Main menu

ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ကုန်သွယ်ရေးနှင့်သက်ဆိုင်သည့်သတင်းများ

Powered by Drupal

ဂျပန်နိုင်ငံ

၁။      ဂျပန်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ဆန်ရောင်းအား သိသိသာသာ ကျဆင်းခဲ့ခြင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပြန့်ပွားနေမှုကြောင့် စီးပွားဖြစ်ရောင်းချမှုအတွက် ဝယ်လိုအားနှင့် အိမ်တွင်းစားသုံးမှုအတွက် ဝယ်လိုအားများ ကျဆင်းခဲ့၍ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လနှင့်နိုဝင်ဘာလများအတွင်း အိမ်ထောင်စုများ၏ အသုံးစရိတ်သည် နှစ် ၂၀ အတွင်း အနိမ့်ဆုံး အဆင့်သို့ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလဆန်းပိုင်း၌  နိုင်ငံအတွင်း အရေးပေါ်ကြေငြာ ချက် ထပ်မံထုတ်ပြန်ခြင်းသည် စီးပွားရေးပတ်ဝန်းကျင်ကို မရေမရာသေချာမှုများ ပိုမို ဖြစ်ပေါ်စေ နိုင်ကြောင်း၊ ပြည်တွင်းဆန်ရောင်းလိုအားနှင့် ဝယ်လိုအားကို ဟန်ချက်ညီမျှစေရန်အတွက် ထုတ် လုပ်မှုသည် ဝယ်လိုအားအရ ထုတ်လုပ်ရုံသာမက စားသုံးမှုကိုပါ နှိုးဆွပေးသော အစီအမံများ ဆောင်ရွက်ခြင်းမှာအရေးပါကြောင်း စီးပွားရေးသုတေသီများက သုံးသပ်ခဲ့ကြကြောင်းသိရှိရပါသည်။

