စစ်ကိုင်းမြို့၏ မြန့်မာလက်မှု ငွေထည်ကြေးထည်လုပ်ငန်းများနှင့် အနာဂတ်အလားအလာ

Powered by Drupal
Thu, 08/20/2026 - 14:17 -- consumer_admin

 

          စစ်ကိုင်းမြို့သည် ရှေးမြန်မာ မင်းအဆက်ဆက်တို့ ဘာသာ၊ သာသနာပြုစုပျိုးထောင်း ခဲ့ရာ သမိုင်းဝင်နယ်မြေ ဖြစ်ခဲ့သလို ဘာသာ၊ သာသနာ စည်ပင်ခဲ့ရာ ရှေးဟောင်းသမိုင်းဝင် မြို့တစ် မြို့လည်း ဖြစ်ခဲ့သည်။ ပုဂံ ပင်းယ အင်းဝ နေပြည်တော်မှ ပဒေသရာဇ်မင်းများနှင့် တောင်ငူ၊ အမရပူရ မန္တလေး မြို့တော်မှ နန်းစံဘုရင်များသည် စစ်ကိုင်းနယ် စစ်ကိုင်းတောင်ရိုး နှင့် မင်းဝံတောင်ရိုးသို့ လာရောက်ကြပြီး ဘုရာတည်၊ကျောင်းဆောက်၊ ရေတွင်းရေကန်များ တူးဖော်ကာ ကောင်းမှုကုသိုလ် အဖြာဖြာပြုခဲ့ကြ စစ်ကိုင်းတောင်းရိုးမှ ဘုရားကျောင်းကန်နှင့် ထုံးစေတီပုထိုးများကို အဝေးကနေပင် ဖူးမျှော်ကြည်ညိုနိုင်ခွင့် ရရှိခဲ့ကြပေသည်။ ရှေးစာဆို ရှင်ကြီးများကလည်း “ စစ်ကိုင်းတောင် ဗျိုင်းကောင်နဲ့တူသလေး” ဟု စာဖွဲ့နွဲ့ခဲ့ကြသည့်အတွက် စစ်ကိုင်းသူစစ်ကိုင်းသားတို့ အမျိုးဘာသာ၊ သာသနာအတွက် ဝင့်ကြွားဂုဏ်ယူ နိုင်ခဲ့ကြပေသည်။

ဇေယျာရွေမြေလို့ခေါ် စစ်ကိုင်းမြို့

          ဇေယျာရွှေမြေလို့ ခေါ်ဆိုကြသည့် စစ်ကိုင်းမြို့ကို ပင်ယနန်းစံ တစ်စီးရှင်သီဟသူမင်းနှင့် ရတနာပုံ မိဖုရားတို့၏ သားတော်(၃)ပါးအနက် အငယ်ဆုံးသားတော်ဖြစ်သည့် အသင်္ခယာ စောယွန်းက သက္ကရာဇ် (၆၇၇) ခုနှစ်တွင် မြို့တည်ခဲ့သည်ဟု လေ့လာသိရှိရပါသည်။ သက္ကရာဇ် ၂၀၁၇ ခုနှစ်တွင် နှစ်ပေါင်း (၇၀၀)ပြည့်ခဲ့ပြီး မြို့တည်နန်းတည် နှစ်(၇၀၀)ပြည့် အထိမ်းအမှတ် ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယခုဆိုလျှင် နှစ်(၇၀၀) ပြည့်လွန်၍ (၁၀)ခုနှစ် တစ်ခုပြည့်လုနေပြီးဖြစ်ပါသည်။ စစ်ကိုင်းမြို့သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသည်နှင့်အမျှ မြန်မာလက်မှုပညာများလည်း ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် မြို့တစ်မြို့လည်းဖြစ်ခဲ့လေသည်။ မြန့်မာ့လက်မှုပညာများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း အမွေအဖြစ် ယနေ့အချိန်ထိ ထိန်းသိမ်းစောင့်ရှောက် လုပ်ကိုင်လျက်ရှိကြပေသည်။ မြန့်မာ့ ယဉ်ကျေးမှု နယ်ပယ်တွင် ပန်းပညာ(၁၀)မျိုးက ခေတ်အဆက်ဆက်ထွန်းကားခဲ့ပြီး ပန်းပညာ (၁၀) မျိုးအနက်မှ ပန်းတိမ်ပညာရပ်ကို စစ်ကိုင်းမြို့တွင် ယ‌နေ့အချိန်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်‌ဆောင်ရွက်လျက်ရှိပါသည်။

