
ပျားရည်ဆိုတာ ပျားကောင်လေးတွေ စုဆောင်းထားတဲ့ ပန်းဝတ်ရည်လေးတွေကို စစ်ထုတ်ထားတဲ့ အရည်ဖြစ်ပါတယ်။ အာဟာရဓါတ်ကြွယ်ဝသလို အရသာကလည်း ချိုပါတယ်။ သကာရည်လို စေးပျစ်ပျစ်ရှိပြီး အရောင်က အဝါရောင်ဖျော့ဖျော့ကနေ အဝါရောင်ရင့်ရင့်တွေအထိ အမျိုးမျိုးရှိနိုင်ပါသည်။ ပျားရည်ဆိုတာ သဘာဝက ရတဲ့ ဆေးဖက်ဝင် ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။
ပျားရည်သည် အိမ်တိုင်းတွင် ဆောင်ထားသင့်ပြီး ကျန်းမာရေးအတွက် အထူးကောင်း မွန်သော အရာဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ပျားအမျိုးပေါင်း (၃၂၀)ခန့်ရှိပြီး အရောင်၊ အနံ့နှင့် အရသာအမျိုးမျိုးရှိကြပါသည်။ ပျားရည်ကို အလွန်အကျိုးရှိသော ဖြည့်စွက်စာအဖြစ် အသုံးပြုသည်မှာ ပျားရည်တွင် သကြားဓါတ်၊ ဗီတာမင် သတ္တုဓါတ်နှင့် သံ၊ ဇင့်တို့ရောစပ်ထားသော ဂုဏ်သတ္တိများစွာပါဝင်သောကြောင့် ဖြစ်ပါသည်။
"ပျားကို ပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာ၊ ရတနာ" ဟူ၍လည်းကောင်း၊ "သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသဏ္ဌာန်"ဟူ၍ လည်းကောင်း ဆိုရိုးရှိခဲ့သည်။ ပညာကိုဖြစ်စေ၊ ဥစ္စာကို ဖြစ်စေ ရှာဖွေစုဆောင်းသူတို့သည် ခြကောင်နှင့် ပျားကောင်များကို အတုယူကာ အနည်းငယ် ဖြစ်စေကာမူ မပျောက်မပျက်အောင် တဖြည်းဖြည်း စုဆောင်းထားပါက နောင်ပညာရှိကြီး ဥစ္စာရှင်ကြီးအဖြစ်သို့ ရောက်နိုင်ကြပေမည် ဖြစ်သည်။ ပျားတို့သည် အင်းဆက်ပိုးမျှသာဖြစ်သော်လည်း အုံဖွဲ့ပုံ၊ ဝေကျပုံတာဝန်ကို အသီးအသီးမတွယ်ကပ်ဘဲ ထမ်းဆောင်ကြပုံတို့မှာ စံနစ်တကျရှိလှသဖြင့် အင်းဆက်ပိုးအပေါင်းတို့တွင် အလွန်မှတ်သားနည်းယူဖွယ်ရာကောင်းပေသည်။ မြန်မာနိုင်ငံတွင်ပျားကြီး၊ယင်းပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျားနှင့် မွေးလိမ်ပျားဟူ၍ ပျားငါးမျိုးအထင်အရှား ရှိလေသည်။ ထိုပျားများအနက် ပျားကြီး၊ ယင်းပျားနှင့်သစ်ခေါင်းပျားများမှ ပျားရည် အမြောက်အမြား ရရှိကြ၏။ ယင်းပျားအုံများကို တခါတရံ မြို့တွင်း၌ပင် တွေ့ရှိရတတ်၍၊ ပျားကြီးအုံများကိုမူ တောနက်တွင်းရှိ သစ်ပင်မြင့်များပေါ်၌သာ တွေ့ရတတ်သည်။
