ကွမ်းသီးအခြေပြုထုတ်ကုန်များ၏အနာဂတ်စီးပွားရေးနှင့်တန်ဖိုးမြှင့်ထုတ်လုပ်မှုအလားအလာ

Powered by Drupal
Tue, 09/29/2026 - 15:39 -- consumer_admin
                        ကွမ်းသီးပင်သည် အာရှတိုက်နှင့်အပူပိုင်းဒေသများတွင်ကျယ်ပြန့်စွာ စိုက်ပျိုးကြသောသီးနှံ တစ်မျိုးဖြစ်သည်။ ရှေးယခင်ကတည်းကပင် ကွမ်းယာစားသုံးမှုအတွက်သာမက တိုင်းရင်းဆေးဝါး များတွင်ပါ အဓိကအသုံးပြုခဲ့ကြသည်။ သို့သော် ခေတ်မီနည်းပညာများ နှင့်စက်မှုဇုန်ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ ကွမ်းသီးကိုကုန်ကြမ်းသက်သက်အနေဖြင့် တင်ပို့ရောင်းချခြင်းထက်ကွမ်းသီးအခြေပြုတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ဖန်တီးထုတ်လုပ်လာကြခြင်းသည် စိုက်ပျိုးရေး၊ စီးပွား‌‌ရေး ကိုလည်း တစ်ဆင့်တစ်လှမ်းတိုးတက်လာစေနိုင်ပါသည်။ ကွမ်းသီးတွင်ပါဝင်သော ဓာတ်ပစ္စည်းများ ကိုအခြေခံ၍ ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များကိုလည်း ဖော်စပ်ထုတ်လုပ်လာကြ သည်။ ကွမ်းသီးအနှစ်(သို့မဟုတ်)ကွမ်းသီးစေ့ကိုအခြေခံ၍ ထုတ်လုပ်ထားသောဆီများကို အဆစ် အမြစ်ကိုက်ခဲခြင်းနှင့် ကြွက်တက်ခြင်းတို့အတွက် ပြင်ပလိမ်းဆေးများအဖြစ် အသုံးပြုလာကြသည်။
                 မျက်မှောက်ခေတ်တွင် ပလက်စတစ်သုံးစွဲမှုကိုလျော့ချနေကြသည့်အတွက် ကွမ်းသီးဖက်ကို အသုံးပြု၍ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသော ထုတ်ကုန်များထုတ်လုပ်လာကြသည်။ ကွမ်းသီး ပင်မှကြွေကျလာသော ရွက်ဖုံးများကိုသန့်စင်ပြီး ဖိအားပေးပုံစံသွင်းကာ တစ်ခါသုံးပန်း ကန်ပြား၊ ခွက်နှင့်ဗန်းများထုတ်လုပ်လာကြသည်။ ဤထုတ်ကုန်များသည် သဘာဝအလျောက်ရက်ပိုင်းအတွင်း မြေဆွေးအဖြစ်သို့လွယ်ကူစွာ ပြိုကွဲပျက်စီးနိုင်သဖြင့် ပလက်စတစ်ညစ်ညမ်းမှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါသည်။ ကွမ်းသီးအခြေပြုထုတ်ကုန်များကို လူသားများအတွက်သာမက မွေးမြူ ရေးနှင့်စိုက်ပျိုးရေးကဏ္ဍများတွင်လည်း အသုံးချကြသည်။ နွား၊ မြင်းနှင့် ခွေးများတွင် ဖြစ်ပွားတတ် သောဝမ်းတွင်းကပ်ပါးသန်ကောင်များကို နှိမ်နှင်းရာတွင် ကွမ်းသီးထုတ်ယူရည်ကို တိရိစ္ဆာန်ဆေးဝါး အဖြစ်အသုံးပြုကြသည်။
မြန်မာ့ရေမြေသဘာဝအခြေအနေအရ စိုက်ပျိုးဖြစ်ထွန်းသည့် သီးပင်များအနက် ကွမ်းသီးပင် ကို အောက်မြန်မာပြည်တွင် တွေ့ရလေ့ရှိသည်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးတွေ့ရပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း တွေ့ရပါသည်။ ကမ္ဘာပေါ်တွင် ကွမ်းသီးပင်များကို အများဆုံးပိုင်ဆိုင်သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ကာ ဧရိယာအားဖြင့် ဧက ၂ ဒသမ ၃ သန်းဝန်းကျင်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ၊ အင်ဒိုနီးရှားတို့တွင်လည်း ပေါများစွာရှိပါသည်။ အထူး သဖြင့် အာရှနိုင်ငံများ၏ ဓလေ့ထုံးစံအရ ကွမ်းစားသည့် အလေ့အထရှိသည့်အတွက် ကွမ်းသီးများကို အခြောက်ခံပြီး ခွဲစိတ်ကာ စားသုံးလေ့ရှိသောကြောင့် ကွမ်းသီးမှာ ပြည်တွင်းဈေးကွက် ကိုသာမက အိမ်နီးချင်းနိုင်ငံများကိုပါ တင်ပို့နိုင်သည့် လယ်ယာကုန်စည်ဖြစ်ပါသည်။  လတ်တလောနှစ် များအတွင်း ကွမ်းသီးတင်ပို့မှု နှစ်စဉ်ပျမ်းမျှတန်ချိန် နှစ်သိန်းကျော် တင်ပို့နိုင်ပါသည်။ သို့ရာတွင် ကွမ်းသီးပင်အဖတ်များ (ကွမ်းဖတ်များ) ကို အခြေပြုထုတ်လုပ်သည့် ပန်းကန်ခွက် ယောက်အမျိုးမျိုး နှင့် ပါဆယ်ဘူးများ ထုတ်လုပ်မှုရှိသော်လည်း အများစုမှာ ပြည်တွင်းဈေးကွက်အတွက်သာ ဖြစ်နေပါ သေးသည်။ 
 