ငွေထည်ကြေးထည်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်မှုအခြေနေ

ပန်းတိမ်ပညာရပ်ကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြီး ယဉ်ကျေးမှု အမွေအဖြစ် ခံယုကာ စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်တွင် ယနေ့အချိန်ထိ လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရပါသည်။ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင် (၂၅၀)ဦး ပညာရှင် (၁၀၀)ဦးခန့်နှင့် လုပ်သားအင်းအား (၁၀၀၀) ဝန်းကျင်ခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ စစ်ကိုင်းမြို့ အသင်္ခယာ စောယွန်း အဝိုင်းပတ်ကျော်လာလျင် မုံရွာ-မန္တလေးကားလမ်းမကြီး၏ လမ်းဘေးဝဲဘာ ရွှေသမား/ရွက်ထောင်ရပ်တို့တွင် ငွေထည်ကြေးထည်လုပ်ငန်းဆိုင်များ ဖွင့်လှစ်‌ ရောင်းချလျှက်ရှိပြီး အရောင်းဆိုင် (၃၀) ကျော်ခန့်ရှိကြောင်းသိရှိရပါသည်။

ပန်းထိမ်အတက်ပညာနှင့် ပန်တိမ်လက်ရာအထောက်အထားများ

          မြန်မာ့လက်မှုပညာ ပန်းပညာ (၁၀)မျိုးအနက် ပန်းတိမ်ပညာရပ်သည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ထွန်းကားခဲ့ပြီး နန်းတွင်းအဆောင်အယောင် ပစ္စည်းများအဖြစ် ဝင့်ဝင့် ထည်ထည် ထုလုပ်အသုံးပြုခဲ့သည်။ ပန်းထိမ်ပညာရပ်သည် ရွှေငွေ၊ ကြေးတို့ကို အသုံးပြုပြီး လက်ဝက်ရတနာပစ္စည်းများ၊ သာသာနာတော်ဆိုင်ရာ ပစ္စည်းများ၊ အဆောင်အယောင် ပစ္စည်း များ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ အမှတ်တရပစ္စည်းများ၊ အားကစားဆုတံဆိပ် ပစ္စည်းများကို အနုလက်ရာမြောက်စွာထုဆစ်ခြင်း ရုပ်လုံးရုပ်ကြွဇာတ်တော်ကြီးများထုဆစ်ပုံဖော်ခြင်း၊ ကနုတ် ပန်းများ ထုဆစ်ပုံဖော်ခြင်းတို့ ထုလုပ်သောပညာရပ်ဖြစ်ပါသည်။ ပန်းပညာ (၁၀)မျိုးအနက် ပန်းတိမ်အတက်ပညာတွင် ရွှေပန်းတိမ်၊ ငွေပန်းတိမ်ဟူ၍ ခွဲခြားသော်လည်း မူလပညာရပ်မှာ တစ်မျိုးတည်းပင်ဖြစ်ကြောင်း သိရှိရပါသည်။

