
အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သောကြာနေ့အထိ မိုးသီးနှံ အမျိုးမျိုး စိုက်ပျိုးထားသည့် ဧရိယာသည် ဟက်တာ ၁၁၁.၅ သန်းဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ စပါး၊ ပြောင်းနှင့် မတ်ပဲတို့၏ စိုက်ပျိုးဧရိယာသည် ယခင်နှစ်ကာလတူထက် လျော့နည်းနေခြင်းကြောင့် မိုးသီးနှံစိုက်ပျိုးဧရိယာကျဆင်းခဲ့ခြင်း ဖြစ် သည်။ သို့သော် မိုးသီးနှံပုံမှန်စိုက်ပျိုးဧရိယာဖြစ်သည့် ဟက်တာ ၁၁၀.၄ သန်းထက် ပိုမိုများပြားနေဆဲ ဖြစ်သည်။
အဓိကမိုးသီးနှံဖြစ်သည့် စပါးစိုက်ဧရိယာသည် ယခင်နှစ်တွင် ဟက်တာ ၄၄.၉ သန်းရှိရာမှ ယခုနှစ်တွင် ဟက်တာ ၄၃.၄ သန်းဖြင့် ယခင်နှစ်ထက် ၄ ရာခိုင်နှုန်းခန့်လျော့ကျခဲ့ပြီး ပြောင်းစိုက် ဧရိယာမှာလည်း ဟက်တာ ၉.၄ သန်းဖြင့် ယခင်နှစ်ထက် ၃ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း အချက် အလက်များအရ သိရသည်။
ဆီထွက်သီးနှံများ၏ စုစုပေါင်းစိုက်ပျိုးဧရိယာသည် ဟက်တာ ၁၉.၇ သန်းဖြင့် ယခင်နှစ်ထက် ၀.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ပဲပုပ်နှင့် ကြက်ဆူစေ့ စိုက်ဧရိယာ လျော့နည်းခဲ့သော်လည်း မြေပဲ၊ နေကြာနှင့် နှမ်းကဲ့သို့သော အခြားဆီထွက်သီးနှံများ၏ စိုက်ဧရိယာတိုးလာခြင်းကြောင့် အဆိုပါ လျော့နည်းမှုကို အစားထိုးနိုင်ခဲ့ကြောင်း သိရသည်။
မိုးရာသီတွင် အဓိကစိုက်ပျိုးသည့် ဆီထွက်သီးနှံဖြစ်သော ပဲပုပ်စိုက်ဧရိယာသည် ယခင် နှစ်ထက် ၀.၁ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၁၂.၃ သန်း ရှိခဲ့သည်။ မြေပဲမှာ ယခင်နှစ်စိုက်ဧရိယာ အတိုင်း ပြောင်းလဲမှုမရှိဘဲ ဟက်တာ ၅.၁ သန်း ရှိခဲ့သည်။ နေကြာစိုက်ဧရိယာသည် ၈၄ ရာခိုင်နှုန်း မြင့်တက်ပြီး ဟက်တာ ၁၂၉,၀၀၀ ရှိခဲ့ပြီး နှမ်းသီးနှံမှာလည်း ယခင်နှစ်ထက် ၁၄ ရာခိုင်နှုန်းခန့် မြင့်တက်ပြီး ဟက်တာ ၁.၁ သန်း ရှိခဲ့သည်။
စီးပွားဖြစ်စိုက်ပျိုးသည့် သီးနှံများအနက် ဂုန်လျှော်နှင့် ချဉ်ပေါင်လျှော်တို့၏ စိုက်ဧရိယာသည် ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းခန့် မြင့်တက်ပြီး ဟက်တာ ၆၃၅,၀၀၀ ရှိခဲ့သည်။ ကြံစိုက်ဧရိယာမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိသာစွာ ပြောင်းလဲမှုမရှိဘဲ ဟက်တာ ၅.၉ သန်း ရှိခဲ့ပြီး အလားတူပင် ဝါစိုက်ဧရိယာမှာလည်း သိသာစွာပြောင်းလဲမှုမရှိဘဲ ဟက်တာ ၁၁.၁ သန်း ရှိခဲ့ကြောင်း သိရှိရ သည်။
Source: Informist, 05 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