ပတ်ဝန်းကျင်ကောင်းထိန်းသိမ်းပေနိုင်သည့် ကွမ်းသီးဖတ်ထုတ်ကုန်
              ကွမ်းသီးဖတ်ထုတ်ကုန်များသည် ပတ်ဝန်းကျင်ကောင်းကို ထိခိုက်စေသည့် ပလတ်စတစ်နှင့် ပိုလီမာ (ပလတ်စတစ်အပါအဝင် ဖော့၊ ရော်ဘာ စသည့် ပေါ်လီမာအခြေခံပစ္စည်းများ) ထုတ်ကုန်များကို အစားထိုးအသုံးပြုလာခြင်းဖြင့် အဆိုပါကုန်စည်များသည် ဂေဟစနစ် မိတ်ဖက် ဖြစ်သောကြောင့် ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင်ကောင်းကို ဖြစ်ပေါ်စေသည့် ကုန်စည်ဖြစ်သည်။ ကွမ်းသီးဖတ် ထုတ်ကုန်များ၏ ထူးခြားကောင်းမွန်သည့်အချက်မှာ ဓာတုကင်းသည့် ရာနှုန်းပြည့် သဘာဝထုတ်ကုန်ဖြစ်ခြင်း၊ ဂေဟစနစ်မိတ်ဖက်ဖြစ်၍ ပတ်ဝန်းကျင်ကောင်း ထိန်းသိမ်း ပေးနိုင်ခြင်း၊ ခိုင်မာပြီးပေါ့ပါးခြင်း၊ အပူနွှေးစက်အတွင်း ထည့်သွင်းအသုံးပြုနိုင်ခြင်း၊ တစ်ကြိမ်မက အသုံးပြုနိုင်ခြင်း၊ အသုံးမပြုတော့သည့် ကွမ်းသီးဖတ်ထုတ်ကုန်များကို အော်ဂဲနစ်သဘာဝမြေဩဇာ အဖြစ် ပြောင်းလဲနိုင်ခြင်း၊ စရိတ်သက်သာမှုရှိခြင်း စသည်တို့ဖြစ်သည်။ 
          အမှန်တကယ်မူ စဉ်ဆက်မပြတ် ပတ်ဝန်းကျင်ကောင်းထိန်းသိမ်းနိုင်ရေးတွင် ဖျက်ဆီးရန် ခက်ခဲသည့် ပလတ်စတစ်ပေါ်လီမာစသည့် ကုန်ပစ္စည်းများကြောင့် အနုတ်လက္ခဏာဆောင်သည့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေပါသည်။ မြင်သာသည့်အချက်မှာ ပလတ်စတစ်၊ စွန့်ပစ်ပစ္စည်းများက သဘာဝမြေဆီလွှာကို ပျက်စီးစေသည့်အပြင် မြို့ပြများတွင်လည်း ရေစီးရေလာမြောင်းများ ပိတ်ဆို့ခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းနှင့် အမှိုက်များတွင် လည်း ရောနှောပါဝင်နေမှုကြောင့် အမှိုက်အသုံးပြု လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် သဘာဝမြေဩဇာ အဖြစ် ပြောင်းလဲရန် ခက်ခဲနေပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပလတ်စတစ်ပစ္စည်း အသုံးပြုမှု ကန့်သတ်ခြင်းကို ဦးစားပေးလုပ်ဆောင် နေကြပြီဖြစ်သည်။ ထို့အတွက်လည်း အမေရိကန် ပြည်ထောင်စု၊ ဥရောပနိုင်ငံများ၊ ဂျပန်နိုင်ငံစသည်တို့တွင် ပလတ်စတစ်အိတ်များ အသုံးပြုမှုကိုကန့်သတ်ပိတ်ပင်လာမှုကြောင့် အစားထိုးကုန်စည်ဖြစ်သည့် ကွမ်းသီးဖတ် အခြေပြုထုတ်ကုန်များ အသုံးပြုမှု တိုးလာမှုနှင့်အတူ အထူးဈေးနှုန်းပါ မြင့်တက်လာပါသည်။
 
