“စားသမျှ၊သောက်သမျှတို့ လုံခြုံဘေးကင်းကြစေဖို့”

Powered by Drupal
Tue, 10/13/2026 - 13:43 -- consumer_admin

                  လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် နေ့စဉ်စားသုံးနေရသည့် အစားအစာနှင့် သောက်ရေသန့်တို့သည် ကျန်းမာရေးအတွက် အဓိကကျလှပါသည်။ စားသမျှ သောက်သမျှတို့ ဘေးကင်းလုံခြုံစေရန်အတွက် အစားအသောက်နှင့် သောက်ရေသန့်များတွင် ဖြစ်ပေါ်တတ်သော ဇီဝ အန္တရာယ်နှင့် အခြားအန္တရာယ်များကို အထူးဂရုစိုက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လက်ကို စနစ် တကျဆေးကြောခြင်း၊ အသုံး အဆောင်ပစ္စည်းနှင့် မီးဖိုချောင်ကို သန့်ရှင်းအောင် ထားရှိခြင်း။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အဏုဇီဝပိုးမွှား ကင်းစင်သော သောက်ရေသန့်များကိုသာ ရွေးချယ် သောက်သုံးခြင်း။ နေ့စဉ်စားသုံးနေသော အစားအစာများကို ဝယ်ယူရာတွင် သက်တမ်းလွန်ခြင်း ရှိ/မရှိနှင့် လတ်ဆတ်မှုတို့ကို သေချာစွာ စစ်ဆေး ဝယ်ယူခြင်း တို့ကြောင့် လုံခြုံစိတ်ချရမှုမရှိသော အစားအစာများကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အဆိပ်သင့်ခြင်း ကဲ့သို့သော ကျန်းမာရေး ပြဿနာများကို ရှောင်ရှားနိုင်ပါသည်။သန့်ရှင်းလတ်ဆတ်သော အစားအစာများမှသာ ခန္ဓာကိုယ် အတွက်လိုအပ်သော အာဟာရကို အပြည့်အဝ ရရှိစေနိုင်ပါသည်။အစားအသောက်များကို ဝယ်ယူ ရာတွင် သက်တမ်းလွန် ရက်စွဲများ၊ ထုပ်ပိုးမှုနှင့် ပျက်စီးမှု ရှိ/မရှိ သေချာစွာ စစ်ဆေးသင့်ပါသည်။ ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို စနစ်တကျ ဆေးကြောပြီး ကျက်အောင် ချက်ပြုတ် စားသုံးသင့်ပါ သည်။ကျန်ရှိသော အစားအစာများကို ယင်နား၊ ပိုးဟပ်ကင်းစင်စေရန်ဖုံးအုပ်၍ ရေခဲသေတ္တာ သို့မဟုတ် သင့်လျော်သော နေရာတွင် သိမ်းဆည်းရပါမည်။

              လူတိုင်း ကျန်းမာအသက်ရှင်နိုင်ရေးအတွက် နေ့စဉ် မဖြစ်မနေစားသောက်နေကြရသည့် ရေနှင့် အစားအစာတို့ ကျန်းမာရေး နှင့်ညီညွတ်ရန်၊ ဘေးကင်း လုံခြုံရန် လိုသည်။ မိမိတို့နိုင်ငံတွင် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းသော အစားအသောက်ကို အများပြည်သူတို့ စားသုံးနိုင်ရန်၊ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးကို ထိခိုက်စေနိုင် သောအစားအသောက်ကို အများပြည်သူတို့ စားသုံးမိခြင်းမှ ကာကွယ်ရန်၊ ထိန်းချုပ်အစားအသောက် ထုတ်လုပ်ခြင်းကို စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်ရန်၊ အစားအသောက်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပ သို့တင်ပို့ခြင်း၊သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း ၊ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲ ထိန်းသိမ်းရန်အတွက် အမျိုးသားအစားအသောက်ဥပဒေကို ပြဌာန်းထားရာ စားစရာ၊သောက်စရာ ထုတ်လုပ်သူ၊ တင်သွင်းသူ၊တင်ပို့သူ၊ သိုလှောင်သူ၊ သယ်ယူ ပို့ဆောင်သူ၊ ဖြန့်ဖြူးရောင်းချသူတိုင်း လိုက်နာကြရန်လိုသည်။

