“ဝင်ငွေတိုးပြီးလုပ်ကိုင်ရလွယ်ကူသောမှိုစိုက်ပျိုးရေးလုပ်ငန်း”

Powered by Drupal
Mon, 08/31/2026 - 10:06 -- consumer_admin

               လူသားတို့၏ သမိုင်းတစ်လျှောက် အစားအစာနှင့် အာဟာရအတွက် အထောက်အကူပြုသည့် သဘာဝအလျောက် အစားအစာများစွာရှိသည့်အနက် မှိုသည် ထူးခြားထင်ရှားသော နေရာတစ် နေရာကို ပိုင်ဆိုင်ထားသည်။ မှိုကို ကျောက်ခေတ်ဦးကပင် လူတို့စတင်တွေ့ရှိ စားသုံးခဲ့ ကြသည်။ ယနေ့ခေတ်တွင် မှိုစိုက်ပျိုးခြင်းသည် ရှေးဟောင်းအစဉ်အလာတစ်ခုမျှသာ မဟုတ်တော့ဘဲ ခေတ်မီ စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်လာပြီဖြစ်သည်။

          မှိုစိုက်ပျိုးခြင်းသည် အမှိုက်မှ ရွှေကိုထုတ်ယူခြင်းဖြစ်သည်။ အသုံးမလိုတော့သော စွန့်ပစ်ပစ္စည်း များကို တန်ဖိုးရှိသောထွက်ကုန်အဖြစ် ပြောင်းလဲခြင်းပင်ဖြစ်သည်။ ထို့ကြောင့် မှိုစိုက်ပျိုးခြင်းကို “တစ်ချက်ခုတ် သုံးချက်ပြတ်” ဟု ဆိုကြသည်။ အကြောင်းမှာ ဤလုပ်ငန်းသည် လယ်ယာစွန့်ပစ်ပစ္စည်းများမှ မှိုလည်းရ၊ မှိုနုတ်ယူပြီးနောက် ကျန်ရှိသည့်အဆွေးမှ မြေဆွေးလည်းရ၊ လယ်ယာထွက် သီးနှံလည်း ရရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် မှိုစိုက်ပျိုးခြင်းကို “ငွေထုတ်စက်” ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။

          ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် မှိုစိုက်ပျိုးရေး လုပ်ငန်းသည် အထူးပင်အထောက်အကူပြုသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ ဗေဒါ၊ ငှက်ပျော၊ ကောက်ရိုး၊ ပြောင်းဖူးရိုး၊ ပြောင်းပင်စသည့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ၊ ဆီထွက် သီးနှံများ၊ ဝါ၊ ပဲမျိုးစုံနှင့် ဆီအုန်းတို့ကိုအသုံးပြု၍ မှိုစိုက်ပျိုးနိုင်သည်။ မှိုနုတ်ယူပြီးနောက် ကျန်ရှိသော အဆွေးများကို အဖိုးတန်မြေဆွေးအဖြစ် ဆက်လက်အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် စပါးစိုက်ပျိုး လျှင် စပါးတစ်သီးရရှိသည်။ ထို့နောက် ကျန်ရှိသောကောက်ရိုးကို အသုံးပြု၍ မှိုအမျိုးမျိုး စိုက်ပျိုးသဖြင့် မှိုလည်းရပြန်သည်။ မှိုများကို နုတ်ယူပြီးနောက် ကျန်ရှိသည့် မှိုစိုက်ခင်းပုံမှ မြေဆွေး ကိုလည်း ထပ်မံရရှိပြန်သည်။ ဤသည်ကို “တစ်ချက်ခုတ် သုံးချက်ပြတ်” ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သုတေသနပညာရှင်များ၏ အဆိုအရ လယ်ယာစွန့်ပစ်အမှိုက် တန်ချိန်သုံးသန်းလျှင် မှိုတန်ချိန် တစ်သန်းမှ ၁ ဒသမ ၅ သန်းအထိ ထုတ်လုပ်နိုင်သည်ဟု သိရသည်။ 

