သီရိလင်္ကာနိုင်ငံအနေဖြင့် လတ်ဆက်သောနာနတ်သီးများကို ပေ၂၀ဆံ့ ကွန်တိန်နာသေတ္တာ များဖြင့် ပါကစ္စတန်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း၊ အဆိုပါ ကုန်ပစ္စည်းများကို C R Exports (Pvt) Ltd က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့တွင် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံသည် နှစ်စဉ် နာနတ်သီး မက်ထရစ်တန် ၂,၀၀၀ မှ ၅,၀၀၀ အထိ တင်သွင်းလေ့ ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရှိကြောင်း၊ လက်ရှိတွင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ပါကစ္စတန်နိုင်ငံ၏ အဓိက နာနတ်သီးတင်သွင်းသည့်နိုင်ငံများ ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ တင်ပို့မှုသည် လတ်ဆတ်သောနာနတ်သီးတင်ပို့ရာတွင် အပင်များ၏ ကျန်းမာရေး နှင့် ရောဂါပိုးမွှားများကို ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်ရန် သီရိလင်္ကာ နှင့်ပါကစ္စတန်နိုင်ငံတို့၏ အမျိုးသားအပင်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်း (NPPO) အကြား နည်းပညာဆိုင်ရာ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း သိရှိရပါသည်။
ပါကစ္စတန်နိုင်ငံ၊ NPPO ၏ ပိုးမွှားဗေဒပညာရှင်ဖြစ်သူ Mohammad Aqeed က ရွေးချယ် ထားသည့် နာနတ်သီးစိုက်ခင်းနှင့် ကုန်ထုတ်စခန်းများကို ကြည့်ရှုစစ်ဆေးရန်အတွက် သီရိလင်္ကာ နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါခရီးစဉ်မှ တွေ့ရှိချက်များအပေါ် အခြေခံ၍ ပါကစ္စတန် နိုင်ငံတွင် နည်းပညာဆိုင်ရာ ဆန်းစစ်အကဲဖြတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်အာဏာပိုင် များမှ သီရိလင်္ကာနိုင်ငံ၏ အမျိုးသားအပင်သီးသန့်ခွဲခြားရေး ဝန်ဆောင်မှုအဖွဲ့ (NPQS) မှ ထုတ်ပြန်ထားသည့် အပင်ကျန်းမာရေးနှင့် ရောဂါပိုးမွှားကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိသည့် သီရိလင်္ကာနိုင်ငံမှ နာနတ်သီးတင်သွင်းမှုကို အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
သီရိလင်္ကာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသည့် ထုတ်လုပ်သူများနှင့် တင်ပို့သူများ၏ စိုက်ပျိုးရေးအလေ့အထကောင်း (GAP) ရရှိပြီး စိုက်ခင်းများမှ ထွက်ရှိသော နာနတ်သီးများကိုသာ အလိုရှိကြောင်း သိရှိရပါသည်။ သီရိလင်္ကာနိုင်ငံ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (EDB)၊ ပါကစ္စတန်အခြေစိုက် သီရိလင်္ကာသံရုံး၊ သီရိလင်္ကာအခြေစိုက် ပါကစ္စတန်သံရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အမျိုးသားအပင် သီးသန့် ခွဲခြားရေး ဝန်ဆောင်မှုအဖွဲ့(NPQS)တို့သည် ပို့ကုန်ဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို ထူထောင် ရာတွင် ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
သီရိလင်္ကာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် နာနတ်သီးထုတ်ကုန်မှ ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၂ သန်းနီးပါး ရရှိခဲ့ကြောင်း၊ အဆိုပါနိုင်ငံသည် ပါကစ္စတန်ဈေးကွက်သို့ ထောပတ်သီးနှင့် လိမ္မော်သီးအပါအဝင် အခြားစိုက်ပျိုးရေးထုတ်ကုန်များကို မိတ်ဆက်တင်ပို့ရန်အတွက် အခွင့်အလမ်းများရှာဖွေနေကြောင်း၊ ကုန်သွယ်မှုလမ်းကြောင်းသစ်သည် စိုက်ပျိုးရေးဆိုင်ရာ ပို့ကုန်များကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ရပြီး ပါကစ္စတန်-သီရိလင်္ကာ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်၏ အသုံးချမှုကိုလည်း ပိုမိုတိုးမြှင့်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Fresh Plaza, 24 August 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