              သောက်ရေသန့်အပါအဝင် အစားအစာများ ဘေးကင်းလုံခြုံရေးဟုဆိုရာတွင် ဇီဝအန္တ ရာယ်၊ ဓာတုအန္တရာယ်၊ရူပအန္တရာယ်များကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုစေရေးကို ဆိုလိုခြင်းဖြစ်သည်။ စားသောက်ဖွယ်ရာတို့ဘေးကင်းလုံခြုံမှုသည် နိုင်ငံတိုင်းတွင် အလေးထားဆောင်ရွက်ကြရပြီး ပြည်တွင်း၌ ထုတ်လုပ်သည့် စားသောက်ဖွယ် ရာများ၊ပြည်ပမှ တင်သွင်းလာသည့် စားသောက်ဖွယ်ရာများကို အစားအသောက်ဘေးကင်း လုံခြုံမှု ဆိုင်ရာစံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စဉ်ဆက်မပြတ် စစ်ဆေးကြရသည်။ စားသောက်ဖွယ်ရာများ ဘေးကင်းလုံခြုံရေးဟူသည် စတင်ထုတ်လုပ်သည့်နေရာမှ စားသုံးသူ၏ စားပွဲပေါ်သို့ ရောက်ရှိသည်အထိ ကွင်းဆက်တစ်လျှောက်လုံးတွင် ကောင်းမွန်သောအလေ့အကျင့် များဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရခြင်း ဖြစ်သည်။

              စားစရာ၊သောက်စရာများ လတ်ဆတ်မှုမရှိခြင်းသက်တမ်းလွန်နေခြင်း ပါဝင်ပစ္စည်း တစ်ခုခု ကြောင့် ဓာတ်မတည့်ခြင်း၊မှိုဗက်တီးရီးယား၊ဗိုင်းရပ်စ်များပါဝင်နေခြင်း၊ ဓာတ်ဆေး၊ ဆိုးဆေး၊ ပဋိဇီဝဆေး၊ ဖြည့်စွက်ဆေးများ၊ တာရှည်ခံဆေးများနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေခြင်း၊ စားစရာများထဲတွင် ပြင်ပမှအရာဝတ္ထုများ (ချုပ်ပင်၊ချိတ်၊ဖန်ကွဲစ၊ပလတ်စတစ်စ၊ဖုန်၊အမှိုက်စ ၊အင်းဆက်ပိုးအသေကောင်)စသည်တို့ ပါဝင်နေခြင်းကြောင့် စားသုံးသူများမှာ လတ်တလောတွင် မူးဝေ၊ပျို့အန်၊ဝမ်းပျက်ဝမ်းလျှော အစာအဆိပ်သင့်၊ဗိုက်အောင့်ခြင်း စသည်တို့ခံစားရနိုင်သကဲ့သို့ ရေရှည်တွင်လည်း ကင်ဆာကဲသို့သော ရောဂါဝေဒနာများ ခံစားရနိုင်သည်။

              သောက်ရေသန့်များဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ၊ဓာတုဗေဒဆိုင်ရာ၊အဏုဇီဝပိုးမွှားဆိုင်ရာ၊ ထုတ်လုပ် မှုနှင့်ထုပ်ပိုးမှုဆိုင်ရာ စံချိန်စံညွန်းများနှင့် ကိုက်ညီကြရမည်ဖြစ်သည်။ ရေသန့်သည် ချဉ်ငန်ဓာတ်(pH) သတ်မှတ်စံနှုန်း ၆ဒသမ၅မှ ၈ဒသမ၅အတွင်းရှိရန်နှင့် ရေ၏နောက်ကျိမှုသည် သတ်မှတ် NTU ယူနစ် ထက် မကျော်ရဘဲ လုံးဝ ကြည်လင်နေရမည်။ ရေတွင်ပျော်ဝင်နေသော သတ္တုဓာတ်များနှင့် ဓာတုပစ္စည်းများ ဖြစ်သော သံဓာတ်၊အာဆင်းနစ်ဓာတ်၊ခဲဓာတ်၊ ဖလိုရိုက် ၊ကလိုရိုက်၊ထုံးဓာတ် စသည်တို့မှာ လူကိုအန္တရာယ်မပြုနိုင်သော ပမာဏအတွင်းမှာသာ ရှိရမည် ဖြစ်သည်။ ရေသန့်ဘူးများ ဘူးထဲရှိ သောက်သုံး ရေများတွင် ဝမ်းပျက်ဝမ်းလျှောနှင့် ကူးစက်ရောဂါ ဖြစ်စေသော E.coli,Coliform,Shigella (ဝမ်းကိုက်ပိုး)၊ Vibrio Cholerae (ကာလဝမ်းရောဂါပိုး)နှင့် အခြားဗက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ကပ်ပါးပိုးများ လုံးဝ ကင်းရှင်းရမည်လည်း ဖြစ်သည်။

