
သံပုရာသီးသည် (၁၂)ရာသီလုံး ထွက်ရှိသည့် အသီးတစ်မျိုးဖြစ်ပြီး သံပုရာသီး၏ မူလအစသည် အရှေ့တောင်အာရှ၊အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတို့မှ စတင်၍ပေါက်ရောက် လာခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာ နိုင်ငံများသို့ သံပုရာသီးမျိုးစေ့များ ပျံနှံ့လာပါသည်။
သံပုရာသီးကို စိုက်ပျိုးပုံနည်းလမ်း
သံပုရာသီးပင်သည် မြန်မာနိုင်ငံရာသီဥတုအခြေအနေနှင့်ကိုက်ညီပြီး စိုက်ပျိုးရန်လွယ် ကူသောနှစ်ရှည်ပင် သီးနှံအမျိုးအစားဖြစ်၍ အကျိုးအမြတ်များလည်း များစွာရရှိနိုင်ပါသည်။ အများအားဖြင့်ရှမ်းပြည်နယ်၊မန္တလေး၊ပဲခူးတိုင်းနှင့်မွန်ပြည်နယ်တို့တွင်စိုက်ပျိုးမှုအများဆုံးဖြစ်ပါသည်။ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်အတွင်းရှိ နေအိမ်အများစုတွင် မိသားစု စားသုံးရန်အတွက် မိမိတို့ကိုယ်ပိုင်ခြံဝန်းများထဲတွင် စိုက်ပျိုးထားရှိလေ့ရှိပါသည်။ အပင်ကိုစိုက်ပျိုးရာတွင်လည်း အခြားအပင်များ၏ စိုက်ပျိုးမှုပုံစံအတိုင်း သဘာဝမြေဩဇာ၊ နွားချေးနှင့် မြေဆွေးများကို လိုအပ်သလောက် သင့်တင့်မျှတစွာထည့်သွင်း စိုက်ပျိုးခြင်းသည် အပင်ကြီးထွားမှုကို မြန်ဆန်စေပြီး အသီးအထွက်နှုန်းကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ ရာသီဥတုဒဏ်ကိုကာကွယ်ရန် အပင်ပေါက် စတင်စိုက်သည့်ကာလတွင် ငုပ်တိုင်စိုက်၍ အပင်နှင့်တွဲ၍ ချည်ထားခြင်းသည် အကောင်းဆုံးဖြစ်၍ ၊ တိရစ္ဆာန်များ၏ အန္တယ်ရာယ်ကို ကာကွယ်ရန်အပင်ကို ခြံခတ်ထားခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုလျှင် သံပုရာပင် တစ်ပင်နှင့်တစ်ပင် ကြားတွင်အနည်းဆုံး ၁၅ပေခန့်ခွာစိုက်ရန်လိုအပ်ပါသည်။ထိုမှသာ အပင်များအကြား လေဝင်လေထွက် ကောင်း၍ အပင်ကြီးထွားမှုနှုန်း မြန်ဆန်စေမည်ဖြစ်ပါသည်။ ကိုင်းအဆက် မျိုးပင်များသည် အသီးသီးရန် ပိုမိုလွယ်ကူသောကြောင့် စိုက်ပျိုးသူများသည် ကိုင်းအဆက်မျိုးပွားပင်များကို အဓိကအားထား၍ စိုက်ပျိုးလေ့ရှိပါသည်။
ခူးဆွတ်ချိန်
အရည်အသွေးကောင်းသော သံပုရာသီးကို ပန်းပွင့်ပြီး (၄)လကျော်ခန့်မှ (၆)လခန့်အကြာတွင် စတင် ခူးဆွတ်နိုင်ပြီး သံပုရာသီးခူးဆွတ်ရန် သင့်တော်သော အချိန်သည် နေရောင်ခြည် အပူလျော့ ချိန်ဖြစ်သော မနက်အစောပိုင်း အချိန်နှင့် ညနေပိုင်း နေကျချိန်သည် အကောင်းဆုံး အချိန် ဖြစ်ပါသည်။ အသီးကိုခူးဆွတ်ရာတွင်လည်း လက်ဖြင့်ဆွဲလိမ်၍ ခူးဆွတ်ခြင်းကို အထူးရှောင်ကြဉ်ရမည်ဖြစ်ပြီး ကတ်ကြေးဖြင့်အသီးများကို ခူးဆွတ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ ဇွန်လမှအောက်တိုဘာလ ကာလတို့သည် သံပုရာသီးလှိုင်လှိုင် ထွက်ပေါ်သည့် ကာလများဖြစ်ပါသည်၊၊
သံပုရာသီးအသုံးဝင်ပုံများ