၂။       ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အိမ်ထောင်စု စစ်တမ်းအရ လူ နှစ်ဦးထက်ပိုသော အိမ်ထောင်စုများ၏ ၂၀၂၀ ပြည့်နှစ်အတွင်းက ဆန်စားသုံးမှုသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့်နှိုင်းယှဉ်ပါက ၁၀.၈%  ကျဆင်းခဲ့ပြီး နိုဝင်ဘာလတွင်လည်း ၄.၇% ဆက်လက် ကျဆင်းခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်  ၂၀ အတွင်း၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါကလည်း အမြင့် ဆုံးကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းဆန်ဈေးနှုန်းသည် ၆ နှစ်တာ ကာလ အတွင်းကျဆင်းခဲ့သော်လည်း ပြည်တွင်းစားသုံးမှု မြင့်တက်လာစေရန် နှိုးဆွပေးနိုင်ခြင်းမရှိသည် ကိုတွေ့ရှိရပြီး ဆန်စားသုံးမှု၏ အဓိကပြိုင်ဘက်အစားအစာဖြစ်သည့် ခေါက်ဆွဲထုတ်လုပ်မှုပမာဏ သည် ၂၀၁၉ ခုနှစ်ထက် တိုးတက်လာကြောင်း၊ ၎င်းအချက်သည် ယခင်ကဆန်ကို အဓိကထား စား သုံးသူများ၏ စားသုံးမှုပမာဏကို လျော့နည်းလာစေသော အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း၊  ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့် သစ်တောဝန်ကြီးဌာမှ ပြုစုထားသည့်စာရင်းများအရ ဆန် လက်ကားရောင်းချသူများ၏ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ၏ ရောင်းအားသည် ယခင်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၈ လ ဆက်တိုက်ကျဆင်းခဲ့ပြီး ၃.၅%  ခန့် ကျဆင်းသွားခဲ့ကြောင်း၊ထိုသို့ ပြည်တွင်းစားသုံးမှုများ ကျဆင်းနေသဖြင့် ဆန်စိုက်ပျိုးထုတ်လုပ်မှုဧရိယာများ၌ ရောင်းချမှုမှာလည်း ထိုင်းမှိုင်းနေကြောင်း၊ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလကုန်အထိ ဆန် စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာ များမှရရှိသည့် စာရင်းများအရ တစ်နိုင်ငံလုံးရောင်းအားသည် တန်ချိန် ၃၈၅,၀၀၀ ရှိပြီး ယခင်နှစ်က ထက် ၁၃ % လျော့နည်းခဲ့ကြောင်း၊ စီးပွားဖြစ်ရောင်းချမှုအတွက် ဝယ်လိုအား နှေးကွေးမှုကြောင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများလည်း နှောင့်နှေးနေခြင်းအပြင် အိမ်တွင်းစားသုံးမှု ကျဆင်း လာသည့်အတွက် ဆန်ရောင်းချမှုအပိုင်းတွင် သက်ရောက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ ရေလုပ်ငန်း နှင့်သစ်တောဝန်ကြီးဌာနမှပြောကြားခဲ့ကြောင်း၊ Hokuriku ဒေသရှိ စိုက်ပျိုးရေးအရာရှိများမှ  ပြည် တွင်း၌ စံထားသည့် စားသုံးကုန်အမှတ်တံဆိပ်များပင် အရောင်းအဝယ် ကျဆင်းနေကြောင်းနှင့် ကိုရိုနာကူးစက်ရောဂါ၏သက်ရောက်မှုကြောင့် အရသာမြည်းစမ်းနိုင်သော  အရောင်းမြှင့်တင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် ခက်ခဲနေကြောင်း၊ ပြည်တွင်း၌ ဆန်စားသုံးမှုသည် ဆက် လက်ကျဆင်းနေမည်ဆိုပါက အနာဂတ်၏ ဆန်ရောင်းလိုအားနှင့် ဝယ်လိုအားတို့တွင် များစွာ ထိခိုက်လာနိုင်သည့်အတွက် ရောင်းလိုအားနှင့် ဝယ်လိုအားတို့ ဟန်ချက်ညီမျှစေရန် ၂၀၂၁ ခုနှစ် အတွင်း စိုက်ပျိုးထုတ်လုပ်မှုတွင် သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်ရန် စိုက်ပျိုးရေးအရာရှိများကသုံးသပ်ခဲ့ကြကြောင်း၊  Tohoku ဒေသမှ စိုက်ပျိုးရေးအရာရှိတစ်ဦးမှလည်း သင့်လျော်သည့် ဆန်ပမာဏကို ထုတ်လုပ်ရုံသာမက ဆန်စားသုံးမှုကိုလည်း မြှင့်တင်ရန်  လိုအပ် သည်ကို ထောက်ပြပြောကြားခဲ့ကြောင်းသိရှိရပါ သည်။

၃။      Berxit  အလွန်ကာလတွင် ဂျပန်နှင့် ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုသဘောတူညီချက် သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြုကာ အသက်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ သဘောတူညီချက်တွင် လက်ရှိ ဂျပန်နှင့် ဥရောပသမဂ္ဂအကြား ဆောင်ရွက်နေသည့် ကုန်သွယ်ရေး သဘောတူညီချက်ပါ အကောက်ခွန်နှုန်းများအတိုင်း ကျင့်သုံးဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ဂျပန်-ဥရောပသမဂ္ဂ ကုန်သွယ်မှုသဘောတူညီချက်အရ အကောက်ခွန်ကိုတာလျှော့ချထားသည့် ကုန်စည် ၂၅ မျိုးနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံမှဂျပန်သို့ တင်သွင်းမှုများအပေါ် သီးခြား တိုးမြှင့်ကောက်ခံသွား မည်မဟုတ်ကြောင်း၊ သို့သော် အဆိုပါကုန်စည် ၂၅ မျိုးအနက် ၁၀ မျိုး (blue cheese နှင့် wheat- related food preparations တို့ကဲ့သို့ soft cheese ကုန်စည်များ)ကို ဥရောပသမဂ္ဂမှ သတ်မှတ် ထားသည့်မည်သည့်အကောက်ခွန်ကိုတာနှုန်းထားအနိမ့်ဆုံးနှင့်မဆိုကျင့်သုံးဆောင်ရွက်နိုင်ကြောင်း၊ ဂျပန်နိုင်ငံမှတင်သွင်းသည့် စိုက်ပျိုးရေးထွက်ကုန်များအတွက် ဗြိတိန်သည် အမဲသားနှင့် လက်ဖက် ခြောက်ကဲ့သို့ အဓိကကုန်စည်များအပေါ် ဂျပန်-ဉရောပသမဂ္ဂ ကုန်သွယ်မှုသဘောတူညီချက်အရ အကောက်ခွန်နှုန်းများ ပယ်ဖျက်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါ သည်။

