ပြည်မြို့၏ ဟော်လန်ပန်း (ခေါ်) သစ္စာပန်း စိုက်ပျိုးသူများ တွက်ခြေကိုက်

Powered by Drupal

                          ဟော်လန်ပန်း (ခေါ်) သစ္စာပန်းသည် အလွန်လှပပြီး အမွှေးအကြိုင်ရှိကာ မြန်မာနိုင်ငံတွင်ပါ လူကြိုက်များသော စိုက်ပျိုးရေးနှင့် အလှဆင်ပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းခြံများ၊ ပန်းဥယျာဉ်များ၌ အလှစိုက်ပျိုးရန်ဖြစ်စေ၊ ပန်းအိုးပန်းစိုက်များ၌ ပန်းအလှထိုးရန်ဖြစ်စေ၊ ပန်းပြပွဲများ၌ ပန်းအလှပြရန် ဖြစ်စေ အသုံးများသော ပန်းတစ်မျိုးမှာ အသွေးအရောင်စုံရှိ၍ ကြွကြွရွရွ အဖူးအပွင့်တို့ဖြင့် ကြော့ရှင်း လှပသော သစ္စာပန်းများ ဖြစ်ကြပါသည်။ သစ္စာပန်းပင်တို့သည် အမြင့်လေးပေမှ ငါးပေအထိ ရှိတတ်ပါ သည်။ ပင်စည်သည် သေးသွယ်ရှည်လျား၍ အသားများသော ပင်စည်မျိုးဖြစ်သည်။ ဓားရှည်၏ ပုံသဏ္ဌာန်နှင့်တူ၍ အဖျားချွန်ပြီးလျှင် ရှည်လျားသည့် အရွက်များသည် အပင်ရင်း၌ ဖွင့်ချည်ပိတ်ချည် ပြုနိုင်သော ယပ်တောင်ကဲ့သို့ တစ်ခုနှင့်တစ်ခု ထပ်၍ ထွက်သည်။ အရွက်ရှည်ရှည် ချွန်ချွန်များအလယ်မှ သေးသွယ်ရှည်လျား၍ များသောအားဖြင့် မားမားမတ်သော ပွင့်တံများထွက်လာပြီးလျှင် ပွင်တံအဖျား တွင် ထိပ်ချွန်သော ပန်းခိုင်မျိုးပွင့်ပါသည်။ ပန်းပွင့်များသည် ပွင့်တံ၏ တစ်ဖက်သပ်သပ်၌ အပွင့်ချင်း လွှဲထွက်ကာ လှပစွာ ဖူးပွင့်ကြပါသည်။ အောက်ဘက်မှ အပွင့်များသည် ဦးစွာပွင့်၍ အပေါ်ပိုင်းမှ အဖူး ချွန်ချွန်များသည် တစ်ခုပြီးတစ်ခု ပွင့်လိုက်လာကြသည်။ အောက်ဘက်မှ အဖူးများ ပွင့်အာစပြုလျှင်ပင် ပန်းခိုင်များကို ခူးဖြတ်လိုက်သည့်တိုင်အောင် အပွင့်များသည် အဖူးများ ကုန်လုနီးသည့် တိုင်အောင် တစ်ပွင့်ပြီး တစ်ပွင့် ပွင့်ကြပါသည်။ အပွင့်၏ပုံသဏ္ဌာန်သည် အော်လံပုံသဏ္ဌာန်ကဲ့သို့ အဝကား၍ ပွင့်ဖတ်တို့သည် အနားမညီကြပါ။ သစ္စာပန်းသည် သင်းပျံ့မွှေး ကြိုင်သောရနံ့မရှိပါ။ ယခုအခါ သစ္စာပန်း မျိုးစိတ်ပေါင်း ၂ဝဝ ကျော်ခန့်ရှိကြောင်း သိရှိရပါသည်။ မျိုးစပ် သစ္စာပန်းမျိုးတို့သည် မူလ သစ္စာပန်းမျိုး တို့ထက်ပင် အဆင်အသွေး ပိုမိုထူးကဲလှပသဖြင့် မူလသစ္စာပန်းမျိုးတို့မှာ မြန်မာနိုင်ငံရှိ ပြင်ဦးလွင် ရုက္ခ ဗေဒဥယျာဉ်များမှလွဲလျှင် အတွေ့ရအလွန်နည်းနေပါသည်။ ဟော်လန် သစ္စာပန်းမျိုးကြီးဟု ခေါ်ကြသော သစ္စာပန်းမျိုးသည် ချိုင်းစီအမျိုးအစားဟုခေါ်သော မျိုးစပ်သစ္စာပန်းမျိုးတွင် ပါဝင်သည်။ သစ္စာပန်းတွင် အပုမျိုး၊ အရှည်မျိုး၊ အလတ်စားမျိုးဟူ၍ (၃) မျိုးရှိသည့်အနက် သစ္စာပန်းကြီးမျိုးသည် အပုမျိုးနှင့် အရှည်မျိုးကိုစပ်၍ရသော မျိုးစိတ်တစ်ခုဖြစ်ပါသည်။ အပွင့်ကြီးများ ထူးကဲကြီးမားကြရာ အချင်း ခုနစ် လက်မမှ ကိုးလက်မအထိ ရှိပါသည်။ အရောင်အသွေးမှာ အဖြူရောင်မှအစပြု၍ ပန်းနု၊ ပန်းရင့်၊ ခရမ်း၊ မရမ်း၊ ကြက်သွေးရောင်၊ အသွေးအရောင် အမျိုးမျိုးအပြင် အနီရောင် အနုအရင့်အစုံစုံ အဝါသွေး အနု အရင့် အဖုံဖုံတို့အပြင် ချစ်စဖွယ် အသွေးအရောင် အဆန်းအပြားတို့ကလည်း အံ့မခန်းလောက်စဖွယ် စုံလင်လှပပါသည်။ အချို့သည် အပွင့်ရောင် တစ်မျိုးတည်းမဟုတ်ဘဲ အစက်အပြောက်၊ အကွက်အကျား