အင်ဒိုနီးရှား၏ ၂၀၂၇ ခုနှစ်အတွက် စားအုန်းဆီလုပ်ငန်း မူဝါဒအပြောင်းအလဲများကို GLOBOIL India 2026 ညီလာခံတွင် တင်ပြဆွေးနွေး

Powered by Drupal

      အင်ဒိုနီးရှားစားအုန်းဆီအသင်း(GAPKI)က အင်ဒိုနီးရှားနိုင်ငံ၏ ပြောင်းလဲတိုးတက်နေသော စားအုန်းဆီကြမ်း (CPO) မူဝါဒဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ နောက်ဆုံးရအချက်အလက် များကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ The Westin Mumbai Powai Lake တွင် ကျင်းပခဲ့သော ကမ္ဘာ့အကြီးဆုံး စားသုံးဆီနှင့် စိုက်ပျိုးရေး ကုန်သွယ်မှု ဆိုင်ရာညီလာခံများအနက် တစ်ခုဖြစ်သည့် GLOBOIL India 2026 (၂၉ ကြိမ်မြောက်) ညီလာခံတွင် ဆွေးနွေးတင်ပြခဲ့သည်။

      အင်ဒိုနီးရှားစားအုန်းဆီအသင်း (GAPKI )၏ နိုင်ငံခြားရေးရာဌာန အကြီးအကဲဖြစ်သူ Dr. Mohamad Fadhil Hasan သည် ညီလာခံ၏ဒုတိယမြောက်နေ့ (စက်တင်ဘာလ ၃၀ ရက်) တွင် ပြုလုပ်ခဲ့သော စားအုန်းဆီဆိုင်ရာဆွေးနွေးပွဲ (Palm Oil Session)၌ အခြားသော စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထိုနေ့အစော ပိုင်းတွင် GAPKI ဥက္ကဋ္ဌ Eddy Martono က ညီလာခံဖွင့်ပွဲအခမ်းအနား၌ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ ပြီး ယခုဆွေးနွေးပွဲတွင် GAPKI ၏ ပါဝင်ဆောင်ရွက်မှုသည် အသင်းအနေဖြင့် ယခုနှစ်ညီလာခံ၌ အဆင့်မြင့်ကိုယ်စားပြုပါဝင်တက်ရောက်မှုကို မီးမောင်းထိုးပြလျက်ရှိကြောင်း၊ ဤညီလာခံ၌ GAPKI ၏ ပါဝင်ဆောင်ရွက်မှုကို အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီရန်ပုံငွေစီမံခန့်ခွဲမှုအေဂျင်စီ (BPDP) က ပံ့ပိုးကူညီထားခြင်းဖြစ်ကြောင်း သိရှိရသည်။

      အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စားအုန်းဆီထောက်ပံ့မှု၏ ၅၇.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူအဖြစ် ဆက်လက်ရပ်တည်နေသဖြင့် ဤရှင်းလင်း တင်ပြမှုသည် ပြည်ပဝယ်ယူသူများအား အင်ဒိုနီးရှား၏ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဦးတည်ချက် များနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းသော အမြင်ရရှိစေရန်နှင့် စားအုန်းဆီရရှိနိုင်မှုအပေါ် ဈေးကွက်၏ စိုးရိမ်ပူပန်မှုများကို လျှော့ချပေးနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်ပါသည်။

     Dr. Hasan က စားအုန်းဆီလုပ်ငန်းနှင့် စားအုန်းဆီဝယ်ယူသူများအပေါ် သက်ရောက်မှု ရှိစေ မည့် အစိုးရ၏ နောက်ဆုံးချမှတ်ထားသောမူဝါဒများ၊ စားအုန်းဆီလက်ကျန်ပမာဏ၊ ပို့ကုန်ခွန်နှင့် အခြေခံရည်ညွှန်းဈေးနှုန်းများနှင့် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်အတွင်း အသက်ဝင်လာမည့် ဖွဲ့စည်းပုံနှင့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ၃ ရပ်တို့နှင့်ပတ်သက်၍ ခြုံငုံသုံးသပ်ချက်ကို တင်ပြခဲ့ကြောင်း ဖော်ပြထားသည်။

