Main menu

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် အာရှဒေသ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာသတင်းများ

Powered by Drupal

ဘရာဇီးလ်နိုင်ငံ

        ပီလောပီနံပျိုးပင် လက်တွေ့စမ်းသပ်ထုတ်လုပ်မှုကိုအလွယ်တကူရရှိနိုင်သော အထောက်အကူပြုပစ္စည်းများအသုံးပြု၍ မျိုးပွားမှုနည်းစနစ်အဆင့်ဆင့်အား ဖန်လုံအိမ်အတွင်း သုတေသန ပြုလုပ်ခဲ့ရာ တောင်သူလယ်သမားများကိုယ်တိုင် အပင်၏ ရိုးတံကိုအသုံးပြု၍ မျိုးပွားခြင်းအစား အရွက်ဖူးကိုအသုံးပြု၍ မျိုးထုတ်ယူသောနည်းစနစ်ကြောင့် ရိုးရာစိုက်ပျိုးရေးစနစ်ကို ၁၀ အထိ တိုးတက်စေနိုင်မည်ဖြစ်ပြီး ပီလောပီနံစိုက်ပျိုးထုတ်လုပ်မှုတွင် တောင်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ပျိုးပင်ရှားပါးမှုအခက်အခဲများကို ကူညီဖြေရှင်းပေးရန်ရည်ရွယ်၍ မျိုးပွားသည့်နည်း စနစ်အသစ်ကို ဘရာဇီးလ်နိုင်ငံရှိ စိုက်ပျိုးရေးသုတေသနကုမ္ပဏီ (Brazillian Agricultural Research Company- Embrapa) က စမ်းသပ်သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပီလောပီနံ အရွက်များတွင် အပင်သစ်မျိုးပွားနိုင်သည့်အရွက်ဖူးများရှိရာ ရိုးတံတစ်ခုတွင် မျိုးပွားနိုင်သည့် အရွက်ဖူး ၃၀ နှင့် ၄၀ ကြား ပါရှိပြီး တစ်နှစ်တာကာလတွင် ရာသီစက်ဝန်း ၄ ကြိမ်ဖြစ်ပေါ်သဖြင့် ရိုးတံတစ်ချောင်းမှ အပင်ပေါက် ၁၆၀ ထိရရှိနိုင်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် လယ်သမားတိုင်းနည်းပညာများရရှိစေရေးအတွက် မျိုးပွားသည့်နည်းစနစ်အသစ်ကို ရိုးရှင်း လွယ်ကူအောင်လုပ်ဆောင်ထားကြောင်း၊ အပင်ဖျက်ပိုးမွှား ထိန်းချုပ်ရေးအတွက် အပင်ပိုးမွှား လေ့လာရေးစီမံကိန်းများလုပ်ဆောင်နေသည့် ပိုးသတ်ဆေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရန် စတင်ဆောင်ရွက်နေပြီး ရလဒ်ကောင်းများရရှိရန်မျှော်မှန်းထားကြောင်း၊ အရွက်ဖူးကိုအသုံးပြု၍ ပျိုးပင်ဖောက်ရာတွင် ၈၀% ကျော် အောင်မြင်မှုရရှိကြောင်း၊ ပျိုးခြံအဆောက်အအုံ၏ အနည်းဆုံး ရှိရမည့် အကျယ်အဝန်းနှင့်စိုထိုင်းဆ အခြေအနေသည် အပင်အညှောက်ဖောက်စ ပထမရက်သတ္တပတ် အချိန်တွင်အရေးကြီးကြောင်း၊ မျိုးပွားမှု တီထွင်စမ်းသပ်လုပ်ဆောင်ခြင်းသည် ပီလောပီနံ စိုက်ပျိုးရေးအတွက် အကျိုးများသည်ဖြစ်ရာ မျိုးပွားခြင်းအား လွယ်ကူစွာဆောင်ရွက်နိုင်ခြင်း၊ ပျိုးခြံများတည်ဆောင်ရလွယ်ကူခြင်းနှင့် အချိန်တိုအတွင်းမျိုးအမြောက်အများထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းစဉ်တွင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချနိုင်ခြင်း သာမက အချိန်ကြန့်ကြာမှုများကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အာရှဒေသသတင်းများ  

