပ် သူများအနေဖြင့်လည်း ချုပ်ဆိုထားသောစာချုပ်များအတိုင်း လိုက်နာတင်ပို့နိုင်ရေးအတွက် သီးနှံ ရိတ်သိမ်းမှုများတွင်  မိုးအဆက်မပြတ် ရွာသွန်းနေမှုများကို စိုးရိမ်ပူပန်နေကြကြောင်း၊ ဆီထွက် သီးနှံများတွင် ရိတ်သိမ်းချိန်နောက်ကျခြင်းများ ဖြစ်ပေါ်လျှက်ရှိသော်လည်း ဧပြီလတွင် တင်ပို့နိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်း၊ ပဲပုတ်ဈေးကွက်များ ပိုမိုရှာဖွေရန်လိုအပ်ကြောင်း၊ မိမိတို့ ကြိုတင် ရောင်းချထားသည့် ပို့ကုန်များအတွက် ဆက်လက်တင်ပို့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မတ်လထိစာရင်းများအရ ပဲပုတ်စေ့ တန်ချိန် (၁၀)သန်းကျော်အား တင်ပို့ထားပြီးဖြစ်သဖြင့် ၂၀၂၀ ပြည့်နှစ် ကာလတူတွင် တင်ပို့ခဲ့သည့် ပဲပုတ်စေ့တန်ချိန် (၁၁.၆) သန်းအောက် လျော့နည်းလျှက် ရှိကြောင်း၊ တင်ပို့ခဲ့သည့်ပမာဏအနက် ပဲပုတ်စေ့တန်ချိန် (၈)သန်းသည် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ချီကာဂိုစတော့အိတ်ချိန်းဈေးကွက်တွင် ဆီထွက်သီးနှံများ၏ ဈေးနှုန်းများ မှာ အတက်ဖက်သို့ ဉီးတည်နေပြီး ကုန်သွယ်မှုညွှန်းကိန်းများသည် (၀.၂၅) အမှတ်မှ (၇.၇၅) အမှတ် သို့ မြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလအတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများမှာ မေလအတွင်း ပဲပုတ်စေ့တစ်စည်လျှင် (၁၄.၁၉)ဒေါ်လာနှင့် စက်တင်ဘာလတွင်  (၁၂.၈၉) ဒေါ်လာ တို့ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ USDA ကဝယ်ယူခဲ့သည့် ပမာဏအပေါ်မူတည်၍ ပဲပုတ် ဈေးနှုန်း များဖြစ်ပေါ်ကြောင်း၊ တောင်အမေရိကတိုက်ရှိနိုင်ငံများအနေဖြင့် ဖြစ်ပေါ်နေသည့် ရာသီဥတုများ အပေါ်တွင် သတိထားဆောင်ရွက်နေရာ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် ၂၀၂၁-၂၀၂၂ သီးနှံ စိုက်ပျိုးရာသီအတွက် ဆီထွက်သီးနှံများ စတင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေရသည့်အချိန်ဖြစ် ကြောင်းသိရှိရပါသည်။

တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် ပြောင်းနှင့် ပဲပုတ်စေ့ကုန်ကြမ်းအသုံးပြုမှု တရုတ်လျှော့ချသည့် သတင်း

          တိရစ္ဆာန်အစာထုတ်လုပ်ရာတွင်  ပြောင်းနှင့်ပဲပုတ်စေ့ကုန်ကြမ်းအသုံးပြုမှုကို လျှော့ချနိုင် ရေးအတွက် တရုတ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက ဉီးဆောင်လှုံ့ဆော်လျှက်ရှိကြောင်း၊ အဆိုပါ လှုံ့ဆော်မှုသည် ကမ္ဘာ့ကောက်ပဲသီးနှံကုန်သွယ်မှုအပေါ်တွင် ကြီးမားသောဆိုးကျိုးများ ရိုက် ခတ်နိုင်ကြောင်း၊ တိရိစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအစိုးရဌာနများ သို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပေးပို့သောအကြောင်းကြားစာတွင် ပြောင်းနှင့်ပဲပုတ်စေ့ နေရာ တွင် အစားထိုးအသုံးပြုနိုင်မည့် အခြားသီးနှံများနှင့်ပတ်သက်သော လမ်းညွှန်လက်စွဲစာစောင်ကို ၂၀၂၁ ခုနှစ် ၊ မတ်လကုန်တွင် အစာအဟာရဆိုင်ရာကျွမ်းကျင်သူများက စတင်ရေးသားပြုစုမည့် အစီအစဉ်ကိုဖော်ပြထားကြောင်း၊ အဆိုပါသဘောထားမှတ်ချက်များအပေါ်တွင် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးက တုန့်ပြန်ဆောင်ရွက်ခြင်းမရှိသေးကြောင်း၊ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့်မလုံလောက်သဖြင့် တိရစ္ဆာန်အစာထုတ်လုပ်မှုတွင် ပြောင်းနှင့်ပဲပုတ်ကုန်ကြမ်းဈေးနှုန်းများ စံချိန်တင်မြင့်တက်လာမှုကြောင့် အဆိုပါ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနကထုတ်ပြန်သည့်စာကြောင့် ကမ္ဘာပေါ်တွင် ပြောင်း ဒုတိယအများဆုံးသုံးစွဲသည့် နိုင်ငံအဖြစ်မှ ပြောင်းတင်သွင်းမှု ပိုမိုခုန်တက်သွားနိုင်ကြောင်း၊ အကောက်ခွန်စာရင်းများအရ တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလအတွင်း ပြောင်းတန်ချိန်(၄.၈) သန်း တင်သွင်းခဲ့ရာ ယခင် နှစ် ကာလတူထက် ၄၀၀ % ပိုမိုမြင့်တက်ခဲ့ပြီး ဂျုံနှင့်နှံစားပြောင်း တင်သွင်းမှုမှာလည်း တိုးတက် လျှက်ရှိနေကြောင်း၊ တရုတ်အစိုးရ၏ အစားအစာဘေးကင်းလုံခြုံရေးအပေါ် အလေးထားချမှတ်လုပ် ဆောင်နေချိန်တွင် ပြောင်းနှင့်ပဲပုတ်စေ့လျှော့ချသုံးစွဲရေးလှုံ့ဆော်မှုထွက်ပေါ်လာခဲ့ကြောင်း၊ ထို့အပြင် COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုနှင့်အတူ သွင်းကုန်တင်သွင်းမှုနှင့် သွင်းကုန်ဈေးကွက်များ ခိုင်မာတည်ငြိမ်ရေးအပေါ်တွင် စိုးရိမ်စိတ်များမြင့်တက်လျှက်ရှိကြောင်း၊ ဝန်ကြီးဌာန၏ပြောင်းနှင့်ပဲပုတ်စေ့ လျှော့ချသုံးစွဲရေးနှင့်သီးနှံအစားထိုး၍ တိရစ္ဆာန်အစာ ထုတ်လုပ်ရေးအစီအစဉ်များကြောင့် ရိုက်ခတ် လာနိုင်မည့်ဆိုးကျိုးများကိုမခန့်မှန်းနိုင်ကြောင်း၊ လက်တွေ့ဆောင်ရွက်မှုများတွင် အခက်အခဲများစွာရှိကြောင်း၊ အခြားပရိုတိန်းကြွယ်ဝသည့်သီးနှံဖြစ်သော နေကြာစိုက်ပျိုးထုတ်လုပ်မှုသည် ပဲပုတ်စေ့ စိုက်ပျိုးထုတ်လုပ်သည့်ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပဲပုတ်စေ့အပတ်စဉ်တင်ပို့မှုမှာလည်း တန်ချိန် ၂ သန်းကျော်ရှိပြီဖြစ်ကြောင်းနှင့် ပဲပုတ်စေ့ ကိုသာ အများဆုံးစိုက်ပျိုးထုတ်လုပ်လျှက်ရှိကြောင်း၊ တိရစ္ဆာန်အစာထုတ်လုပ်မှုအတွက် သီးနှံ ကုန်ကြမ်းလိုအပ်ချက်နှင့် စိုက်ပျိုးထွက်ရှိသည့်ပမာဏ မျှတစေလိုကြောင်း၊ ဆန်ကို ကုန်ကြမ်းသီးနှံ အဖြစ် အသုံးပြုမှုတိုးမြှင့်လိုပြီး ပြောင်းနှင့်ပဲပုတ်စေ့အသုံးပြုခြင်းအစား ဂျုံနှင့်အခြားသီးနှံများကို အစားထိုးအသုံးပြုစေလိုကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဂျပန်နိုင်ငံသတင်းများ

 ၂၀၂၁ ခုနှစ်၊ မတ်လအတွက် စီးပွားရေးခန့်မှန်းချက်စစ်တမ်းအရ ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများအခြေအနေ အနှုတ်သဘောဆောင်နိုင်သည့်သတင်း

