
မြန်မာနိုင်ငံသည် ကုန်းမြေ၊ ရေမြေ၊ တောတောင်နှင့်မြေအောက်သယံဇာတအရင်းအမြစ် များအလွန်ကြွယ်ဝသည့် အရှေ့တောင်အာရှ၏ နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဤကဲ့သို့သောသဘာဝ ဆုလာဘ်များကို အခြေခံ၍ နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အဓိကကျောရိုးဖြစ်လာသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည် မြို့ပြနှင့်ကျေးလက်ဒေသအနှံ့ အပြားတွင်အသက်ဝင် လှုပ်ရှားလျက်ရှိကြသည်။ ယနေ့ခေတ် ကမ္ဘာ့စီးပွားရေးစနစ်တွင်ကုန်ကြမ်း သဘာဝသယံဇာတများကို တိုက်ရိုက်ထုတ်ယူရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းသည် ပိုမိုအကျိုးအမြတ်များစေပြီး ရေရှည်တည်တံ့သော စီးပွားရေးကို ဖန်တီးပေးနိုင်ပါသည်။
မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားနှင့် သဘာဝအရင်းအမြစ်များကို အခြေခံ၍MSME လုပ်ငန်းများကိုအဓိကကဏ္ဍ(၄)ရပ်ခွဲခြားကာ လေ့လာနိုင်ပါသည်။-
(၁)သစ်တောထွက်ပစ္စည်းနှင့်သစ်အခြေခံလက်မှုလုပ်ငန်းများ။ မြန်မာ့ကျွန်းသစ်၊ ပိတောက်၊ သစ်မာနှင့် အခြားသစ်တောထွက်ပစ္စည်းများကို အသုံးချ၍ဒေသခံလက်မှုပညာရှင်များသည် အိမ်သုံး ပရိဘောဂများ၊ ရိုးရာသစ်ထွင်းလက်မှုပစ္စည်းများနှင့် အလှဆင်ပစ္စည်းများကို ထုတ်လုပ်ကြသည်။ ဤလုပ်ငန်းများသည် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရုံသာမက မြန်မာ့ ရိုးရာလက်မှုအနုပညာအမွေအနှစ်များကိုပါ ဆက်လက်ထိန်းသိမ်းပေးနိုင်ပါသည်။
(၂)ကျောက်မျက်ရတနာနှင့်ရတနာဒီဇိုင်းဖော်ြခင်းလုပ်ငန်းများ။ ကမ္ဘာ့နာမည်ကျော်ကျောက်စိမ်း၊ ပတ္တမြား၊နီလာနှင့်ပယင်းစသည့်သဘာဝကျောက်မျက်ရတနာများကို တူးဖော်ပြီးနောက် ပြည်တွင်း MSMEလုပ်ငန်းများက ကျောက်သွေးခြင်း၊ လက်ဝတ်ရတနာဒီဇိုင်းဖော်ခြင်းနှင့် အလှဆင်လက်မှု ပစ္စည်းများအဖြစ် ဖန်တီးထုတ်လုပ်ကြသည်။ ဤကဏ္ဍသည် နိုင်ငံတကာစျေးကွက်သို့ထိုးဖောက် နိုင်စွမ်း အမြင့်မားဆုံးသောကဏ္ဍတစ်ခုလည်း ဖြစ်ပါသည်။
(၃)သဘာဝဆေးဖက်ဝင်အပင်နှင့်အလှကုန်ထုတ်လုပ်မှုလုပ်ငန်းများ။ မြန်မာနိုင်ငံ၏ သဘာဝ တောတောင်များမှထွက်ရှိသည့် သနပ်ခါး၊ ပျားရည်၊ ဖယောင်းနှင့်ဒေသထွက်ဆေးဖက်ဝင် အပင်များ ကိုအခြေခံ၍ ခေတ်မီနည်းပညာများဖြင့် အသားအရေထိန်းသိမ်းရေးပစ္စည်းများနှင့် သဘာဝအလှကုန် များကို ထုတ်လုပ်လာကြသည်။ အထူးသဖြင့် လူငယ်လုပ်ငန်းရှင်အများစုသည် ဤကဏ္ဍတွင် ဆန်းသစ်သောထုတ်ကုန်အသစ်များကို တီထွင်ထုတ်လုပ်လျက်ရှိကြပါသည်။
(၄)သတ္တုတွင်းနှင့်မြေထွက်ပစ္စည်းအခြေခံလုပ်ငန်းများ။ မြေစေး၊ ရွှံ့စေး၊ ထုံးကျောက်နှင့် သတ္တု အရည်ကျိုလုပ်ငန်းမှသည် ခေတ်မီကြွေထည်ပစ္စည်းများ၊ အိမ်ဆောက်လုပ်ရေးသုံး မြေထည် ပစ္စည်း များနှင့် အလှဆင်ပစ္စည်းများကို တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်အဆင့်ထိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြပါသည်။
သဘာဝသယံဇာတများကို ကုန်ကြမ်းအတိုင်းတင်ပို့ခြင်းထက် ဒေသတွင်းMSMEများက တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းကြောင့် အောက်ပါအကျိုးကျေးဇူးများကို ဖော်ဆောင်နိုင်သည်။-
(၁)ဝင်ငွေတိုးတက်မှုနှင့်စီးပွားရေးတည်ငြိမ်မှု။ ကုန်ကြမ်းတန်ဖိုးထက် တန်ဖိုးမြှင့်ထုတ်ကုန် တစ်ခု၏ရောင်းစျေးနှင့် အမြတ်အစွန်းမှာ များစွာသာလွန်သဖြင့် လုပ်ငန်းရှင်များအတွက် ဝင်ငွေပိုမို ရရှိစေပြီး စီးပွားရေးကိုပိုမိုခိုင်မာစေပါသည်။
(၂)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး။ သယံဇာတထွက်ရှိရာ ဒေသများအနီးတစ်ဝိုက်တွင်ပင် ကုန်ထုတ်လုပ်မှု လုပ်ငန်းငယ်များကို အကောင်အထည်ဖော်နိုင်သဖြင့် ကျေးလက်နေပြည်သူများနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါသည်။