        အာရှဒေသ၌ လက်လီရောင်းချမှုတိုးတက်မှုမှာ မောင်းနှင်အားအဖြစ် လွန်ခဲ့သောဆယ်စု နှစ်ကတည်းကဉီးဆောင်လျှက်ရှိပြီး ယခုအခါ ကမ္ဘာ့ e-commerce ရောင်းချမှု၏ ၅၀% ကျော် ရှိကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်–19 ကြောင့် e-commerce လုပ်ငန်း အရှိန်မြင့်မားလာခြင်း ဖြစ်ကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူမှုမှာ ထိုင်းနိုင်ငံ၌ (၅၈%)၊ စင်ကာပူနိုင်ငံ၌ (၄၇%)၊ ဟောင်ကောင်ဒေသ၌(၄၆%) အသီးသီးမြင့်တက်ခဲ့ကြောင်း၊ e-commerce တိုးတက်လာမှုကြောင့် စားသုံးသူများ၊ ကုန်အမှတ်တံဆိပ်များနှင့် လက်လီရောင်းချသူများအကြား ပြောင်းလဲမှုများဖြစ်လာကြောင်း၊ ဒစ်ဂျစ်တယ်လ်ဖြင့် အဓိက လုပ်ကိုင်နေသော လုပ်ငန်းများဖြစ်သည့် Alibaba Group Holdings၊ JD.com နှင့် Pinduoduo တို့၏ စားသောက်ကုန်လက်လီရောင်းချမှု ကွင်းဆက်မှာ ထိပ်ပိုင်းနေရာသို့ရောက်ရှိလာကြောင်း၊ Shopee နှင့် Lazada တို့မှ Livestream ဖြင့် လက်လီရောင်းချမှုများမှာ အရှေ့တောင်အာရှဒေသ၌ အဓိကကျလာပြီး စားသုံးသူများ၏ ယုံကြည်မှုများနှင့်သစ္စာရှိမှုများမှာလည်း ပိုမိုအားကောင်းလာသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံ အလိုက် ဒစ်ဂျစ်တယ်လ်စနစ် ဖွံ့ဖြိုးမှုအနေအထားကြောင့် နယ်စပ်ဒေသများတစ်လျှောက်တွင် အမျိုးမျိုးသောပြောင်းလဲမှုများရှိနိုင်ကြောင်း၊ စားသုံးသူများကြိုက်နှစ်သက်သည့် ကုန်ပစ္စည်းများ လက်လီရောင်းချမှုမြင့်တက်လာမှုမှာ e-commerce လုပ်ငန်းကြောင့် ဖြစ်လာပြီး အပြည့်အဝ ယုံကြည်မှုရှိခြင်းမှာ အနာဂတ်တွင် အရေးပါလာမည်ဖြစ်ကြောင်း၊ နောင်လာမည့် နှစ်(၂၀) တွင် စီးပွားရေးလုပ်ငန်းများအတွက် မတူညီသောအခြေအနေများဖြစ်လာနိုင်ပြီး အခက်အခဲများကို ဖြေရှင်းသည့်ပုံစံများလည်း ကွဲပြားခြားနားနိုင်ကြောင်း၊ အနာဂတ်တွင်လက်လီရောင်းချမှု၌ အမျိုးမျိုးကွဲပြားနေမည်ဖြစ်ကြောင်း၊ ပထမအချက်တွင် လက်လီရောင်းချသူတစ်ဉီး၌ ပလက် ဖောင်းကိုအသုံးပြု၍ စားသုံးသူများနှင့် တိုက်ရိုက်ထိတွေ့နေမည့် များစွာသော လက်လီပြန်လည် ရောင်းချသူများ ရှိနေမည်ဖြစ်ရာ ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု စီမံခန့်ခွဲရန်မှာပိုမိုခက်ခဲလာမည်ဖြစ်ကြောင်း၊ ဒုတိယအချက်တွင် လက်တွေ့နှင့်ကွဲပြားခြားနားမှု များနှင့်ရင်ဆိုင်ကြုံတွေ့နိုင်ရပြီး စားသုံးသူများအတွက် စိတ်လှုပ်ရှားဖွယ်ဖြစ်နိုင်ကြောင်း၊ မော်တာများ လက်လီရောင်းချသူများအတွက် နည်းပညာပိုင်းဆိုင်ရာလက်ခံနိုင်ရန် စိန်ခေါ်မှုများ ဖြစ်ကြောင်း၊ တတိယအချက် အနေဖြင့် ပြင်ပ၌ရောင်းချသည့် စတိုးဆိုင်များ၏ အခန်းကဏ္ဍကို ပြန်လည်သတ်မှတ်လာနိုင်ကြောင်း၊ ဝယ်ယူသူများအနေဖြင့် ဆိုင်များသို့သွားရောက်လျှင် လက်လီ ရောင်းချသူမှ ၎င်းတို့၏ဆိုင်များ၌ ပိုမိုဝယ်ယူစေလိုပါက (သို့)ဝယ်ယူသူအသစ်များ ခေါ်ဆောင် လိုပါက ဒစ်ဂျစ်တယ်လ်စနစ်ဖြင့် ဝယ်ယူသူတို့ကြိုက်နှစ်သက်သည့်ပစ္စည်းများကို ဓါတ်ပုံများ ရွေးချယ်စေကာ ယုံကြည်မှုဖြင့်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ အွန်လိုင်း ပလက်ဖောင်းအသစ်များ၊ လက်လီရောင်းချသူအသစ်များနှင့် ကုန်အမှတ်တံဆိပ်အသစ်များဖြင့် ဈေးကွက်များ အမျိုးမျိုးကွဲပြားလာမည်ဖြစ်ရာ ဈေးနှုန်းများနှင့် အရောင်းမြှင့်တင်မှုလုပ်ကိုင်သူ များလည်း အမျိုးမျိုးဖြစ်လာနိုင်ကြောင်း၊ နောက်ဆုံးအချက်မှာ လွယ်ကူအဆင်ပြေမှုနှင့် ကုန်ပစ္စည်းပို့ဆောင်မှုမြန်နှုန်း ပိုမိုကောင်းမွန်လာရန် မျှော်လင့်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ အာရှဒေသ၌ e-commerce စတင်လုပ်ကိုင်ခြင်းအဆင့် အဆုံးသတ်ပြီး ပိုမိုကောင်းမွန်မှုများဖြင့် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အီးယူနိုင်ငံများသတင်း

        အီးယူ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ အသစ်အရ ပိုးသတ်ဆေးအသုံးပြုမှုကို များစွာလျှော့ချရမည်ဖြစ်ရာ အီးယူ၏လယ်သမားအများစု (အထူးသဖြင့် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်သူများ)အပေါ် သိသာစွာရိုက်ခတ်မှု ဖြစ်ပေါ်လာနိုင် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဉရောပကော်မရှင်က အဆိုပြုခဲ့သည့် “စိုက်ခင်းမှသည်စားပွဲဆီသို့” (Farm to Fork Strategy)မဟာဗျူဟာ၏ အဓိကရည်မှန်းချက်များအနက် ၂၀၃၀ ပြည့်နှစ် ပိုး သတ်ဆေးအသုံးပြုမှုကို ထက်ဝက်လျှော့ချနိုင်ရေးဆိုသည့်အချက်ကို အကောင်အထည် ဖော် ခြင်းသည် ပိုးသတ်ဆေးအများအပြားအသုံးပြုမှုအပေါ် မှီတည်နေရသည့်သီးနှံများအတွက် အရေးပါသော သက်ရောက်မှုများရှိနိုင်ပြီး ဝိုင်ထုတ်လုပ်ရန်အတွက် စပျစ်စိုက်ပျိုးမှုလုပ်ငန်းသည် ပိုးသတ်ဆေးများစွာအသုံးပြုရသဖြင့် သက်ရောက်မှုရှိလာနိုင်ခြင်းဖြစ်ကြောင်း၊ အီးယူနိုင်ငံများတွင် မှိုသတ်ဆေးများအသုံးပြုမှု စုစုပေါင်း၏ (၇၀%)ကျော်ကို စပျစ်စိုက်ခင်းများအတွက် အသုံးပြုခြင်းဖြစ်ကြောင်း၊ ရိုးရာနည်းလမ်းအရ ဝိုင်စပျစ် စိုက်ပျိုးထုတ်လုပ်မှုသည် ပိုးသတ်ဆေးအသုံးပြုမှုအပေါ် များစွာမှီခိုနေရပြီး အီးယူ၏ မဟာဗျူဟာအသစ်အရ ပိုးသတ်ဆေးအသုံးပြုမှုလျှော့ချခြင်းကြောင့် ခရိုအေးရှားနိုင်ငံ၏ ဝိုင်စပျစ် ထုတ်လုပ်မှုကဏ္ဍအပေါ် ကြီးမားသောသက်ရောက်မှု ရှိလာနိုင်ကြောင်း၊ အထူးသဖြင့် ဒေသမျိုးရင်း