(ဂျပန်နိုင်ငံ၊တိုကျိုမြို့ စီးပွားရေးသံမှူးက ပေးပို့သည့်သတင်းဖြစ်ပါသည်။)

ဘယ်လ်ဂျီယံနိုင်ငံ

၄။      မကြာမီကာလတွင် ဘယ်ဂျီယံနိုင်ငံရှိ လက်လီအရောင်းဆိုင်များအနေဖြင့် ငွေသားဖြင့် ပေးချေမှုနည်းလမ်းအပြင် ဝယ်ယူသူက ဘဏ်ကဒ်ဖြင့် ငွေပေးချေမှုနည်းလမ်းကို ရွေးချယ်လိုပါက ပေးချေနိုင်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား ခဲ့ချိန်မှစတင်၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေပေးချေမှုသည် များစွာတိုးတက်လာခဲ့သော် လည်း လက်လီရောင်းချသူအများအပြားသည် ငွေသားဖြင့် ပေးချေမှုကို ပိုမိုနှစ်သက်နေကြဆဲဖြစ် ကြောင်း ၊ လက်လီရောင်းချသူအချို့က ကုန်ကျစရိတ် အလွန်များပြားသည်ဟုဆိုကာ ဘဏ်ကဒ်ဖြင့် ပေးချေမှုအပေါ် လက်မခံလိုကြောင်း၊ သို့သော် လက်လီအရောင်းဆိုင်များ၌ အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေပေးချေမှုကို မဖြစ်မနေထားရှိသွားရမည့်ဥပဒေ ပြဌာန်းနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ဘယ်လ်ဂျီယံနိုင်ငံ၌ ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန်တွင် ထိတွေ့မှုများ ကန့်သတ်နိုင်ရေး အတွက် အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေပေးချေခြင်းကို အားပေးဆောင်ရွက်ခဲ့ပြီး ဘဏ်ကဒ် ဖြင့်ငွေပေးချေမှုကို လက်ခံဆောင်ရွက်နိုင်သည့် ကိရိယာများကို တပ်ဆင်ထားခြင်းမရှိသည့် လက်လီ ဆိုင်များက အဆိုပါကိရိယာများကို တပ်ဆင်ခဲ့ကြသော်လည်း အများစုက ငွေ လွှဲပြောင်းခကြောင့် ၎င်းတို့၏ အမြတ်အစွန်းလျော့ကျမှုမရှိစေရေးအတွက် ငွေသားဖြင့် ပေးချေမှုကိုသာ လက်ခံလိုကြ ကြောင်း၊ သို့ရာတွင် လက်လီအရောင်ဆိုင်များအနေဖြင့် အီလက်ထရောနစ် နည်းလမ်းဖြင့် ငွေလွှဲ ပြောင်းမှုများကို (Transactions) ပိုမိုလုပ်ဆောင်ပါက လွှဲပြောင်းခလျော့နည်း၍ ကျသင့်စေရေး အတွက် အီလက်ထရောနစ်နည်းဖြင့် ပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ညှိနှိုင်းဆောင်ရွက် နိုင်ကြောင်း၊Electronic Payment  နှင့်ပတ်သက်၍ လက်လီရောင်းချသူများအကြား အမြင်သဘော ထား အမျိုးမျိုးရှိနေပြီး လက်လီအရောင်းဆိုင်များအနေဖြင့် ဝယ်ယူသူက Electronic Payment  ကို ရွေးချယ်လိုပါကလက်ခံနိုင်ရေးဆောင်ရွက်သွားရန်အတွက် ဖက်ဒရယ်ဥပဒေတစ်ရပ်ကိုဆောင်ရွက် နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။

