ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သစ်သီးဝလံတင်သွင်းမှု အကောက်ခွန်နှုန်းထားမှာ ၁၂၁.၇၈ ရာခိုင်နှုန်းထိ ရောက်ရှိ

Powered by Drupal

 

       ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်သွယ်မှုနှင့် အခွန်ကော်မရှင်က အခွန်အခနှင့်အကောက်ခွန်များ၊ အကောက်ခွန်တန်ဖိုး သတ်မှတ်ခြင်းဆိုင်ရာ အငြင်းပွားမှုများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကန့်အသတ်များသည် နိုင်ငံအတွင်းရှိ တင်သွင်းသည့် သစ်သီးဝလံဈေးနှုန်းမြင့်တက်ရခြင်း၏ အဓိက အကြောင်းအရင်းများဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါကြောင်း၊ ပန်းသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ စပျစ်သီးနှင့် စွန်ပလွံသီးတို့အတွက်  ပြည်တွင်းလိုအပ်ချက်၏ ၉၅ မှ ၉၉ ရာခိုင်နှုန်းခန့်ကို သွင်းကုန် များဖြင့် ဖြည့်ဆည်းနေရကြောင်း၊ တင်သွင်းမှုအဆင့်တွင် ပေါင်းစပ်ခွန်နှင့် အခွန်ဝန်ပိစေမှုမှာ ၉၆. ၁၀ မှ ၁၂၁.၇၈ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ထိုအထဲတွင် သွင်းကုန်အကောက်ခွန် ၂၅ ရာခိုင်နှုန်း၊ ထပ်‌ဆောင်း အကောက်ခွန် ၂၀ မှ ၃၀ ရာခိုင်နှုန်း၊ တန်ဖိုးမြှင့်အခွန် (VAT) ၁၅ ရာခိုင်နှုန်း၊ ကြိုတင်ဝင်ငွေခွန် ၅ ရာခိုင်နှုန်း၊ စည်းကြပ်ခွန်  ၂၀ ရာခိုင်နှုန်းနှင့် ကြိုတင်ခွန် ၇.၅ ရာခိုင်နှုန်း ထိပါဝင်ပါကြောင်း သိရှိရ ပါသည်။

     ကော်မရှင်၏ ပြောကြားချက်အရ သစ်သီးဝလံများသည် ပွဲစားများမှတဆင့် စားသုံးသူများထံ ရောက်ရှိသည့်အချိန်တွင် ဈေးနှုန်းများ ၃၀၀ မှ ၃၆၀ ရာခိုင်နှုန်း မြင့်တက်သွားနိုင်ကြောင်း၊ ဘင်္ဂလား ဒေ့ရှ်တွင် ပန်းသီးလက်လီဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၂၈၀ မှ ၃၈၀ BDT (၂.၂၉ မှ ၃.၁၁ USD) ရှိပြီး အိန္ဒိယတွင် ၁၅၀ မှ ၂၂၀ BDT (၁.၂၃ မှ ၁.၈၀ USD) နှင့် ပါကစ္စတန်တွင် ၁၁၀ မှ ၁၇၀ BDT (၀.၉၀ မှ ၁.၃၉ USD) ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် လိမ္မော်သီးဈေးနှုန်းမှာ ၂၅၀ မှ ၃၅၀ BDT (၂.၀၅ မှ ၂.၈၇ USD) နှင့် စပျစ်သီးဈေးနှုန်းမှာ ၃၀၀ မှ ၄၅၀ BDT (၂.၄၆ မှ ၃.၆၉ USD ) ရှိကြောင်း သိရှိရပါသည်။

      ကုန်သည်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ရှောက်ချိုသီး တင်သွင်းမှုမှာ လျော့နည်း သွားကြောင်း၊ ပုံမှန်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် တစ်ရက်လျှင် ကွန်တိန်နာ ၁၅ လုံးခန့် လိုအပ်သော်လည်း အချို့သီတင်းပတ်များတွင် ကွန်တိန်နာ ၁၂ လုံးမှ ၂၉ လုံးခန့်သာ ရောက်ရှိခဲ့ ကြောင်း၊ ပြည်ပမှ တင်သွင်းသည့် လတ်ဆတ်သောသစ်သီးများ၏ နှစ်စဉ်လိုအပ်ချက်မှာ တန်ချိန် ၅၀၀,၀၀၀ မှ တန်ချိန် ၆၀၀,၀၀၀ ရှိပြီး ပြည်တွင်းဈေးကွက်၏ ၇၇ ရာခိုင်နှုန်းလိုအပ်ချက်မှာ ပန်းသီးနှင့် ရှောက်ချိုသီးများ ဖြစ်ကြပါကြောင်း သိရှိရပါသည်။

     သွင်းကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ အခွန်နှုန်းထားမြင့်မားခြင်းနှင့် တင်သွင်းမှု လျော့နည်းခြင်းတို့ကြောင့် သစ်သီးရရှိနိုင်မှုကို သက်ရောက်မှုရှိပြီး ကုန်သည်လုပ်ငန်းရှင်အချို့မှာ အကြွေးဝယ်လွှာ အသစ်ဖွင့်လှစ်မှု မရှိကြတော့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Khandakar Abdul Muktadir က စွန်ပလွံသီးအပေါ် အခွန်နှုန်းထားနှင့်ပတ်သက်၍ အစိုးရ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို အဆိုပါသီတင်းပတ်အတွင်း ကြေညာသွားမည်ဖြစ်ပြီး ကုန်သွယ်ရေးနှင့် အခွန်ကော်မရှင်က အကောက်ခွန်တန်ဖိုးသတ်မှတ်ခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် သွင်းကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Fresh Plaza, 06 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)