စပျစ်မျိုးစိတ်များ၏အနာဂတ်အပေါ်သက်ရောက်မှုရှိနိုင်ကြောင်း၊ ထိုကဲ့သို့ ဒေသစပျစ်မျိုးစိတ်များကို ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်လမ်းဖြင့် စိုက်ပျိုးထုတ်လုပ်ရန် ဖြစ်နိုင်ဖွယ်ရှိသော်လည်း အီးယူ၏ Farm to Fork Strategy မှ မျှော်မှန်းသည့် ပိုးသတ်ဆေးအသုံးပြုမှုလျှော့ချရေးအဆင့်သို့ ရောက်ရှိရန်အတွက် လုံလောက်သည့်ထုတ်လုပ်မှုနည်းလမ်း မရှိသေးသဖြင့် စိုက်ပျိုးထုတ်လုပ်မှု လျှော့ချခြင်းဆီသို့သာ ဉီးတည်စေနိုင်ခြင်းဖြစ်သည်ဟုဆိုကြောင်း၊ စပျစ်စိုက်ပျိုးထုတ်လုပ်မှု၌ ကာလ ကြာရှည်စွာ ပိုးသတ်ဆေးအသုံးပြုမှု အစဉ်အလာရှိခဲ့သည့်အခြေအနေတွင်  အီးယူမဟာဗျူဟာ နှင့်အညီသဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးနှစ်ရပ်လုံးကို မထိခိုက်စေရေးအတွက် ပိုးသတ်ဆေး အသုံးပြုမှုကို မည်သည့်အဆင့်ထ ိလျှော့ချရမည်ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာနေကြောင်း၊ နည်းလမ်းများစွာကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ကာလရှည်အတွက် စဉ်ဆက်မပြတ်ထုတ်လုပ် နိုင်သည့် အဖြေကို ရနိုင်ကြောင်း၊ ရိုးရာနည်းလမ်းအတိုင်းအသုံးပြုနေသည့် ပိုးသတ်ဆေးများကို ဘဘာဝပတ်ဝန်းကျင် မထိခိုက်စေသည့် ပိုးသတ်ဆေးများနှင့် အစားထိုးအသုံးပြုသည့်နည်းလမ်း ရှိသော်လည်း ယင်းမှာထိရောက်မှုနည်းကြောင်း၊ ထို့အပြင် ကြေးနီအခြေပြုပစ္စည်းများ ပါဝင်ပါက စိုက်ပျိုးမြေပေါ်၌ သတ္တုများ စုပြုံလာနိုင်သည့်ပြဿနာလည်းရှိကြောင်း၊ ဖြစ်နိုင်ဖွယ်ရှိသော နည်းလမ်းတစ်ရပ်မှာ မျိုးဗီဇပြောင်းလဲပြုပြင်ခြင်း မရှိဘဲ ရိုးရာစိုက်ပျိုးသည့်နည်းလမ်းဖြင့်ပင် ခံနိုင်အားကောင်းသော စပျစ်မျိုးစိတ်များကို ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ခရိုအေးရှားနိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ်တွင် စပျစ်တန်ချိန်(83000)ဝိုင် (၅၂၅၀၀၀) ဟက်တိုလီတာ ကို ထုတ်လုပ်ခဲ့ပြီး သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုနှင့်အတူ ဝိုင်စပျစ်ထုတ်လုပ်မှုကဏ္ဍ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပါဝင်မှုသည် (၂ -၃ %)ခန့်ရှိကြောင်း၊ လက်ရှိတွင် ခရိုအေးရှားနိုင်ငံ၌ စပျစ်စိုက်ပျိုးမြေ(၁၈၆၀၀)ဟက်တာခန့် မှတ်ပုံတင်ထားကြောင်း၊ အီးယူ၌ စပျစ်စိုက်ပျိုးမြေ ဟက်တာ(၃.၂)သန်းခန့်ရှိသည့်အနက် စပိန်၊ ပြင်သစ်နှင့်အီတလီတို့သည် (၇၄%)ကို ကိုယ်စား ပြုကြောင်း၊ အီးယူရှိစပျစ်စိုက်ပျိုးမြေဧရိယာသည် ကမ္ဘာ့စိုက်ပျိုးမှုဧရိယာ၏ (၄၅%)ရှိကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဉရောပသမဂ္ဂသို့ အင်းဆက်အခြေပြု စားသောက်ကုန်များတင်ပို့ခွင့်ရရှိသည့်သတင်း

