ဆန်စက်များ အဆင့်မြှင့်တင်ခြင်းဖြင့် ကရင်ပြည်နယ်၏ ဆန်စပါးတန်ဖိုးကွင်းဆက် ခိုင်မာစေမည်

Powered by Drupal
Fri, 08/28/2026 - 15:27 -- consumer_admin

 

          ကရင်ပြည်နယ်သည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအားကောင်းသည့် ဒေသတစ်ခုဖြစ်သဖြင့် ဒေသတွင်း ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ခြင်းနှင့် အတူ ရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များကိုလည်းခေတ်မီအောင် အဆင့်မြှင့်တင်ရန် လိုအပ် လျက်ရှိသည်။ အထူးသဖြင့် ဆန်စက်များသည်တောင်သူများထုတ်လုပ်သည့် စပါးကို ဆန်အဖြစ် ပြောင်းလဲပေးသည့် လုပ်ငန်းတစ်ခုသာမက ထွက်ကုန်တန်ဖိုးကို မြှင့်တင်ပေးသည့် အရေးပါသော တန်ဖိုးကွင်းဆက်တစ်ခုဖြစ်သည်။ လက်ရှိတွင် ဆန်စက်အချို့၌ စက်ပစ္စည်းဟောင်းနွမ်းခြင်း၊ အခြောက်ခံနှင့် သိုလှောင်မှုစနစ်မပြည့်စုံခြင်း၊ စွမ်းအင်ကုန်ကျစရိတ် မြင့်မားခြင်းနှင့် ကြိတ်ခွဲရာတွင် ဆန်ကွဲနှင့် အလေအလွင့်များဖြစ်ပေါ်စေခြင်းတို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဆန်အရည်အ သွေးအပေါ်သက်ရောက်မှုများရှိနိုင်သည်။ ထို့ကြောင့်ခေတ်မီကြိတ်ခွဲစက်များ၊ စပါးသန့်စင်စက်၊ အခြောက်ခံစက်၊ အရည်အသွေးစစ်ဆေးသည့် စနစ်များနှင့် စွမ်းအင်ချွေတာနိုင်သည့် နည်းပညာများ ကို အသုံးပြု၍ ဆန်စက်များ အဆင့်မြှင့်တင်ရန်လိုအပ်သည်။ ဆန်စက်များခေတ်မီလာပါက စပါးမှ ဆန်အဖြစ်ပြောင်းလဲရာတွင် အလေအလွင့်လျောနည်းပြီး ဆန်အထွက်နှုန်းနှင့် အရည်အသွေး တိုးတက်လာနိုင်သကဲ့သို့ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။

          ထို့အပြင်ဒေသတွင်း စပါးများကိုအချိန်မီဝယ်ယူ။ အခြောက်ခံ၊ သိုလှောင်၊ ကြိတ်ခွဲနိုင်သည် စနစ်ကောင်းတစ်ခုဖြစ်ပေါ်လာပါက တောင်သူများအနေဖြင့် မိမိတို့၏စပါးထွက်ကုန်များကို ပိုမို ကောင်းမွန်သည့် ဈေးကွက်သို့ ချိတ်ဆက်ရောင်းချနိုင်မည်ဖြစ်ပြီး ဝင်ငွေတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း ကြောင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာနိုင်ပြီး ဆန်ထုတ်ကုန်များကို အရည် အသွေးကောင်းမွန်စွာ ထုပ်ပိုး၍ အခြားဒေသများသို့ ဖြန့်ဖြူးရောင်းချနိုင်သည့် အလားအလာများ လည်း ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

          ထို့ကြောင့်ကရင်ပြည်နယ်၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “တောင်သူက စပါးထုတ်လုပ်၊ ဆန်စက်ကတန်ဖိုးမြှင့်၊ ဈေးကွက်က အကျိုးအမြတ်ဖန်တီး”  ဆိုသည့်တန်ဖိုးကွင်း ဆက်တစ်ခုလုံး ခိုင်မာလာစေရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်သည်။ ဆန်စက်များကို ခေတ် မီနည်းပညာဖြင့် အဆင့်မြှင့်တင်နိုင်ခြင်းသည် ဆန်အရည်အသွေးကောင်းမွန်ရေးအတွက်သာမက တောင်သူဝင်ငွေတိုးတက်ရေး၊ ဆန်စပါးကုန်သွယ်မှု အားကောင်းရေး၊ ဒေသတွင်းအလုပ်အကိုင် ဖန်တီးရေးနှင့် ကရင်ပြည်နယ်၏ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့် ရင်းနှီး မြှုပ်နှံမှုတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။

DOCA(ကရင်)