(၃)နိုင်ငံခြားဝင်ငွေမြင့်မားလာခြင်း။ အရည်အသွေးမြင့်မားပြီး ဒီဇိုင်းဆန်းသစ်သောတန်ဖိုးမြှင့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရန် အထောက်အကူပြုပါသည်။
မြန်မာနိုင်ငံရှိ သယံဇာတအခြေခံMSMEများသည့် ကြီးမားသည့်အလားအလာများပိုင်ဆိုင် ထားသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်အောက်ပါအခက်အခဲများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင် နေကြရဆဲဖြစ်ပါသည်။-
-နည်းပညာပိုင်းဆိုင်ရာ အကန့်အသတ်များ။ စက်ကိရိယာများ အားနည်းခြင်း၊ ထုတ်လုပ်မှုစွမ်းအား နိမ့်ကျခြင်းနှင့် အရည်အသွေးထိန်းချုပ်မှုစနစ်များ အားနည်းချက်ရှိနေခြင်း။
-ထုပ်ပိုးမှုနှင့်စျေးကွက်ချိတ်ဆက်မှုအခက်အခဲ။ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရန် အတွက်အဓိကလိုအပ်သော ဆွဲဆောင်မှုရှိပြီး စံချိန်မီသည့်ထုပ်ပိုးမှုစနစ်နှင့် ကုန်အမှတ်တံဆိပ်တည် ဆောက်ရာတွင် လိုအပ်ချက်များရှိနေခြင်း။
-ဘဏ္ဍာငွေကြေးနှင့်ချေးငွေရယူရေးအတားအဆီးများ။ လုပ်ငန်းတိုးချဲ့ရန်နှင့် ခေတ်မီစက်ပစ္စည်း များဝယ်ယူရန်အတွက် လိုအပ်သော ရန်ပုံငွေနှင့်အတိုးနှုန်းသက်သာသည့် SMEချေးငွေများကို အာမခံ ချက်အခက်အခဲကြောင့် လွယ်ကူစွာမရရှိနိုင်ခြင်း။
-စံချိန်စံညွှန်းနှင့်အသိအမှတ်ပြုလက်မှတ်များ။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လိုအပ်သော အရည်အသွေးအသိအမှတ်ပြု လက်မှတ်များရယူရန်အတွက် အခက်အခဲများရှိနေခြင်း။
သဘာဝသယံဇာတများကို ရေရှည်တည်တံ့ခိုင်မြဲစွာအသုံးချရင်း MSMEများကိုမြှင့်တင်ရန် အတွက် အောက်ပါမဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်။-
-နည်းပညာအဆင့်မြှင့်တင်ရေးနှင့်သင်တန်းများ ပံ့ပိုးပေးခြင်း။ လုပ်ငန်းရှင်များအတွက် ခေတ်မီ ထုတ်လုပ်မှုနည်းပညာသင်တန်းများနှင့် စက်မှုလက်မှုအတတ်ပညာများကို အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့ အစည်းများပူးပေါင်း၍ ပံ့ပိုးကူညီပေးရန်။
-ဒစ်ဂျစ်တယ်စျေးကွက်နှင့်ကွန်ရက်ချိတ်ဆက်မှုတည်ဆောက်ခြင်း။ E-commerce စနစ်များ နှင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများကို အသုံးပြု၍ ပြည်တွင်းသာမကပြည်ပစျေးကွက်များပါ ချိတ်ဆက်နိုင်ရန် ဒစ်ဂျစ်တယ်စာတတ်မြောက်မှုကို မြှင့်တင်ပေးရန်။
-အရည်အသွေးထိန်းသိမ်းရေးနှင့်ထုပ်ပိုးမှုတိုးတက်စေရေး။ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ ထုတ်ကုန်များထွက်ရှိစေရန်နှင့် ဆွဲဆောင်မှုရှိသောထုပ်ပိုးမှုပုံစံများကို တီထွင်ဖန်တီးနိုင်ရန် ဒီဇိုင်းပညာရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် တို့ပင်ဖြစ်ပေသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရသော် မြန်မာနိုင်ငံ၏သဘာဝတောတောင်ရေမြေ သယံဇာတများကို အခြေခံထားသော MSMEထုတ်ကုန်များသည် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော မောင်းနှင်အားတစ်ခုဖြစ်ပါသည်။ ဤလုပ်ငန်းများရင်ဆိုင်နေရသော စိန်ခေါ် မှုများကို နည်းပညာ၊ ဘဏ္ဍာငွေကြေး၊ စျေးကွက်ချိတ်ဆက်မှုနှင့် မဟာဗျူဟာမြောက် မူဝါဒများဖြင့် ပေါင်းစပ်ကျော်ဖြတ်နိုင်မည်ဆိုပါက မြန်မာ့SMEထုတ်ကုန်များသည် ဒေသတွင်း သာမက ကမ္ဘာ့စျေး ကွက်အထိအောင်မြင်စွာ ထိုးဖောက်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင် ခြင်းအားဖြင့် နိုင်ငံတော်၏ပို့ကုန်ကဏ္ဍမြင့်မားလာမည်ဖြစ်ပြီး၊ ရေရှည်တည်တံ့ခိုင်မြဲ၍ အားလုံးပါဝင်နိုင်သော စီးပွားရေးစနစ်ဆီသို့ အခိုင်အမာဦးတည်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
DOCA(ပဲခူး)