မှိုသမိုင်း

            အီဂျစ်နိုင်ငံ၏မှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့် (ဘီစီ ၄၀၀၀) ကပင် လူတို့သည် မှိုကိုစတင်စားသုံးခဲ့ကြသည်။ အချို့က ကျောက်ခေတ်ကပင် မှိုစိုက်ပျိုးခဲ့သည်ဟု ဆိုသည်။ ထို့နောက် ရုရှား၊ တရုတ်၊ ဂရိ၊ မက္ကဆီကိုနှင့်လက်တင် အမေရိကနိုင်ငံများတွင် စိုက်ပျိုးလာကြသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် မှိုစိုက်ပျိုးခဲ့သည်။ ကြွက်နားရွက်မှိုကို အေဒီ ၆၀၀၊ ရွှေအပ်မှို (Flammulina velutips) ကို အေဒီ ၈၀၀၊ ရှီတာကီမှို (Lentinula edodes) ကို အေဒီ ၁၀၀၀ တွင် စတင်စိုက်ပျိုးခဲ့ကြသည်။

              စီးပွားဖြစ်မှိုစိုက်ပျိုးခြင်းကိုမူ ဥရောပတွင် ၁၆ ရာစုနှင့် ၁၇ ရာစုနှစ်များတွင်မှ စတင်ခဲ့သည်။ ၁၉ ရာစုနှစ်နှောင်းပိုင်းတွင်မှ အမေရိကန်သို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ပထမဆုံးမှိုမျိုး စပွန်း (Spawn) ကို ပြင်သစ်မှိုပညာရှင် Louis F. Lambert က ၁၉ ရာစုအစောပိုင်းတွင် ထုတ်လုပ်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် မှိုဈေးကွက် စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က ကြယ်သီးမှို (Button mushroom) သည် ဈေးကွက်ကို လွှမ်းမိုးထားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် ကြယ်သီးမှိုသည် ကမ္ဘာ့မှိုဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကို လွှမ်းမိုးထားနိုင်ခဲ့သည်။ သို့သော် ၁၉၉၇ ခုနှစ်သို့ ရောက်သောအခါ ရှီတာကီမှို၊ ငွေနှင်းမှို (အွိုက်စတာ မှို)၊ ကောက်ရိုးမှို၊ ကြွက်နားရွက်မှို စသည့် အခြားမှိုများ ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် ကြယ်သီးမှို၏ ဈေးကွက်ဝေစုမှာ ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ယခုအခါ နိုင်ငံပေါင်း ၁၀၉ နိုင်ငံကျော်၌ မှိုစိုက်ပျိုးရေးကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သော အမေရိကန်နှင့် ဥရောပနိုင်ငံများသည် မှိုစိုက်ပျိုးရေးကို စက်မှုထုတ်ကုန် အဖြစ် စက်ကြီးများဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့စိုက်ပျိုးလျက်ရှိကြသည်။ 

          မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်၊ အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ရန်၊ အစားအစာဖူလုံမှုရရှိရန်၊ ကျေးလက်ဒေသပညာရေးနှင့် ကျန်းမာရေးဖွံ့ဖြိုးတိုးတက် ရန်နှင့် နိုင်ငံတော်၏ GDP တိုးတက်စေရန်အတွက် မှိုကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်အထိ စိုက်ပျိုးရန် လိုအပ်ပါသည်။

