
ကရင်ပြည်နယ်ထွက် သစ်ချောထည်နှင့်ပရိဘောဂလုပ်ငန်းများ ပြည်တွင်း/ပြည်ပ ဈေးကွက် တွင် အလားအလာကောင်းမွန်နေပြီး ဝယ်လိုအားမြင့်တက်လျက်ရှိသည်။ ကရင်ပြည်နယ်အတွင်း ထွက်ရှိသည့်သဘာဝ ကျွန်းသစ်၊ ပျဉ်းကတိုးသစ်နှင့် သစ်မာ အမျိုးအစားများကို အခြေခံ၍ ထုတ်လုပ်ထားသော အိမ်သုံးနှင့်ရုံးသုံး ပရိဘောဂပစ္စည်းများသည် စားသုံးသူများအကြား အရည် အသွေးကောင်းမွန်သည့်အတွက် သုံးစွဲသူများအကြိုက်တွေ့ကာ ဈေးကွက်အတွင်း ဝယ်လိုအား အားကောင်းလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသတွင်း ပရိဘောဂလုပ်ငန်းများကို ဘားအံ၊ ကော့ကရိတ်နှင့်မြဝတီမြို့များ တွင် အဓိကလုပ်ကိုင်ကြသည်။ မိသားစုပိုင် ပရိဘောဂအလုပ်ရုံငယ်များမှသည် အသေးစား အလတ် စား၊ ပရိဘောဂစက်ရုံများအထိ တိုးချဲ့လုပ်ကိုင်လာကြသည်။ အဆိုပါ လုပ်ငန်းများမှ အိမ်ခန်းသုံး ကုတင်များ၊ စားပွဲများ၊ ကုလားထိုင်များ၊ ဘီရိုများ၊ အလှဆင် ပရိဘောဂများနှင့် ရုံးသုံးစားပွဲနှင့် ကုလားထိုင်များကို အဓိကထား ထုတ်လုပ်လျက်ရှိသည်။
ပရိဘောဂများ၏ဈေးနှုန်းများမှာ သစ်အမျိုးအစားနှင့်လက်ရာဒီဇိုင်းပေါ်မူတည်၍ ကွဲပြားမှုရှိ သည်။ (၅ပေ×၆ပေ) ကျွန်းကုတင်တစ်လုံး (၈သိန်း၊၂၀သိန်း)ကျပ်ဝန်းကျင်ခန့် ၊ ကျွန်းထမင်းစား စားပွဲကုလားထိုင် ၆လုံးပါ တစ်စုံလျှင် (၁၀ သိန်း၊၂၅သိန်း)ကျပ် ဝန်းကျင်ခန့်၊ ဧည့်ခန်းသုံး ဆိုဖာ/ ကုလားထိုင်တွဲများ တစ်စုံလျှင် (၁၅သိန်း၊၃၀သိန်း)ကျပ် ဝန်းကျင်ခန့်၊ ပျဉ်းကတိုး သို့မဟုတ် သစ်မာ ရုံးသုံး ပရိဘောဂများ တစ်စုံလျှင် (၃သိန်း၊၈သိန်း)ကျပ် ဝန်းကျင်ခန့် တို့ဖြစ်ရောင်းချကြသည်။
ကရင်ပြည်နယ်ထွက်ပရိဘောဂများကို ပဲခူး၊ ရန်ကုန်၊ မန္တလေးမြို့နယ်များအပါအဝင် ပြည် တွင်းဈေးကွက်သို့ အဓိကထားတင်ပို့ရောင်းချလျက်ရှိသည်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ပြေလည်လာပါက ထိုင်းနိုင်ငံအပြင် အခြားပြည်ပဈေးကွက်များသို့ ပိုမိုကျယ်ပြန့်စွာ တင်ပို့ နိုင်မည်ဟု လုပ်ငန်းရှင်များက မျှော်လင့်ထားကြသည်။ လက်ရှိတွင် ကုန်ကြမ်းသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များခြင်း၊ လျှပ်စစ်မီးရရှိမှုခက်ခဲခြင်းနှင့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်များ ရှိနေ သော်လည်း အရည်အသွေးမြင့်မားသည့် သစ်ကုန်ကြမ်းများ ပိုင်ဆိုင်ထားခြင်းကြောင့်ဒေသတွင်း ပရိဘောဂလုပ်ငန်းများမှာ ရေရှည်တွင်းစီးပွားရေးအရ အလားအလာကောင်းများ ဆက်လက်ရှိနေ မည်ဖြစ်ကြောင်း သိရသည်။
DOCA (ကရင်)