ပျားများကို ၂မျိုးခွဲခြားနိုင်၏။ တစ်မျိုးမှာ အစုလိုက်နေတတ်သော ပျားမျိုးဖြစ်၍ တစ်မျိုးမှာ သီးခြားနေတတ်သော ပျားမျိုး ဖြစ်၏။ ယင်းပျားနှင့်ပျားပိတုန်းသည် အစုလိုက်နေတတ်သော ပျားမျိုးဖြစ်သည်။ ယင်းတို့သည် သီးခြားနေတတ်သော ပျားမျိုးထက် ကြီးသည်။ အစုလိုက် နေတတ်သော ပျားမျိုးသည် အများအားဖြင့် တစ်လက်မ၏ ၁၂ပုံ တစ်ပုံ ရှည်၍ သီးခြားနေတတ်သော ပျားမျိုးသည် ယင်း၏ ၁၈ဆခန့် ကြီးသည်။အစုလိုက်နေတတ်သော ပျားမျိုးတွင် ပျားဘုရင်မ၊ လုပ်သားပျားခေါ် လိင်မဲ့ပျားနှင့် ပျားထီးဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ ပျားအုံတစ်အုံတွင် ပျားဘုရင်မတစ်ကောင်သာ ရှိသည်။ ပျားဘုရင်မသည် ဥများအုပေးရသည်။ အခြားပျားများထက် ကိုယ်လုံးသွယ်၍ ရှည်သည်။ အတောင်တို့နှင့် ရင်အုံဝါသည်။ လုပ်သားပျားများကဲ့သို့ ဖယောင်း အိတ်နှင့် ဝတ်မှုန်အိတ်မပါချေ။ ပျားထီးများသည် ပျားမများနှင့် မျိုးပွားမှုကိစ္စ ဆောင်ရွက်ရသည်။ အခြား မည်သည့် အလုပ်ကိုမျှ လုပ်ကိုင်လေ့မရှိချေ။ လုပ်သားများထက် အကောင်ကြီး အမွေးထူ၍ မျက်လုံးလည်း ကြီးသည်။ မျိုးပွားမှု ကိစ္စဆောင်ရွက်ပြီးလျှင် ဆောင်းကူးရာသီ ရောက်သော် ယင်းပျားထီးများကို လုပ်သားပျားများက သတ်ပစ်ကြသည်။ လုပ်သားပျားများကား မဖွံ့ဖြိုးသော ပျားမများ ဖြစ်သည်။ သူတို့သည် အစာရှာရန်နှင့် မွေးလာသော ပျားကလေးများကို ကြည့်ရှုရန်အပြင် ပျားအုံကို ထိန်းသိမ်းရလေသည်။ လုပ်သားပျားမှာ ဥအုတတ်သော်လည်း၊ ယင်းဥတို့မှ ပျားထီးသာ ပေါက်သည်။ ကောင်ရေတစ်သောင်းခန့်ရှိသော ပျားအုံတစ်အုံတွင် လုပ်သားပျား ၉၅၀၀ခန့် ရှိတတ်သည်။ လုပ်သားပျားများ၏ နောက်ခြေထောက်တွင် ပျားပေါက်စများ စားသုံးဖို့ ဝတ်မှုန်ဝတ်ဆံ များ စုဆောင်းသယ်ယူရန် ဝတ်မှုန်အိတ်ပါသည်။ ပိုက်အောက်၌လည်း ပျားဖယောင်းအိတ် ရှစ်အိတ်ပါသည်။သီးခြားနေတတ်သော ပျားအချို့သည် သီးခြားအခန်းနှင့် ကိုယ့်မိသားစုချည်း နေတတ်သည်။ ယင်းပျားမျိုးသည် ဆောင်းရာသီတွင် သေကြေပျက်စီး တတ်ကြ သော်လည်း အမများမှာမူ နွေဦးရာသီတိုင်အောင် အသက်ရှင်နေတတ်ကြသည်။
ပညာရှင်များ၏ လေ့လာမှုအရ တစ်နေ့လျှင် ပျားရည်(၅၀)မီလီယံ (သို့မဟုတ်) လ္ဘက်ရည်ဇွန်း(၁၀)ဇွန်းအောက် စားသုံးသင့်သည်ကို အကြံပြုထားကြောင်း သိရသည်။ ပျားတွေကို သဘာဝဆေးဝါးကျွမ်းကျင်ပညာရှင်အဖြစ်တောင် တင်စားခေါ်ဝေါ်နိုင်ကြောင်း၊ ပျားတို့ဖန်တီး ထုတ်လုပ်လိုက်တဲ့ ပျားရည်၊ ပျားနို့၊ ပျားကော်၊ ပျားဖယောင်းမှ ပျားဆိပ်အထိ လူသားတို့၏ ကျန်းမာရေးအတွက် များစွာအသုံးဝင်တဲ့အတွက် ကျွမ်းကျင်ပညာရှင်များလို့ တင်စား ခေါ်ဝေါ် ကြတာပဲဖြစ်ပါတယ်။ ပျားရည်က ဆေးဖက်ဝင်ကြောင်း လူတိုင်းလိုလိုလက်ခံယုံကြည်ပြီး အရွယ်မရွေး၊ လူမျိုး ပေါင်းစုံ ကျန်းမာရေးအတွက် သုံးစွဲနေကြတာလည်း တွေ့နိုင်ပါသည်။