          ဂျပန်နိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လထိ ကော်ပိုရိတ်စီးပွားရေးခန့်မှန်းချက် စစ်တမ်းအရ အကြီးစားစီးပွားရေးလုပ်ငန်းများအားလုံး၏ စီးပွားရေးအခြေအနေပြအညွှန်းကိန်းသည် အနှုတ်(၄.၅)ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ်၊ မတ်လတွင် ပထမဆုံးအကြိမ်အဖြစ် အညွှန်းကိန်း အနှုတ်ပြနေခြင်းသည် ကိုရိုနာဗိုင်းရပ်ကူးစက်မှုများ ဆက်လက်ပြန့်ပွားနေမှုကြောင့် အရေးပေါ် ကြေငြာချက် ထပ်မံထုတ်ပြန်ခဲ့ရခြင်း၊ တည်းခိုနေထိုင်မှုဆိုင်ရာလုပ်ငန်းများနှင့် စားသောက်ဆိုင် လုပ်ငန်းများ စသည့်ဝန်ဆောင်မှုစီးပွားရေးလုပ်ငန်းများ၏ စီးပွားရေးအခြေအနေသည် ကျဆင်းနေခြင်းတို့ကြောင့် လုပ်ငန်းအားလုံးကို ဆက်တိုက်ထိခိုက်လာခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအမျိုးအစားအရ ကုန်ထုတ်လုပ်မှုလုပ်ငန်းမဟုတ်သောဝန်ဆောင်မှုလုပ်ငန်းများ၏ အညွှန်းကိန်းမှာ အနှုတ်(၇.၄)ဖြစ်နေကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအပြင် Tele Work အသုံးပြုခြင်း၊ ပြည်တွင်းခရီးစဉ်များနှင့် အပန်းဖြေခရီးသွားလာခြင်းတို့ကိုရှောင်ရှားရခြင်း၏ အကျိုးသက်ရောက်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလည်း ထိခိုက်လာခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် ဆက်သွယ်ရေးပစ္စည်းကိရိယာများကဲ့သို့သော အီလက်ထရွန်းနစ်အစိတ်အပိုင်းများ၏ ဝယ်လိုအား မြင့်တက်၍ အဆိုပါကဏ္ဍ၏ ကုန်ထုတ်လုပ်မှုဆိုင်ရာအညွှန်းကိန်းသည် အပေါင်း(၁.၆) ဖြစ်နေကြောင်း၊ အလတ်စားစက်မှုလုပ်ငန်းသည် အနှုတ်(၃၁.၄)ဖြစ်နေ၍ ယခင်စစ်တမ်းဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလထက် ပိုမိုကျဆင်းလာခဲ့ကြောင်း၊ အနာဂတ်တွင် အကြီးစားစက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဧပြီလမှဇွန်လအတွင်း အပေါင်း (၂.၅)၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း အပေါင်း(၇.၁)အထိပြန်လည်တိုးတက်လာနိုင်မည်ဟု စီးပွားရေး ပညာရှင်များက မျှော်လင့်ကြကြောင်း၊ အခြားတစ်ဘက်တွင်လည်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအပေါ်သဘောထားသည် တိုးတက်မှု ရှိနိုင်သော်လည်း ဇွန်လမှစက်တင်ဘာလအထိကာလတွင် အနှုတ်(၄.၁)သို့ ဆက်လက်ကျဆင်း နေမည့်အခြေအနေဟုသုံးသပ်ထားကြောင်း၊ စီးပွားရေးအခြေအနေပြအညွှန်းကိန်းသည် ကုမ္ပဏီများ၏ လက်ရှိစီးပွားရေးအခြေအနေအပေါ် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် (၇.၁%)၊ သာမာန်ဝင်ငွေသည်(၂၀.၃%)၊ အဆောက်အဉီရင်းနှီးမှုသည် (၉.၂%)စသဖြင့် အသီးသီးကျဆင်းလာနိုင်မည်ဟုခန့်မှန်းကြောင်း သိရှိရပါသည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ်က တစ်နိုင်ငံလုံးတွင်အနိမ့်ဆုံးလုပ်အားခကို တစ်နာရီပျမ်းမျှ ယန်း ၁၀၀၀ ရရှိစေရန် ရည်မှန်းထားသည့်သတင်း

          ဂျပန်နိုင်ငံဝန်ကြီးချုပ်သည် ၂၀၂၁ ခုနှစ်၊ မတ်လ(၂၂)ရက်တွင် ကျင်းပခဲ့သည့် စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ အစည်းအဝေး၌ တစ်နိုင်ငံလုံးတွင် အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ရေးဆောင်ရွက်ရန်၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်၊ ပုံမှန်လုပ်သားမဟုတ်သောလုပ်သားများအကျိုးအတွက် ပြန်လည်ကုစားပေးနိုင်ရန် ဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များအား ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ အနိမ့်ဆုံးလုပ်အားခကို တစ်နိုင်ငံလုံးအနေဖြင့် တစ်နာရီလျှင် ပျမ်းမျှ ယန်း ၁၀၀၀ ရရှိစေရေး အလျင်အမြန်အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ် နွေရာသီတွင် ဆောင်ရွက်မည့် မူဝါဒရေးဆွဲမည့် အစီအစဉ်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် အကျပ်အတည်းရင်ဆိုင်နေရသည့် ဂျပန်နိုင်ငံတစ်နိုင်ငံလုံးကို ပြန်လည်ရှင်သန်စေရန်နှင့် ကုမ္ပဏီလုပ်ငန်းကြီးများ၏ လူသားအရင်းအမြစ်များကို ဒေသန္တရစီရင်စုများရှိ  အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသို့ ဖြန့်ကျက်စေလွှတ်နိုင်ရန်အတွက် အစိုးရ၏ ရန်ပုံငွေများမှ တဆင့် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီတို့မှ လူဉီးရေတစ်သောင်းခန့်ကို အမြန်ဆုံး စာရင်းပြုစုသွားမည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်များကို ဒေသန္တရအစိုးရထံပေးပို့ခြင်းနှင့် ဒေသခံစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးခြင်း စသည့်စနစ်များကိုလည်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဂျပန်နိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံသတင်းများ

ဩစတြေးလျအစိုးရက ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအတွက် အကူအညီများထပ်မံပေးအပ်မည့် သတင်း

          ဩစတေးလျနိုင်ငံတွင် အသေးစားခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအား ၎င်းတို့၏စီးပွားရေးကို မြှင့်တင်နိုင်ရန်နှင့် အစိုးရက ကျောထောက်နောက်ခံပြုထားသည့် လျှော့ဈေး အားလပ်ရက်လေကြောင်းခရီးစဉ်(၈၀၀၀၀၀) အတွက် ခရီးသည်အသစ်များရရှိစေရန် အစိုးရက ခရီးသွားလုပ်ငန်းအား (၁၂) သန်း ထပ်မံပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံရှိ ဒေသ(၅၇)ခုမှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ (၁၈၀၀) ကျော် ကို ဓါတ်ပုံအသစ်များနှင့် ဗီဒီယိုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် ဒေါ်လာ(၁၂) သန်းကို ပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး အဆိုပါ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားကဏ္ဍမှ သက်ဆိုင်သူများနှင့်တွေ့ဆုံ၍အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးက ဩစတြေးလျလူမျိုးများအနေဖြင့် မျိုးချစ်စိတ် တာဝန်တစ်ရပ်အနေဖြင့် ပိတ်ရက်များတွင် ကြိုတင်စာရင်းပေးစေလိုသည့်အကြောင်းမှာ တိုင်းပြည်တစ်ဝှမ်းရှိခရီးသွားနေရာများနှင့် ဈေးနှုန်းထက်ဝက်သက်သာမည့် လေကြောင်းခရီးစဉ်(၈၀၀၀၀၀)ကို စီစဉ်ပေးထားခြင်းကြောင့် ဖြစ်ကြောင်း၊ ဩစတြေးလျနိုင်ငံ၌ ပိတ်ရက်တစ်ရက်တွင် သုံးစွဲလိုက်သည့် တစ်ဒေါ်လာသည် ခရီးသွား အလုပ်အကိုင်နှင့်စီးပွားရေးကို အထောက်အကူပြုခြင်းဖြစ်ရာ အားလပ်ရက်များတွင် ပြည်သူများသည် ခရီးသွားကိုယ်စားလှယ်မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းကာ တည်းခိုခန်းများတွင် တည်းခိုနေထိုင်ခြင်း၊ စားသောက်ဆိုင်များတွင်ဝယ်ယူစားသုံးခြင်း နှင့် ခရီးသွားအတွေ့အကြုံများ ရယူရန် မျှော်လင့်ပါကြောင်း၊ ဩစတြေးလျနိုင်ငံရှိ Cairns သည် အကောင်းဆုံးခရီးသွားလုပ်ငန်း အတွေ့ အကြုံအချို့၏တည်နေရာဖြစ်ကာ အစိုးရအနေဖြင့်    ဩစတြေးလျတိုက်တစ်ခွင်လုံးမှ Cairns သို့ပြေးဆွဲမည့်လေကြောင်းခရီးစဉ်များအတွက် ဈေးသက်သာသည့် လက်မှတ်ခနှုန်းထားများကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအတွက် ယခုအချိန်သည် ဈေးကွက်ရှာဖွေရေးလုပ်ရန် သင့်တော်သော အချိန်ဖြစ်ကြောင်း၊ ဩစတြေးလျ ခရီးသွားလုပ်ငန်းအနေဖြင့် စီးပွားရေးလုပ်ငန်းများအား ဖော်ထုတ်သတ်မှတ်နိုင်ရေး ပထမတန်း ခရီးသွား ဆွဲဆောင်နိုင်သည့်နေရာအဖြစ် Cairns အား ရောင်းပန်းလှစေမည့် အရည်အသွေးမြင့် ဓါတ်ပုံနှင့် ဗီဒီယိုများထုတ်လုပ်နိုင်ရေးတို့အတွက် ဒေသခံ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

မုယောစပါးစိုက်ပျိုးထုတ်လုပ်သူများအတွက် အထောက်အကူပြုစေမည့် WTO လုပ်ငန်းစဉ်၏ နောက်ထပ်ခြေလှမ်းသတင်း

          ဩစတြေးလျနိုင်ငံက တင်သွင်းသောမုယောစပါးအပေါ် တရုတ်နိုင်ငံက တန်ပြန်စုပုံတင်သွင်း ခွန်ကောက်ခံသည့်ကိစ္စရပ်ကို ဖြေရှင်းရန် နောက်တဆင့်အနေဖြင့် အငြင်းပွားမှုဖြေရှင်းရေးခုံရုံး တစ်ရပ်ဖွဲ့စည်းရန် WTO သို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးက WTO ၏ အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်ကို အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံအချင်းချင်းလေးစားသမှုဖြင့် ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများရှိခဲ့သော်လည်း ဩစတြေးလျနိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့ကြောင်း၊ ယခင်က ဩစတြေးလျနိုင်ငံသည် အခြားကုန်သွယ်ဖက်နိုင်ငံများက ချမှတ်ကျင့်သုံးသည့်အစီအမံများနှင့်စပ်လျဉ်း၍ စိုးရိမ်မှုများကို ဖြေရှင်းရန် အရေးယူဆောင်ရွက်မှုနှင့် ကိုက်ညီမှုရှိပါကြောင်း၊ ဩစတြေးလျနိုင်ငံအစိုးရသည် ၎င်းနိုင်ငံ၏ မုယောစပါး စိုက်ပျိုးထုတ်လုပ်သူ များအားအကာအကွယ်ပေးရန် ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံ၏ မုယောစပါးကုန်သွယ်မှုမှာ နှစ်ဖက်စလုံးတွင် နှစ်ပေါင်းများစွာအားထုတ် ကြိုးပမ်းမှုကို ကိုယ်စားပြုလျှက်ရှိကြောင်း၊ တရုတ်နိုင်ငံက ဩစတြေးလျမုယောစပါးအပေါ် တန်ပြန်စုပုံတင်သွင်း ခွန်ကောက်ခံခြင်းမှာ တရုတ်နိုင်ငံ၏ WTO ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ဝတ္တရားများနှင့် ကိုက်ညီမှုမရှိဟုဩစတြေးလျကထောက်ပြပြောဆိုထားကြောင်း၊ ဩစတြေးလျနိုင်ငံသည် WTO ၏ အဓိကအချက်အချာဖြစ်သည့် နိုင်ငံစုံ စည်းမျဉ်းအခြေခံ ကုန်သွယ်မှုစနစ်ကို ခိုင်မာစွာထောက်ခံသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး နိုင်ငံအစိုးရအနေဖြင့် ဩစတြေးလျပို့ကုန် တင်ပို့သူများ၏ အခွင့်အရေးများ ရပ်တည်နိုင်ရန် ၎င်းကုန်သွယ်မှုစနစ်နှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဩစတြေးလျနိုင်ငံနှင့်တရုတ်နိုင်ငံကုန်သွယ်မှုကျဆင်းသည့်သတင်း

          ဩစတြေးလျနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးအငြင်းပွားမှုအရှိန်မြင့်လာချိန်မှစ၍ စက်မှုလုပ်ငန်းအားလုံးနီးပါးအတွက် ဩစတြေးလျကုန်သွယ်မှုပမာဏတန်ဖိုးသည် (၄၀%)ခန့် ကျဆင်းခဲ့သည်ဟု ဩစတြေးလျနိုင်ငံခြားရေးနှင့်ကုန်သွယ်မှုဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ နှစ်နိုင်ငံ အကြားကုန်သွယ်မှုတန်ဖိုးမှာ ယေဘူယျအားဖြင့် ၂ % ခန့်သာ ကျဆင်းပြီး သံရိုင်းလိုအပ်ချက်မှာ မြင့်မားဆဲဖြစ်ကြောင်း၊ COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုအတွင်း အခြားကမ္ဘာ့နိုင်ငံများနှင့်ကုန်သွယ်မှုမှာ(၂၂ %)ခန့်ကျဆင်းခဲ့ကြောင်း၊ ဩစတြေးလျနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံသည် ပုဇွန်ထုပ်နှင့် ချည်များအပါအဝင် ဩစတြေးလျဝိုင်၊ မုယောစပါးတို့အပေါ် အကောက်ခွန်နှုန်းများတိုးမြှင့်ကောက်ခံလျှက်ရှိကြောင်း၊ တရုတ်နိုင်ငံက အပူနှင့်ကျောက်မီးသွေးအပေါ် ကန့်သတ်ချက်များ ချမှတ်ပြီးနောက် ကျောက်မီးသွေးသင်္ဘောအစင်း(၄၀)ခန့်သည် တရုတ်နိုင်ငံဆိပ်ကမ်းများတွင် သောင်တင်လျှက်ရှိခဲ့ကြောင်း၊ စာရင်းအင်းအချက်အလက်များအရ  ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ဇန်နဝါရီလထိ(၆)လတာ ကာလအတွင်း တရုတ်နိုင်ငံသို့ အပူကျောက်မီးသွေးတင်ပို့မှု(၇၀ %) ကျဆင်းခဲ့ပြီး သတ္ထုကျောက်မီး သွေးတင်ပို့မှုမှာ(၆၀%) ကျဆင်းခဲ့သော်လည်း အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့မှ ကျောက်မီးသွေးလိုအပ်ချက်များကြောင့် ဩစတြေးလျနိုင်ငံ၏တင်ပို့မှုမှာ (၈%) သာကျဆင်းခဲ့ကြောင်း၊  မုယောစပါးကို အခြားနိုင်ငံများသို့ ပြောင်းလဲတင်ပို့မှုကြောင့် တရုတ်နိုင်ငံက မုယောစပါးအပေါ် တန်ပြန်စုပုံတင်သွင်းခွန် ကောက်ခံမှုအား လျစ်လျူရှုနိုင်သော်လည်း ဝိုင်တင်ပို့မှုမှာ များစွာထိခိုက်နစ်နာလျှက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၌ ဝိုင်တင်ပို့မှုမှာ ဒေါ်လာသန်းချီ၍ ကျဆင်းခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလအတွင်းက တရုတ်နိုင်ငံသို့ ဒေါ်လာ ၁၆၄ သန်းရှိ ဝိုင်များတင်ပို့နိုင်ခဲ့ကြောင်း၊ သို့သော်လည်း ဝိုင်မှာ မုယောစပါးကဲ့သို့ အခြားခိုင်မာသည့် ဈေးကွက်မရရှိသေးသည့်အတွက် ဝိုင်ထုတ်လုပ်သည့်လုပ်ငန်းအနေဖြင့် အခက်အခဲများကြုံတွေ့ရလျှက်ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ဩစတြေးလျနိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စင်ကာပူနိုင်ငံသတင်း

စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့မှ ၂၆.၃.၂၀၂၁ နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံရှိ စက်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၁၆.