ကွမ်းသီးပင် အခြေပြုထုတ်ကုန်များ

          ကွမ်းသီးပင် အခြေပြုထုတ်ကုန်များဟုဆိုလျှင် အမြင်သာဆုံးမှာ ကွမ်းသီးထုတ်လုပ်မှုနှင့် ရောင်းဝယ်သည့်လုပ်ငန်းပင်ဖြစ်သည်။ ထို့ပြင် အောက်မြန်မာပြည် ကျေးလက်ဒေသများတွင် ကွမ်းသီးပင်များကို သစ်၊ ဝါးအစားထိုးအနေဖြင့် အသုံးပြုကြပါသည်။ အမှန်တကယ်တွင် ကွမ်းဖတ် များကို မီးဖိုချောင်သုံးနှင့် စားပွဲတင်ပန်းကန် ခွက်ယောက်အမျိုးမျိုး၊ ဇွန်းခက်ရင်းများ၊ ပါဆယ်ဘူး အမျိုးမျိုး စသည်တို့ကို ပြုလုပ်အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကွမ်းသီးပင်အရေ အတွက်သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ပြီးလျှင် တတိယအများဆုံးရှိသောကြောင့်လည်း ကွမ်းသီးပင် အခြေပြုထုတ်ကုန်များ ယခုထက် ပိုမိုထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ကိုပါ တိုးချဲ့တင်ပို့နိုင်လျှင် အကျိုးများစွာရှိမည်ဖြစ်ပါသည်။ ခန့်မှန်းတွက်ချက်မှုအရ ကွမ်းသီးစိုက်ပျိုး ဧက ငါးသိန်းဝန်းကျင်ရှိပြီး တစ်ဧကလျှင် ပျမ်းမျှအပင် ၂၀၀၀ ဝန်းကျင်ရှိပါသည်။ လေ့လာမှုများအရ ကွမ်းသီးခူးဆွတ်ခြင်းကို ပင်ရာနှုန်းပြည့်လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့် အခြေအနေရှိပြီး အနည်းဆုံးအပင်များ၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းဝန်းကျင် အကြောင်းအမျိုးမျိုးကြောင့် လစ်ဟာနေဆဲ ပင်ဖြစ်သည်။ ကွမ်းသီးထုတ်လုပ်နိုင်မှု၊ စားသုံးမှုနှင့် တင်ပို့မှု အခြေအနေကြည့်မည်ဆိုလျှင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အများဆုံးထုတ်လုပ်သည်မှန်သော်လည်း ပြည်တွင်းစားသုံးမှု များသည့် အတွက် တင်ပို့မှုအလားအလာမှာ မြန်မာက အကောင်းဆုံးပင်ဖြစ်သည်။ 