          မြန်မာနိုင်ငံတွင် ပန်းတိမ်လက်ရာအထောက်အထားအဖြစ် ၁၉၂၆ခုနှစ် မြန်မာနိုင်ငံ ကမ္မည်းကျောက်စာဌာနမှ သရေခေတ္တရာမြို့ဟောင်း (မှော်စာ) ခင်အားကုန် တူးဖော်စဉ် တွေ့ရှိရသည့် ပစ္စည်းများအရ လွန်ခဲ့သော နှစ်ပေါင်း (၁၂၀၀)ခန့်ကတည်းက ပန်းတိမ်လက်ရာ များကိုပြောင်မြောက်စွာ လုပ်ကိုင်လျက်ရှိပြီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ယ‌နေ့အချိန်ထိ အခေါ်အဝေါ်အားဖြင့် သီးခြားတစ်မျိုးစီ ခေါ်ဝေါ် အသုံးပြုနေကြဆဲ ဖြစ်သည်။ ပန်းတိမ်ပညာရပ်တွင် လက်ဝက်ရတနာ ပြုလုပ်သောပညာရပ်နှင့် အသုံးအဆောင်ပစ္စည်းများ

ပြုလုပ်သော ပညာရပ်အဖြစ်ခွဲခြားလုပ်ကိုင်ရသည့် အထည်ပစ္စည်းများအတွက်လိုအပ်သည့် အချက်အလက်များအတိုင်း အထွာများနည်းစနစ်များသည် အခြားသောပန်မျိုးတို့နှင့် ဗိသုကာ ပညာရပ်တွင် အသုံးပြု့သည့် နည်းစနစ်များစွာပါရှိကြောင်း သိရှိရပါသည်။

ထုတ်လုပ်မှုလုပ်ငန်းစဉ်

          ကုန်ကြမ်းပစ္စည်းများဖြစ်သည့် အရည်ကျိုကြေးနှင့် အထည်ပျက်ငွေထည်များကို အရည် ကျိုပြီးပါက အပြားကြိတ်ခြင်းဆောင်ရွက်ရကြောင်းသိရှိရသည်။ ရရှိလာသည့် ငွေထည်၊ ကြေးထည်အပြားများကိုပုံဖော်ခြင်း ရုပ်လုံးရုပ်ကြွထုဆစ် ပုံဖော်ခြင်းများကို ပညာရှင်မှ ထုဆစ်ပုံ ဖော်ပြီးပါက ကုန်ချောပစ္စည်းများ ထုလုပ်ရရှိကြောင်းသိရှိရပါသည်။

ကုန်ကြမ်းရရှိမှုနှင့် ကုန်ကြမ်းလိုအပ်ချက်

          ငွေထည်ကြေးထည်ပစ္စည်းများ ပြုလုပ်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ဖြစ်သည့် သတ္တုများကို ပြည်တွင်းမှ အထည်ပျက်ငွေထည်များနှင့် အရည်ကျိုကြေးထည်များကို အများဆုံး ဝယ်ယူရရှိကြောင်း သိရှိရသည်။ အဟောင်းထည်ပစ္စည်းများကို အရည်ကျိုကာ ပြန်လည်အသုံးပြုလုပ်ကိုင် နေရသလို တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ကြမ်းပစ္စည်း များကိုလည်း ပြည်တွင်းဈေးကွက်မှ ဝယ်ယူအသုံးပြုလုပ်ကိုင် ဆောင်ရွက်နေရကြောင်း သိရှိရသည်။

          ငွေထည်ကြေးထည်လုပ်ငန်းရှင် တစ်ဦးအနေဖြင့် တစ်နှစ်လျှင် ဘော်ပိသာာ (၁၅၀ - ၂၀၀) ခန့်နှင့် ကြေးပိဿာ (၃၀၀-၅၀၀)ခန့် လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။ ကြေးထည်လုပ်ငန်း သီးသန့် လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းအတွက် တစ်နှစ်ကြေး ပ်ိဿာ (၁၀၀၀-၁၅၀၀) ခန့် လိုအပ်မည် ဖြစ်ကြောင်းသိရှိရပါသည်။

