
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့အတွင်းရှိအမရပူရ (ခေါ်)တောင်မြို့သည် စက်ယက်ကန်း၊ လက်ယက်ကန်းလုပ်ငန်းများကို ရှေးယခင်ကတည်းကမိရိုးဖလာလုပ်ငန်းတခုအဖြစ် လုပ်ကိုင်ခဲ့ပြီး အဆိုပါယက်ကန်းများမှ ထုတ်လုပ်သည့် ကျားဝတ်ပုဆိုးချည်ချောလုံချည်နှင့် ချည်ကြမ်းလုံချည်၊ မဝတ်ချည်ချောကြမ်းများကို အဆင်အသွေးစုံလင်စွာဖြင့် ဒီဇိုင်းအမျိုးမျိုးထုတ်လုပ်သည့်အတွက် ပြည်တွင်းသာမက ပြည်ပအထိစျေးကွက်ဝင်ရောက်လျှက်ရှိပါသည်။အမရပူရမြို့နယ်ရှိယက်ယန်း လုပ်ငန်းရှင်များအနေနှင့်ချည်ကုန်ကြမ်းများဖြစ်သည့် ၂/၈၀နှင့် ၂/၁၀၀ချည်များကို တရုတ်နှင့် အိန္ဒိယနိုင်ငံများမှဝင်ရောက်သည့်ချည်များကို အသုံးပြုခြင်း၊ ပိုးချည်အနေနှင့် တရုတ်နိုင်ငံမှ တင်သွင်းသည့်ချည်များကို အသုံးပြုခြင်း၊ ပြည်တွင်းချည်အသုံးပြုမှုအနေနှင့် ဝမ်းတွင်းမြို့နယ်မှ ထွက်ရှိသည့် ၁/၄၀နှင့်၁/၂၀ချည်များကို အသုံးပြုမှုရှိကြောင်း၊ အမရပူရမြို့နယ်အတွင်း စက်ယက်ကန်း၊ လက်ယက်ကန်းစက်ရုံ(၃၀၀၀)ကျော်ရှိပြီး ယခုလတ်တလောယက်ကန်းစက်ရုံ အရေအတွက် (၁၀၀၀)ဝန်းကျင်လုပ်ငန်းလုပ်ကိုင်ပြီး အချို့လက်ယက်ကန်းစင်များအနေနှင့် လွန်းရာကျော်နှင့် ကြိုးကြီးချိတ်များကို ကြိုတင်အမှာများကိုလက်ခံဆောင်ရွက်လျှက်ရှိပါသည်။ အမရပူရမြို့နယ် အတွင်း ယက်ကန်းစက်ရုံများမှအထည်များ ထုတ်လုပ်မှုအနေနှင့်လုပ်သားဦးရေ (၁၀၀၀)ဝန်းကျင် နှင့်တစ်ရက်လျှင်အထည်(၁၀၀၀)ကျော်ထုတ်လုပ်နိုင်ပြီး ပိုးထည်များကိုပွဲထိုင်များအတွက်ကြိုတင် အမှာလက်ခံဆောင်ရွက်ခြင်း၊ ချည်ထည်များကိုဒေသတွင်း စျေးကွက်နှင့်အညီဒီဇိုင်းအသစ် အဆန်းများ ဆန်းသစ်တီတွင်ခြင်း၊ ဌာနဆိုင်ရာနှင့်ကုမ္ပဏီများမှ ယူနီဖောင်းများကိုလည်းလက်ခံ ဆောင်ရွက်ပေးလျှက်ရှိပါသည်။အမျိုးသမီးများအတွက်ချည်ပုဝါ၊ ပိုးပုဝါများကိုလည်း ထုတ်လုပ်၍ နိုင်ငံခြားခရီးသွာများဝင်ရောက်မှုများသည့်ပုဂံဒေသ၊ အင်းလေးဒေသများနှင့် ဘုရားစေတီများတွင် လည်း မြန်မာမှုအနုပညာများဖန်တီးထားသည့် ပုဝါများကို ခင်းကျင်းပြသရောင်းချလျှက်ရှိပါသည်။ မန္တလေးတိုင်းဒေကြီးအမရပူရမြို့နယ်ရှိ ယက်ကန်းများမှထုတ်လုပ်သည့် ချည်ထည်စျေးနှုန်း စျေးကွက်အနေနှင့် ကျားဝတ်ချည်ချောလုံချည်၁ကွင်း ၁၂၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ ပွဲထိုင်ချော ၁ကွင်း ၂၅၀၀၀ကျပ်မှ၃၅၀၀၀ကျပ်ဒီဇိုင်းနှင့် ချည်အမျိုးအစားလိုက်ရောင်းချခြင်း၊ ပိုးပုဆိုး ၁ကွင်းလျှင် ၂၅၀၀၀ကျပ်မှ ၆၅၀၀၀ကျပ်၊ မာစလိုက်ချော ၁ကွင်းလျှင် ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ အမျိုးသမီးဝတ်မာစလိုက်ချည်ပြောင် (ရောင်စုံ)ရိုးရိုး ၁၂၀၀၀ကျပ်မှ ၁၅၀၀၀ ကျပ်၊ အနံလွန် ၁ကွင်း ၁၇၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ ချည်ဒူးနားချိတ်အဆင်စုံ ၁ကွင်းလျှင် ၁၈၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ချည်ချောချိတ်အဆင်စုံ ၁ကွင်းလျှင်၂၅၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်တို့ဖြင့် ရောင်းချ လျှက်ရှိပါသည်။ အမရပူရမြို့နယ်ရှိ ယက်ကန်းလုပ်ငန်းရှင်များအနေနှင့် ပွဲထိုင်ချိတ်အမျိုးမျိုး၊ ပိုးစစ်လွန်းရာကျော်ချိတ်များကို နမူနာဒီဇိုင်းများပြ၍ ကြိုတင်မှာယူပါကလက်ခံဆောင်ရွက် ပေးလျှက်ရှိပြီးအမျိုးသား၊ အမျိုးသမီးတူညီဝတ်စုံများကို မှာယူလိုပါကလည်း လက်ခံဆောင်ရွက် ပေးလျှက်ရှိပါသည်။ အမြို့မြို့အနယ်နယ်မှ ကျားဝတ်၊ မဝတ်လုံချည်များကို ၁၀ကွင်းမှစ၍ စျေးနှုန်းမှန်၊ ပစ္စည်းမှန်နှင့် တိတိကျကျအရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေးလျှက်ရှိပါသည်။ အမရပူရမြို့နယ်မှ ထွက်ရှိသည့်ကျားဝတ်၊ မဝတ်ချည်လုံချည်များသည် ဝတ်ဆင်သူတိုင်းပွဲလယ်တင့်သည့်အတွက် လူကြိုက်များသည့်ချည်ထည်များလည်းဖြစ်ပါသည်။ အမရပူရမြို့မှ ယက်ကန်း လုပ်ငန်းရှင်များအနေနှင့်ပြည်တွင်းစျေးကွက်ဖြန့်ဖြူးရာတွင် ပြည်တွင်းကုန်စည်ပြပွဲများ၌ ခင်းကျင်း ပြသရောင်းချခြင်းဖြင့် မိမိတို့ပစ္စည်းစျေးကွက်ဝယ်လိုအား ကောင်းမွန်စေရန်အတွက် ဆောင်ရွက် လျှက်ရှိပါသည်။ သို့ပါ၍ ပြည်တွင်းMSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းလုပ်ငန်းရှင် များကို နည်းပညာနှင့်အရင်းအနှီးများ ပံ့ပိုးကူညီဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလုပ်ငန်းရှင် များ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ အမရပူရ မြို့နယ်အတွင်းရှိ ယက်ကန်းလုပ်ငန်းရှင်များ အသင်းအစုအဖွဲ့အနေနှင့် မိမိတို့လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး စျေးကွက်ရရှိရေးနှင့် စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များအတွင်း ကုန်စည်ပြပွဲများကို ညီနောင်အသင်းများနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဌာနများနှင့် အတူပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်နယ်နှင့်တိုင်းအနှံ့ ကုန်ပစ္စည်းများ ခင်းကျင်းပြသကာ စျေးကွက်ရရှိအောင် ဆောင်ရွက်ခြင်းများအပြင် ပြည်ပကုန်စည်ပြပွဲများကို လည်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းသာမက ဝန်ကြီးဌာနများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှုများရှိပါက အသင်းအစုအဖွဲ့ များအနေနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် မန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မှ ထွက်ရှိသည့်ချည်ထည် အမျိုးမျိုးနှင့် ပွဲထိုင်ချိတ်အမျိုးမျိုး၊ ပိုးစစ်လွန်းရာကျော်ချိတ်အမျိုးမျိုး တို့သည် မြန်မာပြည်အတွင်း နေရာအနှံ့အပြားတွင် လူကြိုက်များသည့် ပြည်တွင်းဖြစ်ထုတ်ကုန် ပစ္စည်းတစ်မျိုးဖြစ်ပြီး အမရပူရချုပ်ထည်များသည် အရာင်အသွးစုံလင်လှပခြင်း၊ အဆင်များ ဆန်းသစ်ခြင်းတို့ကြောင့် လူကြိုက်များသည့်တန်ဖိုးမြှင့်ထုတ်ကုန်၏အကြောင်းကိုလေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