          လက်ရှိတင်ပို့မှုတွင် မူလထုတ်ကုန်အတိုင်း ကွမ်းသီးခြောက်အလုံးနှင့် ခွဲခြမ်းအဆင့်သာ တင်ပို့နေပြီး ထပ်ဆင့်ပြုပြင် ပို့ကုန်မပြုလုပ်နိုင်သေးပေ။ ကွမ်းသီးစားသုံးခြင်းက အာရုံကြောများကို လန်းဆန်းစေမှုကြောင့် မော်တော်ယာဉ်မောင်းနှင်သူများ သုံးစွဲလေ့ရှိသလို တိုင်းရင်းဆေးအဖြစ် ကျန်းမာရေးအထောက်အကူပြုသည့်အတွက် ကျေးလက်နေ လူကြီးသူမများလည်း အသုံးပြုလေ့ ရှိသည်။ မည်သို့ပင်ဖြစ်စေ ကွမ်းသီးထုတ်လုပ်မှုက အရေးပါသည့် စီးပွားရေးလုပ်ငန်းဖြစ်သလို ကွမ်းသီးပင်အခြေပြုကွမ်းခြံရှင်များ၊ လုပ်သားများအတွက်လည်း ဝင်ငွေနှင့် အလုပ်အကိုင်ပေးနိုင် သည့် လုပ်ငန်းဖြစ်သည်။ ကွမ်းပင်နှင့်ပတ်သက်၍ ဒုတိယစီးပွားရေးလုပ်ငန်းမှာ ကွမ်းဖတ်ကို အခြေပြုပြီး ထုတ်လုပ်သည့် ပန်းကန်ခွက်ယောက်အမျိုးမျိုး၊ ဇွန်း၊ ခက်ရင်းများ၊ ပါဆယ်ဘူးစသည်တို့ ထုတ်လုပ်သည့် လုပ်ငန်းပင်ဖြစ်သည်။ ကွမ်းပင်များမှ သဘာဝအရ ကြွေကျသည့် ကွမ်းဖတ်များမှာ အလျှံအပယ်ရှိနေပြီး အသုံးမပြုပါက အမှိုက်သာဖြစ်သည်။ ဆိုလိုသည်မှာ သဘာဝအရ ကြွေကျသည့် ကွမ်းဖတ်များကို ဆေးကြောသန့်စင်ကာ နေရောင်ခြည်တွင် အခြောက်လှန်းပြီး မြင့်မားသည့် အပူချိန်ဖြင့် ပန်းကန်ခွက်ယောက် အမျိုးမျိုးနှင့် ပါဆယ်ဘူးအမျိုးမျိုး ပြုလုပ်ခြင်းပင်ဖြစ် သည်။ အမှိုက်မှ တန်ဖိုးရှိသည့် အသုံးဝင်ကုန်စည်များဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ကျေးလက်နေသူများ၊ ထပ်ဆင့်ပြုပြင်သူများ၊ ပြည်တွင်းပြည်ပဖြန့်ဖြူး ရောင်းချသူများ စသည်တို့၏ ဝင်ငွေနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့်အတွက် ကျေးလက်နေ ပြည်သူတို့အတွက် ဝင်ငွေ လမ်းကြောင်းတစ်ခုလည်းဖြစ်ပါသည်။  

ကွမ်းသီးထုတ်ကုန်များနှင့် ဈေးကွက်အခြေအနေ

ကမ္ဘာ့ကွမ်းသီးထုတ်လုပ်နိုင်မှုနှင့် ဈေးကွက်အခြေအနေကိုကြည့်လျှင် အိန္ဒိယနိုင်ငံက ထုတ်လုပ်မှုတွင် သိသိသာသာ လွှမ်းမိုးထားသော်လည်း ကွမ်းသီးထုတ်ကုန်တင်ပို့မှု မတွေ့ရသေးဘဲ ပြည်တွင်းစားသုံးမှု မလုံလောက်၍ တင်သွင်းနေရဆဲဖြစ်သည်။ ကွမ်းသီးနှင့်ပတ်သက်သည့် အများ ဆုံးတင်ပို့သူမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် စုစုပေါင်းပို့ကုန်၏ ထက်ဝက် ကျော်တင်ပို့နေကာ ပျမ်းမျှအားဖြင့် ၅၀ မှ ၆၀ ရာခိုင်နှုန်းခန့် ပါဝင်ပြီး အီရန်၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ အဓိကတင်ပို့ပါသည်။ ဒုတိယအများဆုံးမှာ မိမိတို့နိုင်ငံဖြစ်ပြီး ပျမ်းမျှ အားဖြင့် စုစုပေါင်းကွမ်းသီးပို့ကုန်၏ ၁၄ မှ ၁၇ ရာခိုင်နှုန်းဝန်းကျင် ပါဝင်ကာ အဓိကဈေးကွက် အနေဖြင့် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့သို့ အဓိကပို့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ကွမ်းသီးတင်ပို့မှု တန်ဖိုး ဒေါ်လာ ၄၀၂ သန်းရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဒေါ်လာ ၁၂၉ သန်း၊ မြန်မာနိုင်ငံ ဒေါ်လာ ၇၄ သန်း နှင့် ထိုင်းနိုင်ငံက ဒေါ်လာ ၆၀ ဒသမ ၂ သန်းဖြင့် ဦးဆောင်နေပါသည်။ 