တို့ဖြင့် တစ်မျိုးတစ်ဖုံ ဆန်းသစ်လှပကြပါ သည်။ ယခုနောက်ပိုင်းတွင် သစ္စာပန်းမျိုးမျိုးမှာ တောက်ပ သော ကြည်ပြာရောင်နုကလေးတွင် လှပသော အမည်းပျောက်ကလေးများ ကြွရွစွာ ပေါ်နေသော ဟော်လန်သစ္စာပန်း မျိုးပြားတစ်မျိုးမှာလည်း ဈေးကွက်ဝင်ပြီး အရောင်းသွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်ရှိပြီး အရောင်းအဝယ်ဖြစ်သော အမျိုးအစားမှာ အလတ်စား သစ္စာပန်းမျိုး ဖြစ်သည်။ မေမြို့၊ ကလော၊ တောင်ကြီးစသောမြို့များနှင့် အခြားဒေသများတွင် သစ္စာပန်းများကို စီးပွားဖြစ် စိုက်ပျိုးရောင်းဝယ်လာကြပါသည်။ သစ္စာပန်းများကို ပြင်ဦးလွင်၊ မေမြို့နှင့် ရှမ်းပြည် မြောက်ပိုင်း၊ တောင်ပိုင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းမြို့များတွင် စီးပွားဖြစ် အများဆုံးစိုက်ပျိုး ကြပါ သည်။ သစ္စာပန်းပင်သည် ကွမ်းခေါ် ဥတက်မှ အပင်ပေါက်၍ ပန်းပွင့်ကျသောရာသီတွင် ဥတက်များကို မြေမှဖော်ထုတ်၍ ခြောက်သွေ့သောနေရာတွင် သိမ်းထားရပါသည်။ သို့မှသာ ဥတက်များ အပျက်အစီး နည်းပါသည်။ ဆောင်ကူးရာသီတွင် ဥတက်များကို တူးဖော်သိမ်းထား၍ နွေကူးရာသီတွင် ပြန်လည် စိုက်ပျိုးကြပါသည်။ သစ္စာပန်းပင်တို့သည် ရေကောင်းစွာရရှိ၍ မြေဩဇာကောင်းသော မြေပျော့မျိုး၌ ဖြစ်ထွန်းသည်။ မြေဆွေးနှင့် နောက်ချေးမြေမျိုးကို နှစ်သက်ပြီး ပြုပြင်ထားသောမြေများတွင် စိုက်ခင်း မြောင်းဘောင်မို့မို့တွင် ဥတက်တစ်ခုလျှင် ခြောက်လက်မခန့် ခွါလျက် ကျင်းတိမ်တိမ်တူး၍ စိုက်ရပါ သည်။ ဟော်လန်သစ္စာပန်းကြီးမျိုးသည် ပန်းတစ်ခိုင်လျှင် ၁ဝ ပွင့်မှ အပွင့် ၂ဝ နီးပါးရှိ၍ အပင်၌မခူးဘဲ ထားလျှင် ၁၅ ရက်ကျော်ခန့်တာရှည်ခံပါသည်။ ဟော်လန်ပန်း (ခေါ်) သစ္စာပန်းကို စိုက်ပျိုးကြသူများ အနေဖြင့် နှစ်စဉ်အမြတ်များရရှိကာ စိုက်ပျိုးသူများ တွက်ခြေကိုက်သော ဒေသထွက်ကုန်ပန်းမျိုးလည်း ဖြစ်ပါသည်။ ဟော်လန်ပန်း (ခေါ်) သစ္စာပန်းကို ပြည်မြို့ရှိ မှော်ဇာ၊ ဆင်မြီးဆွဲတို့တွင် စီးပွားဖြစ် အများဆုံး စိုက်ပျိုးပြီး ဒေသတွင်းရောင်းချ၍ ပိုလျှံသည့် ပန်းများကို ရန်ကုန် သီရိမင်္ဂလာဈေးသို့ အများ ဆုံးတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဟော်လန်ပန်း (ခေါ်) သစ္စာပန်းများသည် ပြည်မြို့ မြို့မ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ မှော်ဇာ၊ ဆင်မြီးဆွဲ၊ ပြင်ဦးလွင်၊ မေမြို့တို့ဘက်မှ အများဆုံးဝင်ရောက်ပြီး ဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ဟော်လန်ပန်း (ခေါ်) သစ္စာပန်းအဖြူရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင်၊ ပြောက်ကျားနှင့် ရောင်စပ် အတံချော (၅)ချောင်းပါ တစ်စည်းလျှင် ကျပ် (၃၀၀၀)၊ အလတ်တစ်စည်းလျှင် ကျပ် (၂၀၀၀)နှင့် အသေးတစ်စည်း လျှင် ကျပ် (၁၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ဟော်လန်ပန်း (ခေါ်) သစ္စာပန်းသည် နှစ်စဉ်ဈေးကောင်းရပြီး အမြတ်အစွန်းလည်းကျန်သည့်ပန်းလည်းဖြစ်သည့် စိုက်ပျိုးသူ များ တွက်ခြေကိုက်သော ပန်းတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(ပဲခူး)