
စားသုံးသူအကာအကွယ်ပေးရေးသည် မျှတပြီး ယုံကြည်စိတ်ချရသော ဈေးကွက်တစ်ခု ဖြစ်ပေါ်လာစေရန် အထောက်အကူပြုကြောင်း၊ ထိုသို့သော ဈေးကွက်တွင် စားသုံးသူများက ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်သကဲ့သို့ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများလည်း ဆက်လက်တိုးတက်နိုင်မည်ဖြစ်ကြောင်း ဘရူနိုင်းအစိုးရ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၁ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Hajah May Fae'zah Ahmad Ariffin က ပြည်တွင်းဈေးကွက် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းသည် ရင်းနှီး မြှုပ်နှံမှုများကို အားပေးနိုင်ပြီး၊ ဆန်းသစ်တီထွင်မှုများကို ဖြစ်ပေါ်စေကာ စီးပွားရေးတိုးတက်မှုကိုလည်း အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။ ယင်းအချက်များသည် Brunei Vision ၂၀၃၅ ၏ ရည်မှန်းချက်များနှင့် လည်း ကိုက်ညီကြောင်း ၎င်းက မြို့တော်အနီးတွင် ကျင်းပသည့် အမျိုးသားစားသုံးသူများနေ့ ဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖိုရမ်ကို စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဌာနက စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ခဲ့ကြောင်း သိရသည်။
ဖိုရမ်သို့ စည်းမျဉ်းကြီးကြပ်ရေးအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများမှ ကိုယ်စားလှယ်များအပါအဝင် လူပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါဖိုရမ်တွင် ဘရူနိုင်းဈေးကွက်အပေါ် စားသုံးသူများ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန် နည်းလမ်းများနှင့် ကုန်ပစ္စည်းဘေးကင်းလုံခြုံရေး၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာများ ပိုမိုမြင့်မားလာစေရန် ဆောင်ရွက်မည့် အစီအမံများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
