မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ပခုက္ကူဒေသသည်ရိုးရာဆုံဆီကို ရှေးမြန်မာမင်းများ လက်ထက်ကပင် အသုံးပြုလာသော မိရိုးဖလာလုပ်ငန်း တစ်ခုဖြစ်သည်။ ပခုက္ကူဒေသတွင် မြေပဲနှင့်နှမ်းကို အဓိက စိုက်ပျိုးထုတ်လုပ်ခဲ့သော ဒေသတစ်ခု လည်းဖြစ်သည်။ ပခုက္ကူဒေသသည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိပြီး မြေနုကျွန်းများ လည်းပေါများပြီး မြေဆီမြေဩဇာ ကောင်းမွန်သောမြို့တစ်မြို့လည်းဖြစ်ပါသည်။ ပခုက္ကူဇာတိအရင်း အမြစ်ဖြစ်သော ယခင်က ဆုံကုန်း ရွာ၊ဈေးတန်းရွာများတွင် ဆုံဆီလုပ်ငန်းကို စတင်လုပ်ကိုင်လာ ကြပြီး ဆုံများကို နွားများဖြင့် လှည်၍ ဆုံဆီကို ကြိတ်ခဲ့ကြကြောင်းလေ့လာတွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်သည် မြေပဲ၊နှမ်းအများဆုံးထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဟု၍လည်း တင်စားခေါ်ဆို ခဲ့ကြသလို ယခုအချိန်ထိလည်းမြေပဲဆုံဆီလုပ်ငန်းကို ယခင်ကထက်များ ပြားစွာလုပ်ကိုင်လာကြပါ သည်။
ဆုံဆီပြုလုပ်သောအသား
ဆုံဆီလုပ်ငန်းကိုလုပ်ကိုင်ရာတွင် သစ်သားဆုံမှာအဓိကကျပါသည်။ ဆုံများကိုပြုလုပ်ရာတွင် အဓိကအသုံးပြုသော အသားမှာ မိမိတို့ဒေသမှထွက်ရှိသော ထနှောင်း၊ကုက္ကိုလ်၊တမာသားတို့ကိုအသုံး ပြုခဲ့ကြသည်။ ဆုံများကိုထွင်းရာတွင် ကုက္ကိုလ်သားနှင့် ထနှောင်းသားကိုအများဆုံးထွင်းပြီး ဆုံကြိတ် ရာတွင် လိုအပ်သော သစ်သား ကျည်ပွေ့ကို ညှို့သားကို အသုံးပြုရပါသည်။
ယခုအချိန်တွင် ဆုံဆီလုပ်ငန်းကို ပခုက္ကူမြို့နေရာအနှံ့အပြာတွင် ဆုံဆီလုပ်ငန်းများ တည် ထောင်၍လုပ်ကိုင်လာကြပါသည်။ ဒေသဖွံဖြိုးတိုးတက်လာသည့်နှင့်အမျှ ဆုံလုပ်ငန်းမှာလည်းတွင် ကျယ်စွာလုပ်ကိုင်လာကြသည်။ ယခင်ဆုံလုပ်ငန်းစတင် လုပ်ကိုင်စဉ်ကဆုံတစ်ဆုံ ဆီတစ်ပုံးဖြစ်ပြီး ခေတ်အဆက်ဆက်ပြောင်းလည်းလာသည်နှင့် အမျှ ဆုံတစ်ဆုံတည်ထောင်လျှင်ကျပ် (၄)သိန်း -(၅)သိန်း ရှိခဲ့ပါသည်။ ၂၀၁၈-၂၀၂၀ ထိဆုံတစ်ဆုံထောင်လျှင် ကျပ် (၁၀)သိန်းကုန်ကျခဲ့ပြီး ယခု အချိန်တွင် ဆုံတစ်ဆုံထောင်လျှင် သိန်း (၂၀ မှ ၃၀)ထိကုန်ကျကြောင်း၊ ယခင်ခေတ်နှင့်နှိုင်းယှဉ် ပါက ဆုံတစ်ဆုံ လျှင် ထက်ဝက်ခန့် ဈေးမြင့်လာခဲ့ပါသည်။ယခင်အချိန်အခါများက ဆုံကြိတ်ရာတွင် နွားများ နှင့်ကြိတ်ခဲ့သော် လည်း ယခုအချိန်တွင် ဆုံဆီ ကြိတ်ရာ၌ နွားများအစား လျှပ်စစ်မီးအသုံးပြု၍ ကြိတ်လာကြသည်။
မြန်မာ့ဆုံဆီ၏ထူးခြားချက်
မြန်မာ့ရိုးရာဆုံဆီသည် မြေပဲ၊နှမ်းတို့ကိုကြိတ်ခွဲ၍ ရရှိသည့် သဘာဝစင်ကြယ်သော စားသုံး ဆီဖြစ်သည်။ ကြိတ်၍ရလာသောဆီသည် မြေပဲ သို့မဟုတ် နှမ်း အနံ့မွှေးကြိုင်ခြင်း၊ ဓာတုဆေးဝါးနှင့်အ ရောင်တင်ဆီများပါဝင်မှုမရှိခြင်း ၊ကျန်းမာရေးအတွက် ကောင်းမွန်ခြင်းတို့ လူမျိုးဘာသာမရွေးစားသုံး နိုင်သော ဆီလည်းဖြစ်ပါသည်။
ဆုံကြိတ်ရာတွင် အသုံးပြုသောမြေပဲဆံစိုက်ပျိုးထုတ်လုပ်မှုနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်