ပျားရည်သုံးစွဲပြီး ပျောက်ကင်းနိုင်တဲ့ ရောဂါများမှာ အစာအိမ်ရောဂါ၊ မျက်စိအမြင်မကြည် လင်ခြင်း၊ မောပန်းလွယ်ပြီး အင်အားချိနဲ့သူများ၊ ခရီးပန်းသူများ၊ အအေးမိချောင်းဆိုး၊ မူးဝေခြင်းအမျိုးမျိုး၊ ဆီပူ၊ ဝမ်းဖောဝမ်းရောင်ရောဂါ များပျောက်ကင်းနိုင်ကြောင်းသိရသည်။
ပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှု အနေဖြင့် နှမ်းပျားရည်၊ ဆီး(ဇီး)ပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုင်ချီးပျားရည်၊ သရက်ပျားရည်၊ မုန်လာဥပျားရည်နှင့် ပန်းပေါင်းစုံပျားရည်တို့ ဟူ၍ ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ ယင်းတို့အနက် ဆီးပျားရည် နှင့် မုန်လာဥပျားရည် တို့သည် ဈေးကွက်အတွင်း တန်ဖိုးအမြင့်ဆုံးနှင့် ဈေးကောင်းရရှိသော ထုတ်ကုန်များအဖြစ် ရပ်တည် နေသည်။ မြန်မာ့ပျားရည်ကို ပြည်တွင်း၌သာမက ပြည်ပသို့လည်း တင်ပို့လျက်ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံထွက် ပျားရည်ကို ဂျပန်၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့နေပြီး ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ မတ်လအထိ ပြည်ပကို ပျားရည်တန်ချိန် (၁၀၀၀)တင်ပို့နိုင်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ပျားရည်မျိုးပေါင်းများစွာ တစ်နှစ်ပတ်လုံး ထုတ်ယူရရှိနိုင်သည့် သစ်ပင် ပန်းမန်များ အလွန်စုံလင်စွာရှိပါသည်။ ပျားရည်ကို ရိုးရာနည်းဖြင့် ပမာဏအနည်းငယ်ထုတ်လုပ်ပြီး ကျေးလက်ဒေသများမှ ပျားမွေးမြူရေးသမားများအတွက် ပုံမှန်ဝင်ငွေကို ရရှိစေပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ပျားမွေးမြူသည့်ဧရိယာ (၆၇၀)ဟက်တာခန့်ရှိပြီး နှစ်စဉ် ပျားရည်တန်ချိန် (၄၀၀၀) မှ (၅၀၀၀) ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ပျားရည်ထုတ်လုပ်မှုမှာ မှန်မှန် တိုးတက်လျက် ရှိပါသည်။ လက်ရှိတွင် ကုမ္ပဏီပေါင်း (၆)ခုမှ နှစ်စဉ်ပျားရည်တန်ချိန် (၂၀၀၀) ခန့် ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ပျားရည်ထက်ဝက်ခန့်ကို ဆီးသီးပင် (Jujube trees) မှ ထုတ်လုပ်ရရှိပါသည်။ အခြားပျားရည်ထုတ်လုပ်သော အပင်များမှာ အီသီယိုးပီးယား နေကြာပင်(Niger) ၊ နှမ်းပင်၊ နေကြာပင်၊ သုံးဆင့်ပန်းပင်၊ ၀ါဖြူပင်၊ ပဲစင်းငုံပင်၊ တောပန်းများနှင့် လိုင်ချီးပင်တို့ဖြစ်ပါသည်။