     ပထမဆုံး မူဝါဒပြောင်းလဲမှုမှာ အင်ဒိုနီးရှား၏ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သည့် PT Danantara Sumberdaya Indonesia (DSI) က ပြတင်းတစ်ပေါက်စနစ်ဖြင့် ပို့ကုန်တင်ပို့ခြင်း (Single-Gate Export) ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။ ဤမူဝါဒသစ်အရ ကျောက်မီးသွေး၊ စားအုန်းဆီကြမ်း (CPO) နှင့် သံစပ်သတ္တု (ferro alloy) ကဲ့သို့သော မဟာဗျူဟာမြောက် သဘာဝသယံဇာတပစ္စည်း များ တင်ပို့မှုကို နိုင်ငံပိုင်လုပ်ငန်းဖြစ်သည့် DSI မှတစ်ဆင့်ဆောင်ရွက်ရမည်ဖြစ်သည်။ ဤလုပ်ငန်း စဉ်ကို အဆင့် ၂ ဆင့်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ ပထမအဆင့်မှာ အသွင်ကူးပြောင်းရေး ကာလ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ) ဖြစ်ကာ ဤကာလအတွင်း ပို့ကုန် လုပ်ငန်းရှင်များသည် နိုင်ငံခြားဝယ်လက်များနှင့် တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်ခြင်းကို ဆက်လက် ဆောင်ရွက်နိုင်သော်လည်း DSI ထံသို့ သတင်းအချက်အလက်များ ပေးပို့တင်ပြရမည်ဖြစ်သည်။ ဒုတိယအဆင့်မှာ အကောင်အထည်ဖော်ရေးကာလ (၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်) ဖြစ်ပြီး ဤကာလတွင်မဟာဗျူဟာမြောက်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းတင်ပို့မှု၊ စာချုပ် ချုပ်ဆိုမှု၊ ခွင့်ပြုချက်ပါမစ်ရယူမှု၊ အခွန်ပေးဆောင်မှုနှင့် နိုင်ငံခြားငွေကြေး လက်ခံရရှိမှုတို့အတွက် တရားဝင်ပို့ကုန်တင်ပို့သူအဖြစ် DSI က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

     ဒုတိယပြောင်းလဲမှုမှာ မဟာဗျူဟာမြောက် ဓာတ်သတ္တုနှင့် ကုန်ပစ္စည်း ကုန်စည်ဒိုင် (Strategic Minerals and Commodities Exchange-BMKS) အား အင်ဒိုနီးရှားနိုင်ငံ၏ ငွေကြေးဝန်ဆောင်မှု ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ OJK) ၏ ကြီးကြပ်မှုအောက်တွင် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့၌ စတင်လည်ပတ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဤကုန်စည်ဒိုင်သစ်သည် စားအုန်းဆီအပါအဝင် မဟာဗျူဟာမြောက် ကုန်စည်များအတွက် လွတ်လပ်သော အင်ဒိုနီးရှား ရည်ညွှန်းဈေးနှုန်း (IRP) တစ်ခုကို သတ်မှတ်ဖော်ဆောင်ရန် ရည်ရွယ်ထားပါသည်။ GAPKI အနေဖြင့် ဤလုပ်ငန်းစဉ်ကို ထောက်ခံအားပေးထားသော်လည်း အုပ်ချုပ်မှုဆိုင်ရာ မျှော်မှန်းချက် ၇ ရပ် ပြည့်မီရန် လိုအပ်ကြောင်း အလေးပေးဖော်ပြထားပါသည်။ ယင်းမျှော်မှန်းချက် ၇ ရပ်မှာ အကျိုးစီးပွားချင်းပဋိပက္ခဖြစ်မှု ကင်းစင် ခြင်း၊ ဈေးကွက်အတွင်း အင်ဒိုနီးရှား၏ ဦးဆောင်နိုင်စွမ်းရှိမှုကို အသုံးချခြင်း၊ မြင့်မားသော အရောင်း အဝယ် ဖြစ်နိုင်စွမ်း (trading liquidity) နှင့် ကုန်သွယ်မှု ပမာဏရှိခြင်း၊ ကုန်ပစ္စည်းလမ်းကြောင်းကို အစအဆုံး နောက်ကြောင်းပြန်ခြေရာခံနိုင်စွမ်းရှိခြင်း၊ ဈေးနှုန်းသတ်မှတ်မှုလုပ်ငန်းစဉ် ပွင့်လင်းမြင်သာ မှုရှိခြင်း၊ အစိုးရအဖွဲ့အစည်းများအကြား အချက်အလက်များ အပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်စွမ်း ရှိခြင်းနှင့် လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်သူများအတွက် ကုန်ကျစရိတ် သက်သာထိရောက်မှုရှိစေ ခြင်းတို့ဖြစ်ပါသည်။

     တတိယပြောင်းလဲမှုမှာ စားအုန်းဆီအချိုးအစား ၅၀ % ပါဝင်သည့် ဇီဝဒီဇယ်ဆီ (B50) မဖြစ် မနေအသုံးပြုရေးမူဝါဒဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဇီဝဒီဇယ်ရောစပ်အသုံးပြုမှုဆိုင်ရာမူဝါဒ ကို B50 အဆင့်သို့ ပြောင်းလဲသတ်မှတ်လျက်ရှိပြီး ၂၀၂၇ ခုနှစ်တွင် အပြည့်အဝအကောင်အထည် ဖော်ဆောင်ရွက်ရန် ရည်မှန်းထားဆောင်ရွက်လျက်ရှိပါသည်။ GAPKI ၏ အဆိုအရ လက်ရှိပြည်တွင်း ဇီဝလောင်စာဆီ ထုတ်လုပ်နိုင်စွမ်းသည် ဤမူဝါဒကို အထောက်အပံ့ပေးနိုင်ရန် လုံလောက်မှု ရှိသော်လည်း ပြည်တွင်းသုံးစွဲမှုမြင့်တက်လာခြင်းကြောင့် ပြည်ပသို့ တင်ပို့နိုင်မည့် စားအုန်းဆီကြမ်း (CPO) ပမာဏ လျော့နည်းသွားနိုင်ကြောင်း သတိပေးပြောကြားထားပါသည်။ ဤအခြေအနေသည် ၂၀၂၇ ခုနှစ်တွင် ပိုမိုသိသာထင်ရှားလာနိုင်ပြီး နိုင်ငံတော်၏ ဝင်ငွေနှင့် စားအုန်းဆီလုပ်ငန်းကဏ္ဍ ဆိုင်ရာ ငွေကြေးထောက်ပံ့မှုများအပေါ် သက်ရောက်မှုများရှိလာနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရှိ ရပါသည်။