ယေဘုယျအားဖြင့် ကွမ်းသီးပို့ကုန်နှင့်ပတ်သက်၍ အမျိုးအစား နှစ်မျိုးသာရှိသည်။ ကွမ်းသီးကို နေရောင်ဖြင့် အခြောက်ခံကာ အလုံးလိုက် (သို့) ခွဲခြမ်းပြီး ကုန်ကြမ်းအတိုင်း တင်ပို့မှုနှင့် ပေါင်းပြီး ကွမ်းသီးအနုကို တင်ပို့ခြင်းဟူ၍ ခွဲခြားထားသည်။ ဈေးနှုန်းအနေဖြင့်မူ ပေါင်းပြီး ကွမ်းသီးအနုက ဈေးနှုန်းမြင့်ကာ တရုတ်နိုင်ငံက အများဆုံးဝယ်ယူပါသည်။ ကွမ်းသီးခြောက်တင်ပို့ရာတွင်လည်း အင်ဒိုနီးရှားကွမ်းသီးဈေးက မိမိတို့ထက် အနည်းငယ် ဈေးသက်သာမှုရှိခြင်းကလည်း ဝယ်အားကို ပိုများစေပါသည်။ ကွမ်းသီးပို့ကုန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ယခုထက်တိုးချဲ့တင် ပို့နိုင်သည့် အခွင့်အလမ်းများ ရှိနေသေးပြီး လစ်ဟာနေသည့် ၂၀ ရာခိုင်နှုန်းဝန်းကျင် ကွမ်းပင်များနှင့် ကွမ်းသီးများ၊ အချို့နေရာများတွင် လုံခြုံရေးအခြေအနေများကြောင့် ကန့်သတ်ချက်များ ရှိနေသေး သဖြင့် အများဆုံးတင်ပို့သည့် နယ်စပ်ကုန်သွယ်ရေး ပုံမှန်အနေအထား မရောက်ရှိသေးခြင်း စသည့် အချက်များသာ အဆင်ပြေလာလျှင် ကွမ်းသီးထုတ်လုပ်မှုနှင့် တင်ပို့မှုများစွာ တက်လာမည် ဖြစ်သည်။ ထို့ပြင် ဈေးကောင်းရသည့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ပေါင်းပြီးကွမ်းသီးအနု တင်ပို့ခြင်းကိုလည်း ယခုထက် ပိုမိုတင်ပို့နိုင်ရန် လုပ်ဆောင်ခြင်းဖြင့် ပို့ကုန်တန်ဖိုး သိသိသာသာ တိုးမြှင့်လာနိုင်သောကြောင့် ကွမ်းသီးအများဆုံးထွက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့် အထူးဇောင်းပေးလုပ်ဆောင်သင့်သည့် လယ်ယာပို့ကုန်ပင် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ကွမ်းသီးအများဆုံးတင်ပို့နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကပြိုင်ဘက်မှာ မိမိတို့နိုင်ငံဖြစ်ပြီး နိုင်ငံရေးပိုမိုတည်ငြိမ်လာမှုကြောင့် မကြာမီအချိန်အတွင်း မြန်မာ့ကွမ်းသီး ထုတ်လုပ်တင်ပို့မှု တိုးတက်လာနိုင်ကြောင်း လေ့လာသူများက ဆိုပါသည်။

အချုပ်အားဖြင့်ဆိုရသော် ကွမ်းသီးကိုရိုးရာဓလေ့အတိုင်းကွမ်းယာစားသုံးရန်သက်သက် မဟုတ်တော့ဘဲ ခေတ်မီနည်းပညာများဖြင့် တန်ဖိးမြှင့်ထုတ်ကုန်များဖြစ်အောင် တီထွင်ထုတ်လုပ် လာခြင်းသည် နိုင်ငံတကာစျေးကွက်သို့ထိုးဖောက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ် ပင်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်သကဲ့သို့ ကွမ်းသီးစိုက်ပျိုးတောင်သူများအတွက်လည်း ပိုမိုကောင်းမွန်သောဝင်ငွေနှင့် စီးပွားရေးအခွင့်အလမ်း များကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

DOCA(ပဲခူး)