၄%)မြင့်တက်ခဲ့ကြောင်း၊ ဤသို့ ထုတ်လုပ်မှုမြင့်တက်ခဲ့သည့်အဓိက အကြောင်းရင်းမှာ ဆီမီးကွန်ဒက်တာနှင့် ဆက်စပ်ပစ္စည်းကိရိယာများ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများအပေါ် ဝယ်လိုအားမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ပြီး စက်မှုလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုသည် (၄)လဆက်တိုက် တိုးတက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊ လုပ်ငန်းကဏ္ဍအလိုက် တိုးတက်ပြောင်းလဲမှုအခြေအနေများမှာ 5G နှင့် Cloud နည်းပညာတို့ကို အသုံးပြုမှု တိုးတက်လာသဖြင့် ဆီမီးကွန်ဒက်တာဝယ်လိုအားမြင့်တက်ခဲ့ပြီး အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍသည် ၃၀.၃% ဖြင့် တိုးတက်မှုအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း၊ ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများအား တင်ပို့မှုမြင့်တက်ခဲ့သည့်အတွက် ဇီဝဆေးဝါးပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် (၂၃.၉%)အထိ တိုးတက်ခဲ့ကြောင်း၊ ထိုကဲ့သို့ပင် အနုစိတ်အင်ဂျင်နီယာပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် (၁၅%)နှင့် ဓါတုပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် (၂.၅%) တိုးတက်မှုရရှိခဲ့သော်လည်း အထွေထွေကုန်ထုတ်လုပ်မှုကဏ္ဍနှင့် သယ်ပို့အင်ဂျင်နီယာပစ္စည်းထုတ်လုပ်မှုကဏ္ဍတို့တွင် ကုန်ထုတ်လုပ်မှု ပမာဏ ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP)အား၂၀၂၂ ခုနှစ်မှစ၍ အသက်ဝင်လာစေရန်အဖွဲ့ဝင်နိုင်ငံများဆန္ဒရှိနေသည့်သတင်း

          တရုတ်နိုင်ငံအနေဖြင့် RCEP သဘောတူစာချုပ်အား ဆောလျင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် တိုက်တွန်းလျှက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများသည်လည်း RCEP ကို ၁.၁.၂၀၂၂ နေ့မှစတင်၍ အာဏာသက်ဝင်လာစေရန် ရည်ရွယ်လုပ်ဆောင်နိုင်ရေးအတွက် တရုတ်အစိုးရ၏ အပြည့်အဝထောက်ခံအားပေးမှုနှင့် စာချုပ်၏အရေးကြီးမှုကိုပြသနိုင်ရန် တရုတ်နိုင်ငံသည် RCEP အား အတည်ပြုလက်မှတ်ရေးထိုးမှုတွင် ဉီးဆောင်ထားသည့်နိုင်ငံဖြစ်ကြောင်း၊ အာရှနှင့်ပစိဖိတ် ဒေသတွင် အမေရိကန်နိုင်ငံ၏လွှမ်းမိုးမှုကြီးထွားလာသည့်အခြေအနေအပေါ် တန်ပြန်ဆောင်ရွက် နိုင်ရန်အတွက် တရုတ်နိုင်ငံသည် RCEP အား  ၂၀၁၂ ခုနှစ်မှ စတင်ထောက်ခံမှုပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် RCEP ၏ တိုးတက်မှုအရှိန်အဟုန်ကောင်းမွန်လာခြင်းနှင့် ၎င်း၏ပြိုင်ဖက်အမေရိကန်နိုင်ငံ က ပစိဖိတ်ဖြတ်ကျော်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(TPP)မှ နုတ်ထွက်ခဲ့သော အခြေအနေတို့မှာ RCEP အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ အပေါ် တွန်းအားများဖြစ်စေခဲ့ကြောင်း၊ ထိုကဲ့သို့ RCEP သဘောတူစာချုပ် အာဏာသက်ဝင်လာစေရန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ(၆)နိုင်ငံနှင့် အာဆီယံနိုင်ငံများမဟုတ်သော ကျန်အဖွဲ့ဝင်နိုင်ငံ (၃) နိုင်ငံတို့မှ အတည်ပြုလက်မှတ်ရေးထိုးရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-စင်ကာပူနိုင်ငံ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)