ဗီယက်နမ်နိုင်ငံအနေဖြင့် ဉရောပသမဂ္ဂသို့ အင်းဆက်အခြေပြု စားသောက်ကုန်များ (Insect base food)ကို တင်ပို့ခွင့်ရရှိခဲ့သည့် ကမ္ဘာ့နိုင်ငံများအနက် (၅)နိုင်ငံမြောက်နိုင်ငံ ဖြစ်လာပြီး ဥရောပကော်မရှင်၏ Regulation (EU)2021/171 အရ  ဗီယက်နမ်နိုင်ငံအနေဖြင့် လုံလောက်သည့် အထောက်အထားနှင့်အာမခံချက်များ ပြသနိုင်မှုကြောင့်  ဥရောပကော်မရှင် ကျန်းမာရေးနှင့်အစားအသောက်ဘေးကင်းလုံခြုံမှုဌာန၏အီးယူဈေးကွက်သို့ အင်းဆက်အခြေပြု စားသောက်ကုန်များ တင်ပို့ခွင့်ရရှိသည့် တတိယနိုင်ငံများစာရင်းတွင် ဗီယက်နမ်နိုင်ငံအား ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပကော်မရှင်၏ ယင်း Regulation သည် ၁၅.၂.၂၀၂၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က အင်းဆက်အခြေပြုစားသောက်ကုန်များ တင်ပို့ခွင့် ရရှိထားသည့်နိုင်ငံများမှာ ကနေဒါ၊ ဆွစ်ဇာလန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး ဗီယက်နမ်နိုင်ငံ၏ စားသောက်ကုန်ကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် မောင်းနှင်အား အသစ် တစ်ခုဖြစ်လာနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ အီးယူ၌ အင်းဆက်အခြေပြုစားသောက်ကုန်များကို ဝယ်ယူစားသုံးသူများသည် စားသောက်မှုပုံစံအသစ်ကို ရှာဖွေလာကြခြင်းဖြစ်သဖြင့် ၎င်း ထုတ်ကုန်များကို ပုံမှန်စားသုံးမှု အလေ့အထအဖြစ်သို့ ပြောင်းလဲနိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ လူဉီးရေ(၂.၅)ဘီလီယံခန့်က အင်းဆက်များကို စားသုံးမှုရှိပြီး ရောမခေတ်က ပိုးတီများအား စားသောက်ဖွယ်တစ်ရပ်အဖြစ် ယူဆမှုရှိခဲ့သော်လည်း အင်းဆက် စားသုံးမှုသည် ဥရောပတွင် ပုံမှန်စားသောက်မှုအလေ့အထမဟုတ်ခဲ့ကြောင်း၊ အင်းဆက်အခြေပြု စားသောက်ကုန်များသည် ပြောင်းလဲလာသည့် စားသောက်မှုပုံစံတစ်ရပ်အဖြစ်သာမက လာမည့် ၂၀၅၀ ခုနှစ်တွင်ရှိလာမည့် ကမ္ဘာ့လူဉီးရေ(၉)ဘီလီယံဝန်းကျင်၏ စားနပ်ရိက္ခာလိုအပ်ချက် အတွက် အထောက်အကူပြုမှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ အင်းဆက်များတွင် ပရိုတင်းပါဝင်မှုသည် (၃၅%)မှ (၇၇%)အကြားရှိသဖြင့် အသားများတွင်ပါဝင်သည့် ပရိုတင်းဓါတ်ထက် ပါဝင်မှု ထက် ပိုမိုကြောင်း၊ အင်းဆက်များ၏ အာဟာရဆိုင်ရာကောင်းမွန်သည့်အချက်များ ရှိသော်လည်း လက်ရှိတွင် နယ်ပယ်အလိုက် အထူးပြုထုတ်ကုန်ဈေးကွက်အဖြစ်သာ ရှိနေဆဲဖြစ်ကြောင်း၊ အီးယူတွင် နှစ်စဉ် အင်းဆက် ပရိုတင်းတန်ချိန်(၆၀၀၀)ခန့်သာ ထုတ်လုပ်နိုင်သေးကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန်(၂)သန်းမှ(၅)သန်းကြားထုတ်လုပ်နိုင်ဖွယ်ရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)