မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး ဒေသအသီးသီးတွင် ထွက်ရှိသော သီးနှံများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာကြသည်။ ထိုသို့ တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏မြောက်ဖျားဒေသဖြစ်သော ကချင်ပြည်နယ်သည် သဘာဝတောတောင်အလှများ၊ ရေမြေအရင်းအမြစ်များနှင့် ထူးခြားကောင်းမွန်စွာ ရှိခြင်းကြောင့် ဒေသထွက်သီးနှံများထွက်ရှိသည်။ အဆိုပါဒေသထွက်သီးနှံများမှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် ရိုးရာအစားအသောက်များ၊ ယိုအမျိုးမျိုး၊ အချိုရည်အမျိုးမျိုးအပြင် ဝိုင်အမျိုးမျိုးလည်း ထုတ်လုပ်လာ ကြသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ဒေသထွက်ကုန်အဖြစ် စိုက်ပျိုးထွက်ရှိသည့် သီးနှံများအနက် ပိုးစာသီးပင် စိုက်ပျိုးထုတ်လုပ်မှုသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပိုးစာပင်ကို အစေ့စိုက်ပျိုးခြင်းနှင့် ကိုင်းကူးစိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး အစေ့စိုက်ပျိုးခြင်းကို (၅)နှစ်ခန့်တွင် ရိတ်သိမ်းခူးဆွတ်နိုင်ပြီး ကိုင်းကူးစိုက်ပျိုးခြင်းအား (၃)နှစ်ခန့် တွင် ရိတ်သိမ်းခူးဆွတ်နိုင်သဖြင့် အများအားဖြင့် ကိုင်းကူးစိုက်ပျိုးခြင်းကို အဓိကထား၍စိုက်ပျိုး ကြသည်။
ကချင်ပြည်နယ်ဒေသထွက် ပိုးစာသီးများကို ပိုးစာဝိုင်အဖြစ်ထုတ်လုပ်ရာတွင် အသီး၏သဘာဝ အရသာနှင့် မွှေးရနံ့ကို ထိန်းသိမ်းနိုင်ရန် အချဉ်ဖောက်နည်းစနစ်ကိုအသုံးပြုထားပြီး အချဉ်ဖောက် ခြင်း လုပ်ငန်းစဉ်သည် ဝိုင်၏အရောင်၊ အနံ့နှင့်အရသာတို့ကို အဆုံးအဖြတ်ပေးသည့် အရေးကြီးသော အဆင့်ဖြစ်သည်။ ထိုသို့ အချဉ်ဖောက်ရာတွင် ဝိုင်အဆင့်သို့ရောက်ရှိရန် အနည်းဆုံးတစ်နှစ် သက်တမ်း ရှိရမည်ဖြစ်ပြီး သက်တမ်းကြာလေ အရေအသွေးပိုမိုကောင်းမွန်ပြီး အရသာပိုပြင်းလေဖြစ်သည်။ ပိုးစာဝိုင်၏ထူးခြားချက်မှာ ဒေသခံသဘာဝပတ်ဝန်းကျင်၏အရသာနှင့်ယဉ်ကျေးမှုကို ကိုယ်စားပြု ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၏ အေးမြသောရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်များကြောင့် အရည် အသွေးကိုကောင်းမွန်စေပြီး သဘာဝဆန်သောအရသာကိုရရှိစေပါသည်။ ထို့ပြင် ပိုးစာဝိုင်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုး တိုးတက်လာခြင်းအားဖြင့် ဒေသခံပိုးစာစိုက်ပျိုးသူများ၊ အသီးစုဆောင်းသူများ၊ ဝိုင်ထုတ်လုပ် သူများ၊ ထုပ်ပိုးရောင်းချသူများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် ဒေသထုတ်ကုန်တစ်မျိုး လည်းဖြစ်လာသည်။ ပိုးစာဝိုင်သည် စိုက်ပျိုးရေးထုတ်ကုန်၏ တန်ဖိုးကိုမြှင့်တင်ပေးသည့် ထုတ်ကုန် လည်းဖြစ်သည်။ ပိုးစာသီးကို အစိမ်းသီးအဖြစ်ရောင်းချပါက ရာသီအလိုက်ဈေးကောင်းရရှိနိုင် သော်လည်း သက်တမ်းတိုသောကြောင့် အလေအလွင့်ဖြစ်နိုင်ပြီး ဝိုင်အဖြစ်ပြောင်းလဲထုတ်လုပ်ခြင်း အားဖြင့် ထုတ်ကုန်၏တန်ဖိုးမြင့်တက်လာခြင်း၊ ဈေးကွက်ပိုမိုကျယ်ပြန့်လာခြင်း၊ သိုလှောင်နိုင်သည့် ကာလ ပိုမိုရှည်လျားလာခြင်းတို့ကြောင့် စိုက်ပျိုးသူနှင့်ထုတ်လုပ်သူတို့၏ ဝင်ငွေများတိုးလာမည် ဖြစ်သည်။ ပိုးစာဝိုင်ထုတ်လုပ်မှု ပိုမိုတိုးတက်လာသည်နှင့်အညီ ပိုးစာသီးအတွက် တည်ငြိမ်သော ဈေးကွက် တစ်ခုဖြစ်ပေါ်လာမည်ဖြစ်ကာ ပိုးစာစိုက်ပျိုးသူများ၏ ဈေးနှုန်းအတက်အကျဒဏ်ကို လျှော့ချနိုင်ပြီး စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတိုးချဲ့နိုင်မည်ဖြစ်၍ တောင်သူများ၏ ဝင်ငွေတိုးတက်လာ မည်ဖြစ်ပါသည်။
