ဗီယက်နမ်နိုင်ငံရှိ ဒူးရင်းသီးဈေးနှုန်းများ သိသိသာသာ မြင့်တက်လာ

Powered by Drupal

                Dak Lak တွင် ဒူးရင်းသီးဈေးနှုန်းများသည် ပြီးခဲ့သည့် တစ်ပတ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ လပေါင်းများစွာ ဈေးနှုန်းများ သိသိသာသာကျဆင်း ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ အရည်အသွေးမြင့် ဒူးရင်းသီးများ၏ ဂိုဒေါင်ဝယ်ဈေးမှာ တစ်ကီလိုလျှင် 100,000 VND အထိ ရောက်ရှိလာသည်။

           Dak Lak ရှိ အချို့သော ဒူးရင်းခြံများတွင် အထူးရွေးချယ်ထားသည့် Monthong ဒူးရင်းသီးများသည် အသားဝါရောင်ဖြစ်ခြင်း၊ ချိုမြိန်ခြင်း၊ အခွံစိမ်းခြင်း၊ ဆူးများသည် ဖြူကောင် ဆူးကဲ့သို့ ထင်ရှားခြင်းနှင့် အသီးပုံစံဝိုင်းဝိုင်းညီညီဖြစ်ခြင်း စသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီ သည်။ ၎င်းအသီးများသည် လက်ရှိတွင် တစ်ကီလိုလျှင် 100,000–105,000 VND ဈေးရှိသည်။

Grade A ဒူးရင်းသီးသည် တစ်ကီလိုလျှင် 90,000–95,000 VND ဖြစ်ပြီး Grade B သည် 60,000–70,000 VND ဝန်းကျင်ရှိသည်။ ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများသည် ၂၀–၃၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်း ဖြစ်သည်။

ယခုဈေးတက်လာခြင်းသည် လပေါင်းများစွာ ဈေးနှုန်းကျဆင်းခဲ့ပြီးနောက် ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။ မေလအစပိုင်းတွင် ဒူးရင်းသီးအထွက်များလာပြီးနောက် ဈေးနှုန်းများ ဆက်တိုက် ကျဆင်းခဲ့သည်။ တစ်ချိန်က Grade A ဒူးရင်းသီး ၏ ဂိုဒေါင်ဝယ်ဈေးသည် တစ်ကီလိုလျှင် 60,000 VND ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ခြံထွက်ဈေးအနေဖြင့် 45,000–50,000 VND ခန့်သာ ရရှိခဲ့သည်။ ရိတ်သိမ်းချိန်နောက်ကျမည့် ဒူးရင်းခြံများအတွက် ယခုဈေးနှုန်းမြင့်တက်လာခြင်းက ဘယ်အချိန်မှာ ရောင်းမလဲဆိုတာ ပိုမိုရွေးချယ်နိုင်စေပါသည်။

          Mr. Hoa သည် Dak Lak တွင် ဒူးရင်းခြံ 0.5 hectares ပိုင်ဆိုင်သူဖြစ်သည်။ ကုန်သည်များက သူ၏ခြံထွက်ဒူးရင်းသီးများကို တစ်ကီလိုလျှင် 70,000 VND ဖြင့် ကြိုတင်ငွေပေးဝယ်ရန် ကမ်းလှမ်း ထားသည်။ ထိုဈေးသည် ဩဂုတ်လထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမြင့်သည်။ သို့သော် Mr. Hoa က ယခုအချိန်အထိ ကြိုတင်ငွေမယူသေးဘဲ အောက်တိုဘာလအစပိုင်းတွင်သာ ရိတ်သိမ်းမည် ဖြစ်သော ကြောင့် ဆက်လက်စောင့်ကြည့်နေသည်။

Ms. Phuong ဆိုသူ Dak Lak မှ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ ဒူးရင်းဈေး တက်ရခြင်းမှာ ဒူးရင်းစိုက်ပျိုးသည့် ဒေသအများအပြားတွင် ရိတ်သိမ်းမှု ပြီးဆုံးသွားပြီ ဖြစ်သော် လည်း Dak Lak တွင် ဒူးရင်းသီးများ ကျန်ရှိနေသေးသည့်အပြင် ခြံတစ်ခြံနှင့်တစ်ခြံ ရိတ်သိမ်းရရှိ သည့် ပမာဏ မညီမျှသောကြောင့် ဖြစ်သည်။

          ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အသီးအချို့သည် အရည်အသွေး သတ်မှတ်ချက်နှင့် မကိုက်ညီတော့ဘဲ အရည်အသွေးကောင်းမွန်သည့် ဒူးရင်းသီးရရှိနိုင်မှု လျော့ကျ လာသည်။ အရောင်းအဝယ်ဈေးကွက်အတွင်း ထုတ်ကုန်ရရှိနိုင်မှု လျော့ကျလာချိန်တွင် တရုတ် နိုင်ငံမှ ဝယ်လိုအားမှာ မြင့်တက်လာနေသည်။

              Mr. Trung ၏ ပြောကြားချက်အရ Dak Lak သည် ယခုအချိန်အထိ ခန့်မှန်းထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်သာ ရိတ်သိမ်းပြီးသေးသည်။ ရိတ်သိမ်းမှုသည် နိုဝင်ဘာလလယ် သို့မဟုတ် နိုဝင်ဘာလနှောင်းပိုင်းအထိ ဆက်လက်ရှိနိုင်သည်။ ယခုနှစ်တွင် Dak Lak ၏ ဒူးရင်းသီး ထုတ်လုပ်မှုသည် ခန့်မှန်းခြေအားဖြင့် တန်ချိန် 500,000 ရှိနိုင်ပြီး ယမန်နှစ်ထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုထွက်ရှိနိုင်သည်။

                       ထို့ကြောင့် လာမည့်ရာသီကုန်ပိုင်းလများတွင် ရိတ်သိမ်းရရှိသည့်ပမာဏနှင့် ဝယ်လိုအားပေါ် မူတည်ပြီး ဒူးရင်းဈေးနှုန်းများ ဆက်လက်အတက်အကျ ဖြစ်နိုင်သည်။ Mr. Trung က ဆက်လက်၍ မိုးအဆက်မပြတ် ရွာသွန်းပါက ကျန်ရှိသည့် ရာသီကာလအတွင်း ဒူးရင်းသီးအရည်အသွေးကို ထိခိုက် စေနိုင်ကြောင်း ပြောကြားခဲ့သည်။ တောင်သူများအနေဖြင့် ဈေးနှုန်းအတက်အကျ ရှိနိုင်သောကြောင့် ယုံကြည်စိတ်ချရပြီး တည်ငြိမ်စွာ ဝယ်ယူနိုင်သည့် ပို့ကုန်လုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ရန် အကြံပြုထားကြောင်း သိရသည်။

 DOCA (ရန်ကုန်)