ထုတ်လုပ်သည့်ငွေထည် ကြေးထည်ပစ္စည်းများ

          စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ ငွေထည်ကြေးထည်များမှ ထုပ်လုပ်သည့် ပစ္စည်းများမှာ ငွေဆွမ်းအုပ်၊ ငွေမောင်း၊ ငွေရေစက်ချခရား အစုံ၊ ငွေဘုရားပန်းအိုး၊ ငွေဖလား၊ ကြေးရေစက်ချခရားအစုံ၊ ကြေးဘုရားပန်းအိုး၊ ကြေးဘုရားဆင်းတု၊ ကြေးသောက်တော်ရေခွက်၊

ကြေးပန်းစေတီ၊ ဘာသာသာသနာဆိုင်ရာ အသုံးပြုပစ္စည်များနှင့် အိမ်တွင်း အလှဆင်ပစ္စည်းများ ကို ထုတ်လုပ်လျက်ရှိကြောင်းသိရှိရသည်။

ငွေထည် ကြေးထည် ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်နှင့်ဈေးကွက်

          စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ ငွေထည်၊ ကြေးထည်လုပ်ငန်းများမှ ပစ္စည်း အမျိုးအစားမျိုးစုံကို ထုတ်လုပ်ရောင်းချလျက်ရှိပြီး ဝယ်ယူသူ အကြိုက်ပစ္စည်းများကိုလည်း စိတ်တိုင်းကျ ထုလုပ်ရောင်းချလျက် ရှိကြောင်းသိရှိရသည်။ လက်ရှိ ဈေးကွက်အတွင်းရှိ ငွေထည်ကြေးထည် ပစ္စည်းအရွယ်အစား အကြီးအသေးပေါ်မှုတည်ပြီး ဈေးနှုန်းကွာခြားချက် ရှိကြောင်းလည်းသိရှိရသည်။ လက်ရှိတွင် ငွေဆွမ်းအုပ် တစ်လုံး ကျပ် (၈) သောင်းမှ ကျပ် (၁၅) သိန်းကြား၊ ငွေဖလားတစ်လုံးကျပ် (၈) သောင်းမှ ကျန်သိန်း(၁၅၀) ကြား၊ ငွေရေစက်ချခရား တစ်စုံ ကျပ် (၁၆)သိန်းမှ ကျပ်သိန်း (၂၀)ကြား၊ ငွေမောင်းတစ်လုံး ကျပ်(၃)သိန်းမှ ကျပ်သိန်း(၁၀)ကြား၊ ငွေဘုရားပန်းအိုး တစ်လုံး ကျပ် (၆)သိန်းမှ ကျပ်သိန်း (၅၀)ကြား ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။

          ကြေးရေစက်ချခွက်တစ်လုံးကျပ် (၄)သောင်းမှ ကျပ် (၁.၅)သိန်းကြား၊ ကြေးဘုရားပန်းအိုးတစ်လုံး ကျပ်(၂)သောင်းမှ (၁)သိန်းကြား၊ ကြေးအလှပန်းအိုးအကြီး ကျပ်(၃)သိန်းမှ (၁၅)သိန်းကြား၊ ကြေးဘုရားဆင်းတုတော်တစ်ဆူ ကျပ် (၅)သောင်းမှ ကျပ်(၂)သိန်းကြား၊ ကြေးဖြင့်ပြုလုပ်ထားသည့် ပန်းချီကားတစ်ချပ််(၈)သောင်း ပေါက်ဈေး အသီးသီးရှိပြီး ပစ္စည်းအရွယ်အစား၊ အကြီးအသေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားချက် ရှိကြောင်းလည်း သိရှိရပါသည်။ လက်ရှိတွင် ပြည်တွင်း ဈေးကွက် (ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်) တို့ကို အားထားနေရကြောင်းသိရှိရသည်။ယခင်ကိုဗစ်မတိုင်မှီက ပြည်ပဈေးကွက် ဖြစ်သည့်(အိန္ဒိယ၊ထိုင်း) နိုင်ငံများသို့ ငွေထည် ပစ္စည်းများကို အများဆုံး တင်ပို့ခဲ့ရကြောင်းသိရှိရပါသည်။

