EUနှင့် အင်ဒိုနီးရှား CEPA သဘောတူညီချက် အမြန်ဆုံး လက်မှတ်ရေးထိုးရန် အင်ဒိုနီးရှား တိုက်တွန်း

Powered by Drupal

       အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂ (EU) အကြား ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (I-EU CEPA) ကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေးနှင့် ၂၀၂၇ ခုနှစ်တွင် EU ၏ အထွေထွေ အခွင့်အရေးပေးကုန်သွယ်ရေးအစီအစဉ် (GSP) သက်တမ်းကုန်ဆုံးမည့်မတိုင်မီ ဈေးကွက်ဝင်ရောက်ခွင့် ရရှိရေးအတွက် အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Budi Santoso က တိုက်တွန်းထားကြောင်း သိရသည်။

       ယင်းနှင့်စပ်လျဉ်း၍ Budi Santoso သည် မကြာသေးမီက ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုတွင် ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးနှင့် စီးပွားရေးဆွဲဆောင်မှုဆိုင်ရာ ဒုဝန်ကြီး Nicolas Forissier ထံမှ အဆိုပါသဘောတူညီချက်ကို ဥရောပသမဂ္ဂကောင်စီမှ အတည်ပြုနိုင်ရေးအတွက် ထောက်ခံပေးရန် တိုက်ရိုက်တောင်းဆိုခဲ့ကြောင်း သိရသည်။

         I-EU CEPA လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ် ချောမွေ့စေရန် ဥရောပသမဂ္ဂကောင်စီအတွင်း ပြင်သစ်နိုင်ငံ၏ ထောက်ခံမှုကို အင်ဒိုနီးရှားက မျှော်လင့်ထားပြီး ၂၀၂၇ ခုနှစ် အစောပိုင်းတွင် သဘောတူညီချက်ကို စတင်အကောင်အထည်ဖော်နိုင်ရန် ပြည်တွင်းလုပ်ငန်းစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

       နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ခြင်းသည် ၂၀၂၇ ခုနှစ်တွင် အင်ဒိုနီးရှားထုတ်ကုန်များအတွက် အကျုံးဝင်မှု ရပ်ဆိုင်းမည့် GSP စနစ်မှ CEPA အောက်ရှိ ကုန်သွယ်ရေးအခွင့်အရေးသို့ ချောမွေ့စွာ ကူးပြောင်းနိုင်ရေးအတွက် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

     ထို့ပြင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော စားအုန်းဆီနှင့် ၎င်းမှထုတ်လုပ်သည့် ထုတ်ကုန်များ၊ ဖိနပ်၊ အထည်အလိပ်နှင့် ရေထွက်ကုန်များအတွက် အီးယူဈေးကွက်သို့ ထိရောက်သည့် ဝင်ရောက်ခွင့်များ ရရှိရန်လည်း မျှော်လင့်ထားကြောင်း သိရသည်။

        နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုတွင် Nicolas Forissier က အင်ဒိုနီးရှား၏ အထူးအခွင့်အရေးပေး ကုန်သွယ်ရေးစနစ်များကို အသုံးချရန် ပြင်သစ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအကြား စိတ်ဝင်စားမှု မြင့်မားနေကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ဖော်ပြထားကြောင်း သိရသည်။

           ထို့အပြင် အင်ဒိုနီးရှားနိုင်ငံတွင် မကြာမီ စတင်ကျင့်သုံးမည့် မဖြစ်မနေ ဟာလာလ်အသိအမှတ်ပြု လက်မှတ်ရယူရမည့် စည်းမျဉ်းများနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများ၏ သဘောထားများကိုလည်း Nicolas Forissier က တင်ပြခဲ့ပြီး လုပ်ငန်းများအနေဖြင့် စည်းမျဉ်းအသစ်များနှင့် ကိုက်ညီစေရန် လုံလောက်သည့် ပြင်ဆင်ချိန်ကာလ လိုအပ်ကြောင်း ဖော်ပြခဲ့‌ကြောင်း သိရသည်။

        ယင်းကိစ္စနှင့်ပတ်သက်၍ အင်ဒိုနီးရှားအာဏာပိုင်များသည် ဟာလာလ်အသိအမှတ်ပြု လက်မှတ် စတင်ကျင့်သုံးမည့် အချိန်ဇယားကို ပြင်ဆင်နိုင်ခြေရှိ၊ မရှိ ပြန်လည်သုံးသပ်လျက်ရှိကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

          ဟာလာလ်အသိအမှတ်ပြုလက်မှတ်စနစ်သည် စားသုံးသူများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်ရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး သွင်းကုန်ကန့်သတ်ရေး သို့မဟုတ် ကုန်သွယ်ရေး အတားအဆီးတစ်ရပ်အဖြစ် သတ်မှတ်ထားခြင်းမရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)