
မလေးရှားနှင့် အီဂျစ်နိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်၊ လေကြောင်းခရီးစဉ် ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်သစ်များ ရှာဖွေရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုတိုးချဲ့သွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။ ယင်းတွင် အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်နည်းပညာ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့ ပါဝင်ကြောင်း သိရသည်။
မလေးရှားသို့ နှစ်ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်သည့် အီဂျစ်သမ္မတ နှင့်အတူ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြောကြားချက်အရ ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၇၄.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ သို့သော် မူလကုန်သွယ်မှုပမာဏ နည်းပါးခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုးတက်လာခြင်းဖြစ်ပြီး ကုန်သွယ်မှု ပိုမိုတိုးချဲ့နိုင်မည့် အခွင့်အလမ်းများစွာ ကျန်ရှိနေသေးကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ မလေးရှားအနေဖြင့် ဆီမီးကွန်ဒတ်တာ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်း၊ စိုက်ပျိုးရေးနှင့် ဆေးဝါးကဏ္ဍများတွင် အီဂျစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများ ရှိနေကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထို့အပြင် မလေးရှားသည် ဆေးဝါးထုတ်ကုန်များ ရယူနိုင်မည့် အရင်းအမြစ်များအဖြစ် BRICS အဖွဲ့ဝင်နိုင်ငံများအပါအဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနေသော နိုင်ငံများကိုလည်း ရှာဖွေလျက်ရှိကြောင်း ၎င်းက ဆိုသည်။ အီဂျစ်နိုင်ငံသည်လည်း မလေးရှား၏ ဆေးဝါးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင် အီဂျစ်သမ္မတ အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကို ရပ်တန့်ရန် အီဂျစ်နိုင်ငံအနေဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာစေရန် နိုင်ငံအားလုံး စုပေါင်းကြိုးပမ်းမှုများ လိုအပ်ကြောင်းလည်း အလေးပေးပြောဆိုခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