(ဘယ်လဂျီယမ်နိုင်ငံ၊ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးမှ ပေးပို့ပါသည်။)

အိန္ဒိယနိုင်ငံ

၅။      အိန္ဒိယနိုင်ငံအစိုးရသည် လာမည့် ဧပြီလမှစတင်မည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်  စမတ်ဖုန်းများနှင့် အီလက်ထရွန်းနစ်ထုတ်ကုန်များအပါအဝင်  အချို့သော သွင်းကုန်ပစ္စည်း အမျိုး ပေါင်း ၅၀ ကျော်အပေါ် အခွန်ကောက်ခံမှုအား ၅ % ၁၀% အထိ တိုးမြှင့်ဖွယ်ရှိသည်ဟု အမည် မဖော်ပြလိုသော အစိုးရဌာနဆိုင်ရာ အရာရှိ ၃ ဦးမှ ရိုက်တာသတင်းဌာနသို့ ၁၈ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း၊ထိုသို့သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံရန်စီစဉ်မှုသည် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်လျှက် ကိုယ်ပိုင်စွမ်းအားဖြင့် နိုင်ငံဖွံ့ဖြိုးစေရန်ဟူသောရည်မှန်းချက်အား အကောင်အထည် ဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊ သွင်းကုန်အပေါ် အခွန်နှုန်းထားတိုးမြှင့်မှုမှ ဘဏ္ဍာငွေ ရူပီး ၂၀၀ မှ ၂၁၀ ဘီလီယံ အထိ ထပ်ဆောင်းရရှိပြီး COVID-19 ကပ်ရောဂါ အကျပ် အတည်းကြောင့် စီးပွားရေးကျဆင်းနေမှုကို ကျားကန်ပေးနိုင်ရန် အိန္ဒိယအစိုးရက မျှော်မှန်းထား ကြောင်း၊ ယခုစီစဉ်နေမှုသည် အိန္ဒိယနိုင်ငံသို့ ပရိဘောဂပစ္စည်းများ တင်သွင်းသည့် Ikea နှင့် လာမည့်နှစ်၌ လျှပ်စစ်မော်တော်ယာဉ်များ တင်သွင်းမည့် Tesla ကဲ့သို့သော ကုမ္ပဏီများအပေါ်သို့ လည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက်  ရသုံးခန့်မှန်းခြေငွေစာရင်းကို ထုတ်ပြန်ခြင်းမပြုမီ ယခု အဆိုပြုချက်များမှာ  ပြောင်းလဲမှုရှိနိုင်ကြောင်း၊ သို့ရာတွင် သွင်းကုန်ခွန် တိုးမြှင့်ခြင်းသည် ဒေသခံ လုပ်ငန်းရှင်များအား အထောက်အကူဖြစ်စေသကဲ့သို့ အိန္ဒိယအား ကုန်ထုတ်လုပ်ငန်းများ၏ ခရီး ပန်းတိုင်အဖြစ် မြှင့်တင်ရာတွင်လည်း အရေးပါသည့် ကိစ္စရပ်ဖြစ်ကြောင်းဖြင့် Economic Times သတင်းဌာနက ဖော်ပြထားကြောင်း၊ယခင်နှစ်၌ အိန္ဒိယအစိုးရက ရသုံးမှန်းခြေငွေစာရင်း ထုတ်ပြန် ရာတွင်ပရိဘောဂပစ္စည်းများ၊ခြေနင်းအသုံးအဆောင်များ၊ ကလေးကစားစရာများနှင့် လျှပ်စစ်ပစ္စည်း များအပါအဝင် ကုန်စည်အချို့အပေါ် သွင်းကုန်အခွန်အား ၂၀% ထိတိုးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။