ငွေထည်ကြေးထည်အသင်းအဖွဲ့ဖွဲ့စည်းထားရှိမှု

စစ်ကိုင်းမြို့ ရွာထောင်ရပ်ရှိ ငွေထည်ကြေးထည် လုပ်ငန်းရှင်များမှ ဦးဆောင်၍ ငွေထည် ကြေးထည် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်မြန်မာ့လက်မှုအနုပညာ အမွေ အနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး ငွေထည်ကြေးထည် လုပ်ငန်းရှင်များ အသင်း (မြို့နယ်အဆင့်)ကို၂၀၁၈ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် အလုပ်အမှု ဆောင်(၂၁)ဦး၊ အသင်းသား(၆၀)ဦးဖြင့်ဖွဲ့စည်းထားရှိကြောင်းလည်းသိရှိရပါသည်။ ယခုလက်ရှိ မြို့နယ်အသင်းကိုပညာရှင်များ မျိုးဆက်သစ်လူငယ်များနှင့် လုပ်ငန်းရှင်များမှ ပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

ပြည်တွင်းပြည်ပကုန်စည်ပြပွဲများလိုက်ပါပြသမှု

          ငွေထည်ကြေးထည်လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)အနေဖြင့် ပြည်တွင်း ပြည်ပ ကုန်စည်ပြပွဲများတွင် လိုက်ပါပြသလျက်ရှိရာ ၂၀၁၃ခုနှစ်တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာကုန်စည်ပြပွဲတွင်လည်းကောင်း၊ ၂၀၁၄ခုနှစ်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး လက်မှုပညာ ထုတ်ကုန်ပြပွဲ၌ လည်းကောင်း၊ မုံရွာ၊စစ်ကိုင်း၊မန္တလေးနှင့်နေပြည်တော် မြို့ကြီးများတွင် ကျင်းပပြုလုပ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ထုတ်ကုန်ပြပွဲများတွင်လည်းကောင်း၊ ၂၀၁၄ခုနှစ် အိန္ဒိယနိုင်ငံ အင်ဖာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ယဉ်ကျေးမှုပွဲတော်၌လည်းကောင်း၊ ၂၀၁၇ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ကျင်းပပြုလုပ်ခဲ့သည်။ အာဆီယံနိုင်ငံများ ထုတ်ကုန် ပြပွဲ၌လည်းကောင်း အသီးသီးလိုက်ပါပြသခဲ့ကြောင်းသိရှိရပါသည်။

ထုတ်ကုန်ပြပွဲများတွင် လိုက်ပါပြသရခြင်း အကျိုးကျေးဇူးများ

          ပြည်တွင်းပြည်ပ ကုန်စည်ပြပွဲများတွင် လိုက်ပါပြသခဲ့ရာ ယခင်ပြည်တွင်းဈေးကွက် အနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် နေပြည်တော် မြို့ကြီးများမှ မှာယူကြရာမှ ဈေးကွက်ချိတ်ဆက် မိလာသည့်အတွက် ပင်ရင်းထုတ်လုပ်သည့် စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက် အထိ တိုက်ရိုက်လာရောက်ဝယ်ယူ အားပေးမှုများ ပိုမိုများပြားလာကြောင်းသိရှိရသည်။ ပြည်ပ

ဈေးကွက်အနေဖြင့် အိန္ဒိယနိုင်ငံများက ရန်ကုန်မြို့မှ တဆင့်မှာယူခဲ့ကြရာမှ ယခုအခါ စစ်ကိုင်းမြို့ အထိပါ လာရောက်ဝယ်ယူမှာ ကြားသည့် အထိ ဈေးကွက် ဝေစုရရှိခဲ့ကြောင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ငွေထည်ပစ္စည်ိးများကို အများဆုံးမှာယူသည့်အတွက် တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