              သောက်ရေသန့် စက်ရုံများသည် သန့်ရှင်းသော ထုတ်လုပ်မှုစနစ် (Good Manufacturing Practices)နှင့် ညီညွတ်ရန် လိုအပ်ပြီး အိုဇုန်း(Ozone) သို့မဟုတ် ခရမ်းလွန်ရောင်ခြည် (UV Ray)ဖြင့် ပိုးသတ်ခြင်း ကို စနစ်တကျပြလုပ်ကြရသည်ဖြစ်သည်။ ထုပ်ပိုးမှုအနေဖြင့် ကတ်ဘူး၊ပလတ်စတစ် ဘူးများ သည် အစားအသောက်သုံး(Food Grade)ပလတ်စတစ်ဖြစ်ရန်နှင့် နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့ သောနေရာများတွင် အချိန်ကြာရှည် သိုလှောင်ခြင်း မပြုရန် လိုသည်။

          စားသောက်ဖွယ်ရာများ၊ ဘေးကင်းလုံခြုံရေး၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးသည် ထုတ် လုပ်သူများ၊သယ်ယူပို့ဆောင် ဖြန့်ဖြူးသူများ၊ ရောင်းချသူများက ဥပဒေ စည်မျဉ်း စည်းကမ်း စံချိန်စံညွှန်း များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှု၊ မိမိ၏အလုပ်နှင့် စားသုံးသူ ပြည်သူများအပေါ် စေတနာထားလုပ်ကိုင်မှုတို့အပေါ်တွင် တည်ရှိနေသည်။ သို့ဖြစ်ရာ ထုတ်လုပ်သူ၊ သယ်ဆောင် ရောင်းချသူများရော စားသုံးသူများပါ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးတွင် ရှောင်ကြဉ် သင့်သည်ကို ရှောင်ကြဉ်၊ လိုက်နာ သင့်သည်ကို လိုက်နာခြင်းဖြင့် အစားအစာလုံခြုံဘေးကင်းကြပါ စေကြောင်း။ စားသမျှ၊ သောက်သမျှများ တွင် ဖော်ပြထားသည့်အတိုင်း အစားအစာများ ဘေးကင်း လုံခြုံရေးသည် လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။

             ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် ကလေးများ၏ ကျန်းမာရေးသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည်။ ယနေ့ကလေးတစ်ဦး စားသုံးသောအစားအသောက်သည် မနက်ဖြန် ထိုကလေး ၏ ကျန်းမာရေးနှင့် ဘဝအရည်အသွေးကို ဆုံးဖြတ်ပေးနိုင်သည်။ ထို့ကြောင့် ဈေးနှုန်းနှင့် ထုပ်ပိုးမှုပုံစံကိုသာ အခြေခံ၍ မရွေးချယ်ဘဲ ဘေးကင်းရေး၊ အရည်အသွေးနှင့် ထုပ်ပိုးမှုပုံစံကိုသာ အခြေခံ၍ မရွေးချယ်ဘဲ ဘေးကင်းရေး၊ အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှုကို ဦးစားပေးရွေးချယ် သင့်ကြောင်း၊ စားသမျှ သောက်သမျှတို့ လုံခြုံ ဘေးကင်းမှသာ ကျန်းမာကြံ့ခိုင်ပြီး တက်ကြွလန်းဆန်း သော ဘဝပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။

DOCA(ပဲခူး)