၆။      အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ စိုက်ပျိုးရေးနှစ်၊ ဆောင်းသီးနှံရာသီတွင် ၂၁-၁-၂၀၂၁ နေ့အထိ နိုင်ငံတစ်ဝန်း၌ သီးနှံဧရိယာဟက်တာပေါင်း ၆၇၅ သိန်း (ဧက ၁၆၆၈ သိန်းခန့်) စိုက်ပျိုးပြီးစီးရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၈.၇၆ သိန်း ပိုမို၍ တိုးတက်မှု ၂.၈၆% ရရှိပြီး လွတ်လပ်ရေး ရရှိခဲ့သည့်နောက်ပိုင်း ဆောင်းသီးနှံစိုက်ဧရိယာ အများဆုံးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ၊ အိန္ဒိယစိုက်ပျိုးရေးဦးစီးဌာနရှိ ကောက်ပဲသီးနှံနှင့် ရာသီဥတုစောင့်ကြည့်လေ့လာရေးအဖွဲ့ (Crop Weather Watch Group) က ထုတ်ပြန်သည့်စာရင်းများအရ ဆောင်းသီးနှံရာသီတွင် ၂၁-၁-၂၀၂၁ နေ့အထိ နိုင်ငံတစ်ဝန်းလုံး၌ ဂျုံစိုက်ဧရိယာ ဟက်တာ ၃၄၅.၁၄ သိန်းခန့် စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၁၀.၄၆ သိန်းကျော် ပိုမိုပြီး ၃.၁၃% တိုးတက်ခဲ့ကြောင်း၊ ဆောင်း စပါးစိုက်ပျိုးမှုမှာ ဟက်တာ ၂၉.၉၄ သိန်းရှိပြီး ပုံမှန်စိုက်ပျိုးဧရိယာကို ပြည့်မီခြင်းမရှိသေးသော် လည်း ယခင်နှစ်ကထက် ဟက်တာ ၃.၉၆ သိန်း ပိုမိုလျက် တိုးတက်မှု ၁၅.၂၄% ရရှိထားကြောင်း၊ ပဲ မျိုးစုံမှာ ယခင်နှစ်ကာလတူထက် ဟက်တာ ၄.၂၁ သိန်း ပိုမိုလျက် ဧရိယာ‌ ဟက်တာ ၁၆၅.၃၄ သိန်း အထိ စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊  အလားတူ ဆီထွက်သီးနှံများကိုလည်း ဟက်တာ ၄.၂၄ သိန်း ပိုမိုလျက် စုစုပေါင်း ဟက်တာ ၈၃.၆ သိန်း ကျော်စိုက်ပျိုးပြီးစီးခဲ့ကြောင်း၊ သို့ရာတွင် အခြား နှံစားသီးနှံများမှာ ဟက်တာ ၅၀.၉၇ သိန်း စိုက်ပျိုးပြီးစီးရာ ယခင်နှစ်ကာလတူအောက်  ဟက်တာ ၄.၁၁ သိန်းခန့် လျော့နည်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