          နိုင်ငံတော်အပိုင်းမှလည်း ငွေထည်ကြေးထည် လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက် စေရေးနှင့် မြန်မာ့လက်မှုအမွေကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ရည်ရွယ်ပြီး  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ်သိန်း (၁၉၀၀)ကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်းလည်း သိရှိရပါသည်။

တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုသည့်အချက်များ

          လက်ရှိတွင်း ငွေထည်ကြေးထည်လုပ်ငန်းများ အတွက် ကုန်ကြမ်းဝယ်ယူရရှိ အခက်ခဲများ ရှိနေကြောင်းသိရှိရသည် ကုန်ကြမ်းပစ္စည်းများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေး အတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ ပေါင်းစပ်ဆောင်ရွက် ပေးစေလိုကြောင်းသိရှိရပါသည်။ ကုန်ကြမ်းပစ္စည်းများဝယ်ယူ ရရှိရေး ခက်ခဲလာသည် နှင့်အမျှ ကုန်ကြမ်းဈေးနှုန်းများလည်း မြင့်တက်လာခြင်း၊ လုပ်သားရှားပါးလာခြင်းနှင့် လုပ်အားခဈေးနှုန်းများ မြင့်တက်ပေးရသည့် အတွက် ရင်းနှီးမှုအပိုင်းတွင်လည်း အခက်ခဲများရှိလာ ကြောင်းသိရှရပါသည်။ ပြည်ပသို့ တင်ပို့ ရာတွင်လည်း ကန့်သက်ချက်များ ရှိနေ၍ ဖြေလျော့ပေးနိုင်သည့် အပိုင်းကို ဖြေလျော့ပေးနိုင်ရေး သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ ပေါင်းစပ်ဆောင်ရွက်စေလိုကြောင်းလည်း သိရှိရသည်။ ဈေးကွက်ဝေစု ရရှိရေးအတွက် ပြည်တွင်း/ပြည်ပ ဈေးကွက်များသို့ ချိတ်ဆက်ဆောင်ရွက် စေလိုကြောင်း သိရှိရသည်။ ငွေထည်ကြေးထည် လုပ်သည့် အခြား (MSME) လုပ်ငန်းများကဲ့သို့ မသတ်မှတ်လဲ မြန်မာ့လက်မှုပညာကို ထိန်းသိမ်းလုပ်ကိုင်နေ့သည့် သီးခြားအဖွဲ့ အဖြစ် သတ်မှတ်ပေးစေလိုကြောင်းလည်း သိရှိရပါသည်။

ရှေ့ဆက်လက် ဆောင်ရွက်သွားရမည့် အစီအမံများ

          ငွေထည် ကြေးထည် လုပ်ငန်းများ ရေရှည်ရပ်တည် လုပ်ကိုင်နိုင်ရန် အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ လွယ်ကူချောမွေ့စွာ ဝယ်ယူရရှိရေး၊ လိုအပ်သော အရင်းအနှီး အတွက် ချေးငွေ အထောက်အပံ့များ ရရှိရေးနှင့် ဈေးကွက်ဝေစု ခိုင်မာစွာရရှိရေး သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများက ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်လှပါသည်။ ထို့မှသာ မြန်မာ့ လက်မှုငွေထည် ကြေးထည်လုပ်ငန်းများ ရေရှည်ရပ်တည်လုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

နိဂုံး

          ရှေးဟောင်း အနုပညာ ယဉ်ကျေးမှု အမွေနှစ်ဖြစ်သည့် ပန်းတိမ်ပညာများ မတိမ်းကော မပပျောက်စေဖို့နှင့် ငွေထည် ကြေးထည်လုပ်ငန်းများ ရေရှည်တည်တံခိုင်မြဲ နေစေဖို့ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဏ အလိုက် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးမှာ တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှု အနုလက်ရာ များရှိကြပါသည်။ ယဉ်ကျေးမှုအမွေနှစ် လက်ရာများကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းလုပ်ကိုင်နိုင်မှသာ နိုင်ငံတစ်နိုင်ငံ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)