မကွေးမြို့၊ ဈေးကွက်အတွင်း ချယ်ရီပန်းသီး အရောင်းအဝယ်သွက်လျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ သစ်သီးဝလံအရောင်းဆိုင်များနှင့် ဈေးကွက်များတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရသာထူးခြားသည့် ချယ်ရီပန်းသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ချယ်ရီပန်းသီးသည် မြန်မာနိုင်ငံတွင် ရာသီဥတုအေးမြသော တောင်ပေါ်ဒေသများ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် အဓိကစိုက်ပျိုးကြပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် မကွေးစသည့်မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြသည်။ ချယ်ရီပန်းသီးများသည် ပုံမှန် ပန်းသီးများထက် အရွယ်အစားသေးငယ်ပြီး အခွံပါးကာ ချိုမြိန်ပြီး ဖန်စပ်စပ်အရသာရှိခြင်းကြောင့် သရေစာအဖြစ် လူကြိုက်များလာခြင်းဖြစ်သည်။ ချယ်ရီပန်းသီးသည် အရသာရှိရုံသာမက ကျန်းမာရေးအတွက် သွေးတိုးရောဂါကို ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အဆီဓါတ်နည်းပါးပြီး အမျှင်ဓါတ်ကြွယ်ဝသဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်းနှင့် ဆီးချိုဝေဒနာရှင်များအတွက် သင့်လျော်သော သစ်သီးတစ်မျိုးအဖြစ် ကျန်းမာရေးပညာရှင်များက ညွှန်ကြားထားကြောင်း သိရပါသည်။

          မကွေးမြို့၊ ကန်သာဈေးနှင့် မြို့တွင်းရှိ နာမည်ကြီးသစ်သီးဆိုင်များတွင် ချယ်ရီပန်းသီးများကို လွယ်ကူစွာဝယ်ယူစားသုံးနိုင်ကြသည်။ လမ်းပန်းဆက်သွယ်ရေးစရိတ်နှင့် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် ယခင်နှစ်ကထက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ချယ်ရီပန်းသီး (၁)ပိဿာလျှင်ကျပ် (၂၀၀၀၀-၂၄၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ချယ်ရီပန်းသီး၏ အရည်အသွေးအလိုက် ဈေးကွာခြားမှုရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)