မြန်မာ့မှိုစိုက်ပျိုးရေး

           မြန်မာနိုင်ငံတွင် ကောက်ရိုးမှိုစိုက်ပျိုးခြင်းလုပ်ငန်းကို ၁၉၃၂ ခုနှစ်ခန့်က ထိုင်းနိုင်ငံမှ ပညာရှင်နှစ်ဦး၏ အကူအညီဖြင့် စတင်ခဲ့သည်။ ၁၉၇၉ ခုနှစ် မှစ၍ အထွက်နှုန်းကောင်းသော မှိုမျိုးများကို တင်သွင်းခြင်း၊ မှိုမျိုးများ ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့ကြောင့် လူအများ စိတ်ဝင်စားလာ ကြပြီး စီးပွားဖြစ်စတင်ထုတ်လုပ်လာကြသည်။ ၁၉၈၀ ပြည့်နှစ်တွင် ကောက်ရိုးမှိုတစ်မျိုးတည်း သာမဟုတ်ဘဲ ငွေနှင်းမှို၊ ငွေမိုးမှို၊ ကြွက်နားရွက်မှို၊ ထပ်တရာမှို စသည့် မှိုမျိုးများကိုပါ တိုးချဲ့စိုက်ပျိုးလာကြပြီး မှိုသင်တန်းများကိုလည်း ပို့ချပေးခဲ့သည်။ ရန်ကုန်မြို့ ကိုးမိုင်ရှိ မှိုခြံ၊ မှော်ဘီမြို့ရှိ ညောင်နှစ်ပင် မှိုခြံ၊ ပဲခူးမြို့ ၁၀ မိုင်ကုန်းရှိ မှိုခြံ၊ တောင်ငူမြို့ရှိ ကျောက်တိုင်မှိုခြံတို့တွင် အဓိက မှိုငါးမျိုးဖြစ်သည့် ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ နို့စိမ်းမှို၊ ကောက်ရိုးမှိုနှင့် လင်ဇီးမှိုတို့ကို စိုက်ပျိုးလျက်ရှိသည်။ ပြင်ဦးလွင်ရှိ မှိုခြံတွင် အအေးပိုင်းဒေသ၌ ဖြစ်ထွန်းသော ရှီတာကီ မှို၊ ကမ္ဘာပေါ်တွင် စိုက်ပျိုးမှုအများဆုံးနှင့် စားသုံးမှု အများဆုံးဖြစ်သည့် ကြယ်သီးမှို၊ မျောက်ခေါင်းမှို၊ ပဲပင်ပေါက်မှို၊ ရွှေအပ်မှိုတို့အပြင် ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုတို့ကိုပါ စိုက်ပျိုးကြသည်။ ထို့အပြင် တိုးတက်သောနည်းပညာများကြောင့် ယခုအခါ မှိုကို စက်မှုထွက်ကုန် သီးနှံအဖြစ် ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီဖြစ်သည်။

ကမ္ဘာ့နှစ်စဉ်တိုးပွားနေသော လူဦးရေ၏ လိုအပ်သောအာဟာရအတွက် ဖြည့်ဆည်းပေးမည့်မှို

             ကမ္ဘာ့လူဦးရေသည် နှစ်စဉ် တိုးပွားလျက်ရှိရာ လိုအပ်သောအာဟာရကို မှိုကဖြည့်ဆည်း ပေးနိုင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကပင် မှိုစိုက်ပျိုးရေးသည် တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး ထုတ်လုပ်မှုမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လာသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့မှိုထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိသည်။ ယခုအခါ မှိုလုပ်ငန်းသည် ခေတ်မီဆန်းသစ်လာပြီး ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် အဆင့်မြင့်နည်းပညာများ အသုံးပြုကာ စက်ကိရိယာများဖြင့် အမြောက် အမြားထုတ်လုပ်စိုက်ပျိုးလျက်ရှိသည်။ ထိုနိုင်ငံများသည် နည်းပညာများ၊ စက်ကိရိယာများ၊ အထွက်ကောင်း မှိုမျိုးများနှင့် မှိုများကိုပင် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည်။ မှိုမှ လူတို့အတွက် အသားဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ပေါကြွယ်ဝစွာ ရရှိစေသည်။ ကမ္ဘာ့စားနပ်ရိက္ခာ ဖွံ့ဖြိုးရေးအဖွဲ့ (FAO) ကလည်း မှိုကို အစားအသောက် ထွက်ကုန်တစ်ခုအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများ (ကျေးလက်ဒေသများအပါအဝင်) တွင် နှစ်စဉ်တိုးချဲ့စိုက်ပျိုးကြရန် ထောက်ခံအားပေးထားသည်။

