
ပဲပုပ်ဆီထုတ်လုပ်မှုသည် လာမည့်ခြောက်နှစ်အတွင်း ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး ထိပ်တန်း ဟင်းသီးဟင်းရွက်ဆီအဖြစ် စားအုန်းဆီကို ကျော်တက်လာနိုင်ကြောင်း ဆီလုပ်ငန်းဆိုင်ရာ ထိပ်တန်း လေ့လာသုံးသပ်သူ Mr. Thomas Mielke က ပြောကြားခဲ့သည်။
ISTA Mielke GmbH ၏ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သော Thomas Mielke ၏ ပြောကြားချက်အရ ပဲပုပ်ဆီထုတ်လုပ်မှုတိုးလာခြင်းသည် စိုက်ပျိုးဧရိယာများ တိုးချဲ့လာခြင်း၊ အထွက် နှုန်းနှင့် ဆီပါဝင်မှု ပိုမိုမြင့်မားသော မျိုးကောင်းမျိုးသန့်များ အသုံးပြုလာခြင်း၊ မိုးခေါင်ဒဏ်ခံနိုင်ရည် ပိုမိုကောင်းမွန်လာခြင်း၊ လုပ်သားအင်အားနှင့် မြေအသုံးချမှုအချိုး ပိုမိုထိရောက်လာခြင်း၊ ထုတ်လုပ်မှု ပမာဏ ကြီးမားလာခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျော့ကျလာခြင်းတို့ကြောင့် ဈေးကွက်တွင် တဖြည်းဖြည်း အားကောင်းလာနေကြောင်း သိရပါသည်။
၎င်းအပြင် စားအုန်းဆီထုတ်လုပ်မှု တိုးတက်မှုနှုန်းမှာ ဆီအုန်းပင်များကို လုံလောက်စွာ ပြန်လည် စိုက်ပျိုးနိုင်ခြင်း မရှိခြင်း၊ မှိုတစ်မျိုးဖြစ်သည့် Ganoderma ရောဂါဖြစ်ပွားခြင်း၊ ထုတ်လုပ်မှု ကုန်ကျ စရိတ် မြင့်မားလာခြင်း၊ ဓာတ်မြေဩဇာအသုံးပြုမှု လျော့နည်းလာခြင်းနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်လာခြင်းတို့ကြောင့် နှေးကွေးလာကြောင်း သိရပါသည်။
၎င်း၏ ခန့်မှန်းချက်သည် ဝယ်လိုအားနှင့် ရောင်းလိုအားပေါ်တွင် များစွာမူတည်နေသော်လည်း တောင်အမေရိကတွင် ပဲပုပ်ထုတ်လုပ်မှုမှာ ဆက်လက်မြင့်တက်နေသောကြောင့် ထိုကဲ့သို့ ဖြစ်လာ နိုင်ခြေမှာ မြင့်မားကြောင်း မလေးရှားစားအုန်းဆီကောင်စီက ကြီးမှူးကျင်းပသည့် Malaysian Palm Oil Forum 2026 တွင် Mr. Mielke က ပြောကြားခဲ့ခြင်းဖြစ်သည်။
စားအုန်းဆီသည် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းက ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု အများဆုံး ဟင်းသီးဟင်းရွက်ဆီအဖြစ် ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့ပြီး ကမ္ဘာ့ထုတ်လုပ်မှု အများစုကို အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့က ထုတ်လုပ်လျက်ရှိသည်။ ၎င်းအပြင် စားအုန်းဆီနှင့် ပဲပုပ်ဆီ နှစ်မျိုးပေါင်း သည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ စားသုံးမှု၏ ၅၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။
Mr. Mielke ၏ ခန့်မှန်းချက်အရ ၂၀၂၀ နှင့် ၂၀၃၀ ပြည့်နှစ်တို့အတွင်း စားအုန်းဆီ ထုတ်လုပ် မှုသည် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၁.၃ သန်းခန့် တိုးလာမည်ဖြစ်ပြီး ယင်းသည် ၂၀၁၀ နှင့် ၂၀၂၀ ပြည့်နှစ်များတွင် မှတ်တမ်းတင်ခဲ့သော ပမာဏနှင့်နှိုင်းယှဥ်ပါက ပျမ်းမျှတန်ချိန် ၂.၉ သန်း၏ ထက်ဝက် အောက်သာရှိမည်ဖြစ်သည်။
၂၀၂၆-၂၀၂၇ ဈေးကွက်နှစ်တွင် ကမ္ဘာ့ပဲပုပ်ကြိတ်ခွဲထုတ်လုပ်မှုသည် တန်ချိန် ၇.၅ သန်းခန့် တိုးလာမည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ နှစ်တွင် တန်ချိန် ၁၆ သန်းခန့် တိုးတက်လာခဲ့မှုနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းကျဆင်းလာမည်ဖြစ်သည်။ ထို့အပြင် ပဲပုပ်လက်ကျန်ပမာဏမှာလည်း ကျဆင်းလာ မည်ဟု ခန့်မှန်းထားသည်။ လက်ရှိခန့်မှန်းချက်များအရ လာမည့်ရာသီတွင် ဆီကြိတ်ဖတ် (oil meal) အသုံးပြုမှုသည် တန်ချိန် ၁၀ သန်းနီးပါး ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ ဆီကြိတ်ဖတ် အသုံးပြုမှု တိုးတက်မှုနှုန်းသည် ယခင်သုံးရာသီအတွင်း မှတ်တမ်း တင်ခဲ့သည့်နှစ်စဉ်တိုးတက်မှုနှုန်းထက် နည်းပါးနေသော်လည်း လက်ရှိဆီကြိတ်ဖတ်ဈေးနှုန်းများ မြင့်မားနေသည့်အတွက် တိုးတက်လာနိုင်မည်မဟုတ်ကြောင်း Mr. Mielke က ထပ်မံပြောကြားခဲ့ ပါသည်။
Source: The Edge Malaysia, 07 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