ကချင်ပြည်နယ်မှ ထွက်ရှိသော ဝိုင်အမျိုးမျိုးထဲတွင် ပိုးစာဝိုင်သည် ကချင်ဒေသထွက်ဝိုင် အမှတ် တံဆိပ်တစ်ခုဖြစ်သည်။ ပိုးစာဝိုင်ထုတ်လုပ်ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း 350ml တစ်ပုလင်းလျှင် ကျပ်၁၀၀၀၀ခန့်ဖြင့်လည်းကောင်း၊ 750mlတစ်ပုလင်းလျှင်၂၀၀၀၀ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ကချင်ဒေသထွက်ပိုးစာဝိုင်သည် ဒေသထွက်ပိုးစာသီးကို အသုံး ပြု၍ ထုတ်လုပ်သည့်တန်ဖိုးမြှင့် ထုတ်ကုန်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)အတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ ဝိုင်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးစံနှုန်း၊ အစားအသောက် ဘေးကင်းလုံခြုံ ရေးစံနှုန်း၊ ခေတ်မီထုပ်ပိုးမှု၊ ဈေးကွက်ရှာဖွေရေး၊ ဥပဒေစည်းမျဉ်းများနှင့်အညီ ထုတ်လုပ်နိုင်ရန်နှင့် ပြည်တွင်း သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်နိုင်ရန်အတွက် ကချင်ပြည်နယ် MSMEထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲများနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် MSME ပြပွဲ၊ ပြိုင်ပွဲ များသို့ သွားရောက်ခင်းကျင်း ပြသလျက်ရှိပါသည်။ ဝိုင်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် ဒေသထုတ်ကုန် တစ်ခုဖြစ်လာ မည်ဖြစ်ပြီး အရည်အသွေး စံနှုန်းများမြှင့်တင် ထုတ်လုပ်ခြင်း၊ ပြပွဲများခင်းကျင်း ပြသခြင်းအားဖြင့် MSME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။
ယနေ့ခေတ်တွင် ကချင်ဒေသထွက်ဝိုင်များသည် ဒေသခံများသာမက ခရီးသွားဧည့်သည်များ ၏ စိတ်ဝင်စားမှုကိုလည်း ရရှိလာကြသဖြင့် ဝိုင်ထုတ်လုပ်သည့် စက်ရုံများ၊ အလုပ်ရုံများနှင့် ပိုးစာ စိုက်ခင်းများတိုးတက်လာပါက ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ဒေသထုတ် ကုန်တစ်မျိုးဖြစ်လာမည်ဖြစ်ပြီး ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသကဲ့သို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ ဒေသခံ စားသောက်ဆိုင်များ၊ ဟိုတယ်နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများကိုလည်း အကျိုးသက်ရောက် စေမည်ဖြစ်ပါသည်။
ပိုးစာဝိုင်သည် ဝိုင်ထုတ်ကုန်တစ်မျိုးသာမက မြန်မာနိုင်ငံ၏ MSME ကဏ္ဍ၊ စိုက်ပျိုးရေး၊ ကျေးလက်စီးပွားရေး၊ ဒေသအမှတ်တံဆိပ်တည်ဆောက်ရေးနှင့် ခရီးသွားလုပ်ငန်းများကို တစ်ပြိုင် နက်အထောက်အကူပြုနိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုးဖြစ်သောကြောင့် ထုတ်လုပ်မှုစံနှုန်း များမြှင့်တင်ပြီး ပြည်တွင်း၌သာမက ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်ပါက ပိုးစာဝိုင်သည် မြန်မာနိုင်ငံ၏ ဒေသအခြေပြု MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောထုတ်ကုန်တစ်ခုဖြစ်လာ မည်ဖြစ်ပြီး ကချင်ပြည်နယ်တွင် လက်ရှိစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ ထိုက်သင့်သည့် ဝင်ငွေများတိုးတက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA (ကချင်)