ကမ္ဘာ့စီးပွားဖြစ် အများဆုံး စိုက်ပျိုးထုတ်လုပ်သော မှိုစိုက်ပျိုးနည်းပညာ

             ကမ္ဘာပေါ်တွင် မှိုမျိုးစိတ်ပေါင်း ၁၄၀၀၀ ရှိပြီး ယင်းတို့အနက် စားသုံးရန်သင့်လျော်သော မျိုးစိတ်ပေါင်း ၇၀၀၀ ရှိသည်။ ထိုမျိုးစိတ်များအနက် ၂၀၀ ကျော်ကို ဓာတ်ခွဲခန်းများတွင် စမ်းသပ် စိုက်ပျိုးအောင်မြင်ပြီးဖြစ်သည်။ စီးပွားဖြစ်မျိုးစိတ်ပေါင်း ၉၀ ကို ကမ္ဘာအနှံ့ စိုက်ပျိုးလျက်ရှိသည်။ အချို့မှိုမျိုးစိတ် ၇၃ မျိုးကိုမူ ဆေးဝါးထုတ်လုပ်ရေးအတွက် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံသည် မှိုမျိုးစုံစိုက်ပျိုးရန် အခြေအနေကောင်းသော နိုင်ငံဖြစ်သည်။ ပူအိုက်စွတ်စို သောဒေသ၊ ခြောက်သွေ့ သောဒေသ၊ အေးသောဒေသ၊ သစ်တောထူထပ်သော တောင်ပေါ်ဒေသများရှိသည်။ ထို့ကြောင့် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်သောမှို၊ အေးသောအရပ်ကို နှစ်သက်သောမှို၊ သစ်တောအတွင်း ဖြစ်ထွန်းသော မှိုများအားလုံးကို စိုက်ပျိုးနိုင်သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် မှိုစိုက်ပျိုးရေးကို အထူး အလေးပေးစိုက်ပျိုးသင့်ပြီး နိုင်ငံခြားငွေရှာဖွေပေးနိုင်သော လုပ်ငန်းကြီးတစ်ခု ဖြစ်လာနိုင်သည်။

            မြန်မာနိုင်ငံတွင် မှိုစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်တိုးတက်စေရန် ကျေးလက်ဒေသများသို့ မှိုစိုက်ပျိုးရေး အခြေခံနှင့် အဆင့်မြင့်သင်တန်းများကို အခမဲ့ (သို့မဟုတ်) ကုန်ကျစရိတ်သက်သာစွာ ဖွင့်လှစ်ပေးခြင်း၊ နိုင်ငံခြားမှ အထွက်နှုန်းကောင်း မှိုမျိုးကောင်းများကို တင်သွင်းပြီး တောင်သူများသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးခြင်း၊ ခေတ်မီစက်ကိရိယာများ၊ ရာသီမရွေးစိုက်ပျိုးနိုင်သော နည်းပညာများကို အသေးစား၊ အလတ်စားတောင်သူများသို့ ကူညီပံ့ပိုးပေးခြင်း၊ တောင်သူများကို ပြည်တွင်း/ ပြည်ပ မှိုဈေးကွက်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည့် စနစ်တစ်ရပ်ဖော်ဆောင်ခြင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ကိုက်ညီသော မှိုမျိုးသစ်များ သုတေသနပြုထုတ်လုပ်ခြင်းနှင့် မှို၏အာဟာရတန်ဖိုး၊ စီးပွားရေးအလားအလာနှင့် စိုက်ပျိုးနည်းစနစ်များကို တောင်သူများသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းတို့ကို လုပ်ဆောင်ပေးရန် လိုအပ်သည်။

            မှိုစိုက်ပျိုးရေးလုပ်ငန်းသည် ခေတ်မီစိုက်ပျိုး ရေးလောကတွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပြီး စီးပွားရေးအရ တန်ဖိုးကြီးထွက်ကုန်တစ်ခုအဖြစ် ရပ်တည်လာပြီဖြစ်ပါသည်။ မှိုစိုက်ပျိုး ခြင်းသည် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်မျှဖြင့် လျင်မြန်စွာ အကျိုးအမြတ်ရရှိနိုင်ပြီး ရေရှည်တည် တံ့သောလုပ်ငန်း တစ်ခုလည်းဖြစ်သောကြောင့် စိုက်ပျိုးရေးတောင်သူများအနေဖြင့် ဤအခွင့် အလမ်းကို လက်လွှတ်မခံဘဲ မှိုစိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အဆင့်မှသည် စီးပွားဖြစ်အဆင့်အထိအဆင့်ဆင့်တိုးချဲ့ဆောင်ရွက်သင့်ပါကြောင်းအလေးအနက်တိုက်တွန်းရေးသားလိုက်ပါ သည်။

DOCA(ပဲခူး)