ဆုံကြိတ်ရာ၌ အသုံးပြုသော မြေပဲဆံအမျိုးအစားမှာ ပဲလေးဆံ၊ပဲကြီးဆံများ ကိုပိုမို အသုံးပြုမှု ပိုမိုများပြာလာခဲ့သည်။ပခုက္ကူ ဒေသသည်မြေပဲကို မြေနုကျွန်းနှင့် ကုန်းခြောက်တောများတွင် (၃)လ မြေပဲနှင့် (၆)မြေပဲကို မိုးရာသီနှင့် ဆောင်းရာသီတွင် အဓိကစိုက်ပျိုး ထုတ်လုပ်လျက် ရှိပါသည်။ မြေပဲတစ်ဧကလျှင် မြေပဲတောင့်တင်း(၄၀ မှ ၅၀)တင်းခန့်ထိ ထွက်ရှိပြီး ဒေသတွင်း ပဲမျိုးစုံဈေး ကွက်မှတစ်ဆင့် ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချကာ တောင်သူများအတွက် ဝင်ငွေကောင်းမွန် သောလုပ်ငန်း တစ်ခုဖြစ်သည်။ မြေပဲကို ပခုက္ကူခရိုင်တွင် စိုက်ဧက သောင်းနှင့်ချီ၍ ရှိခဲ့ပြီး ယခုအချိန် တွင်စိုက်ပျိုးဧက သုံးပုံတစ်ပုံခန့် လျော့နည်းသွားကြောင်း သိရှိရပါသည်။ မြေပဲတစ်ဧက စိုက်ပျိုးရန် အတွက် မျိုးစေ့သွင်းအားစုနှင့် လုပ်သားခ စုစုပေါင်း ကျပ် သိန်း(၂၀)ခန့် ဝန်းကျင်ကုန်ကျနိုင်ပြီး အထွက် နှုန်းနှင့် ဈေးကွက်ပေါ်မူတည်ပြီး တောင်သူများအနေဖြင့် တစ်ဧကလျှင် ကျပ်(၅)သိန်းမှ (၆)သိန့်အမြတ် အစွန်း ရရှိနိုင်သည်။
ပခုက္ကူဒေသမြေပဲ ထွက်ရှိသည်နှင့်အမျှ ဆီဆုံကြိတ်ခွဲမှုများလည်းတွင်ကျယ်စွာလုပ်ကိုင်ကြ သည်။ မြေပဲဆုံကြိတ်ရာတွင် ဆီထွက် နှုန်းမှာလည်းကောင်းပြီး၊အနံ့အရာသာ နှင့်ပြည့်စုံသောဒေသ ထွက်ကောင်းမွန် သောမြေပဲဆံကိုအဓိကအသုံးသည်။ မြေပဲဆုံကြိတ်ရာတွင်လည်း ကောင်းမွန်သောမြေ ပဲဆန်များကိုရွေးချယ်ပြီး အမှိုက်သဲကင်စင်းအောင်ပြာတီးသန့်စင်ရသည်။ မြေပဲတစ်ဆုံကြိတ်လျှင် (၅) ပိဿာကြိတ်ရပြီးတစ်ပိဿာကြိတ်လျှင် ဆီ (၄၀)ကျပ်သားရရှိ၍ တစ်ဆုံလျှင် ပဲဖတ်(၃)ပိဿာ ထွက်ရှိကြောင်း တစ်နေ့လျှင် (၅)ဆုံကြိတ်ရပြီ တစ်ဆုံကြိတ်လျှင် (၁)နာရီခန့်ကြာမြင့်သည်။ ဆုံ ဆီကြိတ်ရာမှ ရရှိလာသော ဆုံခွေ(ပဲဖတ်)များကို တိရိစ္ဆာန်အဖြစ် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးများ သို့ နေ့စဉ် ပို့ဆောင်လျက်ရှိပါသည်။
ဈေးနှုန်းဈေးကွက်
ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်လများက မြေပဲတစ်ပိဿာလျှင် ကျပ် (၉၀၀၀)ကျော်ရှိခဲ့ပြီး ယခုကာလတွင် မြေပဲဆံတစ်ပိဿာလျှင်ကျပ် (၁၄၅၀၀)ရှိခဲ၍ ယခင်လများနှင့်နှိုင်းယှဉ်ပါက တစ် ပိဿာလျှင် ကျပ် (၅၀၀၀) ကျော်မြင့်တက်နေပါသည်။လက်ရှိမြေပဲဆုံဆီဈေးကွက်တွင် မြေပဲဆံ ကုန်ကြမ်းဈေးနှုန်မြင့်တက်လာခြင်းကြောင့် မြေပဲဆုံဆီဈေးမှာလည်း တစ်ပိဿာလျှင်ကျပ် (၂၅၀၀၀-၂၆၀၀၀)ပေါက်ဈေးရှိကြောင်း ဆုံကြိတ်သူများထံမှ သိရှိရပါသည်။ မြေပဲဆံကုန်ကြမ်းဈေနှုန်းများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ဆုံဆီဈေးနှုန်းပါလိုက်ပါမြင့်တက်လာခြင်းဖြစ်ပါသည်။ မြေပဲဆုံဆီကို မြန်မာ့ရိုးရာဆုံဆီကို လူမျိုးဘာသာမရွေးစားသုံးကြပြီး ပခုက္ကူဒေသမှ မြန်မာပြည်အနှံ့အပြား သို့လည်းတင်ပို့နေကြောင်း မြေပဲဆုံလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)