၇။      ၂၀၂၀-၂၁ ခုနှစ် ဆောင်းသီးနှံ ပဲမျိုးစုံ၌ အဓိကပါဝင်သည့် ကုလားပဲအား ဧရိယာဟက်တာ ၁၁၀.၉၈ သိန်း စိုက်ပျိုးထားပြီးဖြစ်ရာ ယခင်နှစ်ကာလတူထက် ၄.၄၆ သိန်း ပိုမိုကြောင်း ၊ ပဲရာဇာ ခေါ် ပဲနီလေး စိုက်ပျိုးပြီးစီးမှုဧရိယာမှာလည်း ဟက်တာ ၁၆.၅၃ သိန်း ဖြစ်ရာ ယခင်နှစ်အလားတူ ကာလစိုက်ပျိုးနိုင်မှုထက် ဟက်တာ ၀.၄၃ သိန်း ကျော်လွန်ခဲ့ပြီး  ဆောင်းမတ်ပဲ စိုက်ဧရိယာမှာ လည်း ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၅၈ သိန်း ပိုမိုလျက် ဟက်တာ ၇.၉ သိန်း စိုက်ပျိုး ထားပြီးဖြစ်ကြောင်း၊ သို့သော် ပဲပိစပ် (Kulthi)၊ စားတော်ပဲစိမ်း၊ ပဲတီစိမ်းနှင့် ပဲချဉ်ပေါင် (Lathyrus) တို့အား ဟက်တာ ၂၃.၅ သိန်း စိုက်ပျိုးပြီးစီးရာ ယခင်နှစ်ကာလတူအောက် ဟက်တာ ၁.၉၄ သိန်း လျော့နည်းနေဆဲဖြစ်ကြောင်း၊ အခြားသော ဆောင်းရာသီပဲများအား  ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၆၇ သိန်း ပိုမို၍ စုစုပေါင်း ဟက်တာ ၆.၄၂ သိန်း စိုက်ပျိုးထားကြောင်းသိရှိရပါသည်။

၈။      အိန္ဒိယအစိုးရသည် ဆောင်းသီးနှံ စိုက်ပျိုးရာသီမတိုင်မီ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ကပင် ဂျုံ၊ ဘာလီဂျုံ၊ ကုလားပဲ၊ ပဲနီလေး၊ ဆီမုံညင်း၊ ဆူးပန်းစေ့ စသည့်သီးနှံ ၆ မျိုးအတွက် အထောက်အပံ့ပြုမည့် အခြေခံ ရည်ညွှန်းဈေးနှုန်း (Minimum Support Price – MSP) များအား မြှင့်တင်ပေးခဲ့ကြောင်း၊ MSP အစီအစဉ်အား ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အစိုးရ၏ ကတိပြု ပြောဆိုမှုက ယခုဆောင်းသီးနှံရာသီ၌ စပါးနှင့် ဂျုံသီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရန် တောင်သူများသို့ တွန်းအားဖြစ်စေခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၉ ရက်နေ့ စိုက်ပျိုးရာသီ စာရင်းမပိတ်သိမ်းမီကာလ အတွင်း အထူးသဖြင့် စပါးစိုက်ဧရိယာမှာ ဆက်လက်တိုးတက်လာဖွယ်ရှိကြောင်း၊ ဇန်နဝါရီလ အတွင်း မိုးရွာသွန်းမှုမှာ ပုံမှန်ထက် ၇၆% ခန့်ပိုမိုခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အဓိက ဆည်တာတမံ ၁၂၈ ခုတွင် ၁၀ နှစ်တာ ပျမ်းမျှပမာဏထက် ၂၂% ပိုမို၍ ရေသိုလှောင်ထားရှိနိုင်သဖြင့် စိုက်ပျိုးရေ အတွက် စိုးရိမ်ရန်မရှိကြောင်း၊ နိုင်ငံ၏ မြောက်ပိုင်းဒေသများ၌ အပူချိန်လျော့နည်းမှုနှင့်အတူ နံနက်ပိုင်း၌ နှင်းကျခြင်းက ဂျုံနှင့် ဆီမုံညင်းစိုက်ခင်းများအတွက် အထောက်အပံ့ဖြစ်စေပြီး ရက် သတ္တပတ် အနည်းငယ်ကြာအထိ ရာသီဥတုကောင်းမွန်ပါက သီးနှံအထွက်တိုးတက်ရရှိမည်ဟု မျှော်မှန်းထားကြောင်း စသည်ဖြင့် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားမှုအား Economic Times သတင်းဌာနက ဖော်ပြထားသည်ကိုသိရှိရပါသည်။

( အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ စီးပွားရေးသံမှူးမှ ပေးပို့ပါသည်။)

(၁၅.၁.၂၀၂၁ မှ ၂၀.၁.၂၀၂၁ရက်နေ့ထိ ကမ္ဘာနိုင်ငံများ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်သက်ဆိုင်သော သတင်းများ ဖြစ်ပါသည်။