သံပုရာသီးသည် မြန်မာလူမျိုးအများစု၏ မီးဖိုးချောင်ထဲတွင် တွေ့ရှိရသည့် အသီးတစ်မျိုး ဖြစ်ပါ သည်။ မြန်မာ့ရိုးရာအစားအစာဖြစ်သော လက်ဖက်သုပ်၊ အရွက်များ သုပ်စားရာတွင် မရှိမဖြစ် အသုံးပြုကြပါသည်။ ထို့ပြင် အသား/ငါးများ သုပ်စားရာ အသား၏ညှီနံ့ပျောက်ကင်းအောင် ထည့်သွင်း၍ သုပ်စားလေ့ရှိပါသည်။ နွေရာသီတွင် အမောပြေစေရန် သကြားနှင့်သံပုရာသီး ရော၍လည်း ဖျော်သောက်ကြပါသည်။ ထို့ပြင် မိမိတို့နေအိမ်ရှိ ရေခဲသေတ္တာများထဲတွင် အသား/ငါး တို့ကို အချိန်ကြာမြှင့် ထားခြင်းကြောင့် ထွက်ပေါ်လာသည့် အနံ့ဆိုးများပျောက်ကင်းအောင်လည်း သံပုရာသီးကို အသုံးပြု နိုင်ပါသည်။ အသုံးပြု ရန်နည်းပါးပြီး ရှေ့ကျသည့်ဟောင်းနွမ်းနေသော ငွေထည်၊ ကြေထည်များကို သံပုရာသီးဖြင့် ပွတ်တိုက် ပေးခြင်းဖြင့် မူလထက်များစွာ ပိုမိုဝင်လက်တောက်ပြောင်လာနိုင်ပါသည်။
သံပုရာသီး အကျိုးကျေးဇူးများ
လူသားတို့၏ ကျန်းမာရေးအတွက် သံပုရာသီးကို ကောင်းစွာအသုံးချနိုင်မည်ဆိုလျှင် များစွာအကျိုး ကျေးဇူးများလှပါသည်။ သံပုရာသီးတွင် ဗီတာမင်စီ၊ အန်တီအောက်စီဓာတ်များ၊ သတ္တုဓါတ်များ၊ ဆိုက်ထရစ်အက်ဆစ်နှင့်ပရိုးတင်၊ပိုတက်ဆီယမ်၊သံဓါတ်၊ အမျှင်ဓါတ်၊ကယ်လိုရီနှင့် ကာဗိုဟိုက်ဒရိတ် စသည် တို့ ဖြစ်ပါသည်။ သံပရာသီးမှာ ပိုတက်စီယမ်ကြွယ်ဝသောကြောင့် ဦးနှောက်နှင့် အာရုံကြော လှုပ်ရှားမှုများကို မြှင့်တင်ပေးပါသည်။ သံပုရာသီးကို ယိုအဖြစ်လည်း စားသုံးနိုင်ပြီး သံပုယိုသီးမှာ ဗီတာမင်စီ မြင့်မားစွာပါဝင်သောကြောင့် အအေးမိခြင်းကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို ဆန့်ကျင်သည့် အတွက် ဆေးဝါးအဖြစ်အသုံးပြုနိုင်ပါသည်။ ထို့ပြင် သံပုရာသီးသည် ကိုယ်အလေးချိန် လျော့ကျ သူများ အတွက် အထောက်အကူပြု ပါသည်။ကယ်လိုရီဓါတ်နည်းပါးပြီး အမျှင်ဓါတ်များသောကြောင့် အစာစားချင်စိတ်ကို လျှော့ကျစေ ပါသည်။ ကျန်းမာသော နေထိုင်မှု ဘဝကိုရရှိစေရန် ထိန်းသိမ်းရာတွင် ယနေ့ ခေါတ်တွင် အဖြစ်များသည့် သွေးတိုးရောဂါကို ကုသရာတွင်လည်း သံပုရာသီးသည်တိုက်ရိုက် မပျောက်ကင်း နိုင်သော်လည်း သွေးပေါင်ကျစေသည့် အာနိသင်ရှိသောကြောင့် သွေးတိုးရောဂါရှိသူများ ဆောင်ထားရန် လိုအပ်ပါသည်။ ပျားရည် ၁ ဇွန်းနှင့်သံပုရာရည် ၁ ဇွန်း ခွဲခန့်ကို ရော၍ မွှေပြီး လိုအပ်လျှင် ရေနွေးအနည်းငယ်ထည့်၍ သောက်သုံးခြင်းဖြင့် ချောင်းဆိုးခြင်းနှင့် လည်ချောင်းယား ယံခြင်းကို သက်သာစေပါသည်။ တိုင်းရင်းဆေးဆရာဝန်များသည် သံပုရာသီးကို နေပူထဲတွင် လှန်းပြီး အခြောက်ခံ၍ တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြပါသည်။ ထို့ကြောင့် သံပုရာသီး သည် မီးဖိုးချောင်သုံး အစားအစာတစ်ခုသာမက ကျန်းမာရေးအတွက် အထောက်အကူ ပြု၍ အကျိုးကျေးဇူးများသော အသီးတစ်မျိုးဖြစ်သောကြောင့် သင့်တင့်မျှတစွာ စားသုံးခြင်းဖြင့် သံပုရာသီး ၏ အကျိုးကျေးဇူးများ လက်တွေ့ခံစားနိုင်ပါသည်။
DOCA(ပဲခူး)