     ၂၀၂၇ ခုနှစ်တွင် အဆိုပါ မူဝါဒ ၃ ရပ်လုံး အပြည့်အဝ အသက်ဝင်လာပါက ကမ္ဘာ့စားအုန်းဆီ ထောက်ပံ့မှုနှင့် ဈေးနှုန်းဖြစ်ပေါ်မှု ပုံစံများကို ပြောင်းလဲစေလိမ့်မည်ဟု GAPKI က မျှော်လင့်ထားသည်။ ထောက်ပံ့မှုဘက်တွင်ကြည့်လျှင် B50 မူဝါဒကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းကြောင့် ပြည်တွင်း၌ ထုတ်လုပ်သော စားအုန်းဆီကြမ်း (CPO) ပမာဏအမြောက်အများကို ဇီဝဒီဇယ်ထုတ်လုပ် မှုအတွက် ပိုမိုအသုံးပြုသွားမည်ဖြစ်ပြီး ယင်းက ၂၀၂၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပြည်ပသို့ တင်ပို့မှု ပမာဏကို ပိုမိုလျော့နည်းစေမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် DSI စနစ်မှ တစ်ဆင့် “single-gate” တင်ပို့မှုစနစ်သို့ ပြောင်းလဲခြင်းသည် အင်ဒိုနီးရှား၏ တင်ပို့မှုဆိုင်ရာစာချုပ်များ၊ ပါမစ်များနှင့် နိုင်ငံခြားငွေစီးဆင်းမှုများကို ဗဟိုချုပ်ကိုင်မှုရှိစေပြီး ပိုမိုတင်းကျပ်စွာ ကြီးကြပ်ကွပ်ကဲနိုင်ခြင်း ဖြစ် သည်။

     ဈေးနှုန်းပိုင်းနှင့်ပတ်သက်၍ မဟာဗျူဟာမြောက် ဓာတ်သတ္တုနှင့် ကုန်ပစ္စည်းကုန်စည်ဒိုင် (BMKS) စနစ်သည် စစ်မှန်သောဈေးကွက်ထောက်ပံ့မှုနှင့် ဝယ်လိုအားကို ထင်ဟပ်စေသည့် အင်ဒို နီးရှား၏ ရည်ညွှန်းဈေးနှုန်း (Reference Price) တစ်ရပ်ကို ဖန်တီးပေးနိုင်မည်ဟု GAPKI က မျှော်လင့်ထားသည်။ ၎င်းသည် ပြည်ပရှိ စံပြုကုန်စည်ဒိုင်များ(benchmark exchanges) အပေါ် မှီခို အားထားရမှုကို လျှော့ချပေးပြီး ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းသတ်မှတ်မှုအပေါ် အင်ဒိုနီးရှား၏ သြဇာ လွှမ်းမိုးနိုင်စွမ်းကို ပိုမိုတိုးတက်စေမည်ဖြစ်သည်။ အဆိုပါအချက်များအားလုံးကို ခြုံငုံသုံးသပ်ကြည့် ပါက ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူနှင့် တင်ပို့သူဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရေတိုကာလ အတွင်း ပြည်ပသို့ တင်ပို့နိုင်သည့် ထောက်ပံ့မှုပမာဏ လျော့နည်းသွားခြင်းက ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်လာစေမည့် ဖိအားတစ်ရပ် ဖြစ်ပေါ်စေနိုင်သည်ဟု GAPKI က ခန့်မှန်းထား သည်။ ထို့ပြင် နိုင်ငံတကာဝယ်ယူသူများအတွက် ထောက်ပံ့မှု ဆိုင်ရာတည်ငြိမ်မှုကို ထိခိုက်မှုမရှိစေ ရန်အတွက် ပြုပြင်ပြောင်းလဲရေး မူဝါဒသုံးရပ်လုံးကို အကောင်အထည်ဖော်ရာတွင် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်ရှိစေရေးသည် အလွန်အရေးကြီးကြောင်းလည်း ၎င်းတို့က အလေးပေးဖော်ပြထား ကြောင်း သိရှိရပါသည်။

Source: Ahmedabad Mirror, 06 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)