
မြင်းခွာရွက်ပင်သည် မြေကြီးပေါ်တွင် တွားသွားသောပင်စည်ပျော့မျိုး ဖြစ်သည်။ မြင်းခွာရွက် ကို သုပ်စားခြင်း၊ တို့မြှုတ်စရာ၊ ဟင်းချိုဟင်းခါးတို့အဖြစ် စားသုံးလေ့ရှိကြသည်။ ကျန်းမာရေး အတွက် မြင်းခွာရွက်ဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးနိုင်ပါသည်။ မြင်းခွာရွက်ပင်သည် အခြား အပင်များကဲ့သို့ အထက်သို့တည့်တည့်မတ်မတ်မပေါက်နိုင်ဘဲ မြေကြီးတစ်လျောက် သာလျှောက်၍ ပေါက်တက်သည်။ မြင်းခွာပုံသဏ္ဍာန်ရှိသောကြောင့် မြင်းခွာရွက်ဟု ခေါ်ဆိုရခြင်းဖြစ်ပါသည်။ အဆစ်များမှ အမြစ်မျှင်များထွက်လာပြီးလျှင် မြေကြီးကိုကုတ် ထားသောကြောင့် ရေနှင့်ဓာတ်ဆား ရည်များကို လိုသလောက်ရရှိနိုင်သည်။ မြေဩဇာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ နေရာမရွေးပေါက်နိုင်သဖြင့် အခြားအပင်များထက် မျိုးဆက်ပိုမို ပြန့်ပွားနိုင်လေဖြစ်သည်။ မြင်းခွာရွက်တွင် အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် B2 တို့ ပါဝင်ပါသည်။ မြင်းခွာရွက်သည် အလေ့ကျပေါက်ရောက်သောအပင်ဖြစ်သော်လည်း အချို့မှာစီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ မြင်းခွာပင်သည် နှစ်ရှည်ကြာခံပင်မျိုးဖြစ်၍ ယင်းအပင်ကို မြန်မာနိုင်ငံနေရာဒေသအနှံ့အပြား တွေ့ရှိနိုင်ပါသည်။
သုတေ သနတွေ့ရှိချက်များအရ မြင်းခွာရွက်တွင်ပါဝင်သော tritetpenoids ဒြပ်ပေါင်းများသည် တစ် သျှူးဖြစ်ပေါ်စေသော ကိုလာဂျင်ထုတ်လုပ်ရာတွင်အားပေးသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ စုဝေးရောက်ရှိစေခြင်း ကြောင့်အနာကျက်မှုကိုမြန်ဆန်စေပြီး အမာရွတ်ဖြစ်ပေါ်မှုကို သေးငယ် စေသည်။ စိတ်ဖီးစီးမှုကြောင့်ဖြစ်သော အစာအိမ်နာရောဂါဝေဒနာရှင်များကို မြင်းခွာရွက်ဆေး အနှစ်သည် ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားပါသည်။ မြင်းခွာရွက်သည် စိတ်ကိုငြိမ် သက်စေပြီး အိပ်ပျော်စေတက်သောအာနိသင်နှင့် စိတ်ဖိစီးမှုကို လျော့ပါးစေသောအာနိသင်၊ မျက်စိကိုအား ကောင်းစေခြင်း၊ မှတ်ဉာဏ်နှင့် ဉာဏ်ရည် မြင့်မားစေနိုင်သော အာနိသင်များ ရှိကြောင်း သိရပါသည်။
မြင်းခွာရွက်ကို နေ့စဉ်ပုံမှန်စားသုံးပေးခြင်းဖြင့် အသက်အရွယ်ကြီးရင့်၍ အရိုးအဆစ် များပွကာရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်သည်။ သွေးတိုးရောဂါကို ကျဆင်းစေနိုင်သည်။ မြင်းခွာရွက်တစ်ရွက်ခြင်းစီးကိုလည်း ဝါးစားခြင်း၊ ဖျော်ရည်ကို ဆေးတစ် ခွက်စာပမာဏ ဟင်းစားစတီးဇွန်းနှင့် ၃ ဇွန်းကို သောက်ပေးနိုင်ပါသည်။ သွေးတွင်းအဆိပ် အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ကျဆင်းနိုင်ခြင်း ကြောင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်စေပါသည်။ သွေးစီးဆင်းမှု ကောင်းစေနိုင်သောကြောင့် နှလုံးကျန်းမာစေရန် အထောက်အကူပေးနိုင်ပါသည့်အပြင် သွေးကြောထဲတွင် အဆီများကို လျော့ပါး စေဖို့ လုပ်ဆောင်ပေးသောကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် နှလုံးရပ်ခြင်းမဖြစ်စေ ရန် အထောက်အကူပြုသည်။ လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။
ကျန်းမာရေးအကျိုးကျေးဇူးများစွာဖြင့် မြင်းခွာရွက်ကို စိုက်ပျိုးခြင်းလည်းလွယ်ကူ၊ ဈေးလည်းသက်သာ၊ ဝယ်ယူရသည်မှာလည်းမခက်၊ အာဟာရဓာတ်များလည်း မြင့်မားသည့်အတွက် ကြောင့် စားသုံးပေးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