ပျားရည်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို တောပန်းပင်များမှ ထုတ်ယူရရှိပါသည်။ ရာဘာပင်မှ နှင်းစက်ပျားရည်(honeydew) ကို ထုတ်ယူရရှိပါသည်။ ထောပတ်ပင်နှင့် မက္ကာမေး ဒီးယားပင်များမှ ပျားရည်ထုတ်လုပ်ရရှိရန် အလားအလာများစွာရှိနေပါသည်။
မြန်မာပျားရည်အများစုမှာ ပဋိဇီဝဆေးနှင့် ပိုးသတ်ဆေးကင်းစင်ပါသည်။ ပျားရည်ကို အခြားပစ္စည်းများ (ဥပမာရေ စသည်) နှင့် ရောနှောရောင်းချခြင်းများ မြန်မာနိုင်ငံတွင် တွေ့ရလေ့ မရှိပါ။ ပြည်သူ့ရေးရာကဏ္ဍများနှင့် နိုင်ငံတကာအလှူရှင်များက ယခုအခါ ပျားမွေးမြူရေး အလေ့ အထကောင်းများနှင့် (Hazard Analysis and Critical Control Point (HACCP))အခြေခံမူများ(ဘေးအန္တရာယ်ဆန်းစစ်ရေးနှင့် အရေးပါသော လုပ်ငန်းအဆင့်များကို စောင့်ကြည့် ထိန်းချုပ်ရေး)စသည့် ပျားရည်ထုတ်လုပ်မှုစံနှုန်းများကို အကောင်အထည်ဖော်ရန် ဦးတည် ဆောင်ရွက်နေကိုလည်းသိရသည်။
မြန်မာ့ပျားရည်ကို စစ်ကိုင်းတိုင်ဒေသကြီး တွင် ကနီ၊ ဘုတလင်၊ ယင်းမာပင်၊ မန္တလေးတိုင်း ဒေသကြီး၌ ရမည်းသင်း၊ ပျော်ဘွယ်၊ မကွေး တိုင်းဒေသကြီး၌ မကွေးနှင့်နတ်မောက်တို့မှ ဆီးပျားရည်ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ပန်းနှမ်းပျားရည်ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီးတို့၌ ရော်ဘာပျားရည်ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးတွင် နေကြာပျားရည်ကို လည်းကောင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ပဲခူးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့၌ ပန်းပေါင်းစုံပျားရည်များထွက်ရှိ ထုတ်လုပ်လျက် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ပျားရည်အများ ဆုံးထွက်ရှိကာ နိုင်ငံတစ်ဝန်းပျားရည်ထွက်ရှိမှု ၏ ၆၀ရာခိုင်းနှုန်းရှိကြောင်းနှင့် ပုဂ္ဂလိကပျားမွေးမြူသူ ၈၃၅ ဦးကျော် ရှိကြောင်းလည်း သိရသည်။ ဈေးကွက်အနေဖြင့် ပြည်ဈေးကွက်တွင် ပျားရည် (၅၀)သားဗူး တစ်ဗူးလျှင် (၃၀၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရသည်။
DOCA(ပဲခူး)
