ကမ္ဘာ့ဝါစျေးကွက်ကိုဦးဆောင်လာသည့်ဘရာဇီး

Powered by Drupal
Fri, 08/07/2026 - 10:46 -- consumer_admin

                  ဘရာဇီးနိုင်ငံသည် ယခုအခါ ကမ္ဘာ့ဝါဈေးကွက်တွင် ထင်ရှားသောအခန်းကဏ္ဍမှ ပါဝင်လာပြီး ဈေးကွက်ကို ဦးဆောင်လျက်ရှိသည်။ ဘရာဇီးသည် အားကစားကဏ္ဍတွင်သာမက စိုက်ပျိုးရေးနှင့် စီးပွားရေးကဏ္ဍများတွင်ပါ နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိနေပြီဖြစ်သည်။ ဘရာဇီးနိုင်ငံ၏ ဝါကဏ္ဍသည် လျင်မြန်စွာတိုးတက်လာခဲ့ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံး ဝါတင်ပို့သူအဖြစ် တရားဝင် ရပ်တည်လာနိုင်ခဲ့သည်။ အရည်အသွေးမြင့်မားသောဝါများကို အမြောက်အမြားထုတ်လုပ်နိုင်စွမ်း ရှိခြင်းက ဤသို့ဦးဆောင်နိုင်ရန် အဓိကမောင်းနှင်အားဖြစ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ အထည်အလိပ်လုပ်ငန်းများသည် ဘရာဇီးဝါဂွမ်းကို ပိုမိုအားထားရွေးချယ်လာကြသည်။ ဤပြောင်းလဲ မှုသည်ကမ္ဘာ့ကုန်သွယ်ရေးမြေပုံတွင် ဘရာဇီး၏ လွှမ်းမိုးနိုင်စွမ်းကို ထင်ရှားစွာပြသနေပါသည်။

          ကမ္ဘာ့ဝါဂွမ်းတင်ပို့မှုသမိုင်းတွင် အမေရိကန်နှင့် သြစတြေးလျတို့က အစဉ်အလာအားဖြင့် ထိပ်တန်းနေရာများကို ရယူထားခဲ့ကြသည်။ သို့သော် ဘရာဇီးသည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ၎င်း၏ထုတ်လုပ်မှုစွမ်းအားကို အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ခဲ့သည်။ ဘရာဇီးသည် ၂၀၂၄ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံကို ကျော်ဖြတ်ပြီး တင်ပို့မှုအဆင့် တစ်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ အမေရိကန်တွင် ရာသီဥတုဖောက်ပြန်မှုများနှင့် သီးနှံစွန့်ပစ်မှုနှုန်းများပြားခြင်း ကလည်း ဘရာဇီးအတွက်ဈေးကွက်နေရာပိုရစေခဲ့သည်။ သြစတြေးလျဝါသည် အရည်အသွေး ကောင်းမွန်သော်လည်း စိုက်ပျိုးမြေအကန့်အသတ်ရှိသဖြင့် ဘရာဇီး၏ ထုတ်လုပ်မှုပမာဏကို မယှဉ်ပြိုင်နိုင်ပါ။ ထို့ကြောင့် ဘရာဇီးသည် ကမ္ဘာ့ဝါဂွမ်းတင်ပို့မှုကဏ္ဍတွင် ပြိုင်ဘက်ကင်း ခေါင်းဆောင် အဖြစ် အခိုင်အမာ နေရာယူနိုင်ခဲ့ခြင်းဖြစ်သည်။

           ကမ္ဘာ့ဝါဂွမ်းဝယ်လိုအား၏ အဓိကမောင်းနှင်အားမှာ အာရှတိုက်ရှိ အထည်အလိပ် ထုတ်လုပ်ရေး စက်ရုံကြီးများဖြစ်သည်။ အထူးသဖြင့် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့က ဝါဂွမ်းအများဆုံးတင်သွင်းသည့် နိုင်ငံများအဖြစ် ထိပ်တန်းစာရင်းတွင် အသီးသီးရပ်တည်နေကြသည်။ တရုတ်နိုင်ငံသည် ပြည်တွင်း၌ ဝါဂွမ်းအများအပြားထုတ်လုပ်သော်လည်း လိုအပ်ချက်မြင့်မား လွန်းသဖြင့် ပြည်ပမှအများအပြားတင်သွင်းနေရဆဲဖြစ်သည်။ ယခင်က အမေရိကန်ဝါဂွမ်းကို အဓိကထားဝယ်ယူခဲ့ကြသော်လည်း ယခုအခါ ဘရာဇီးဝါဂွမ်းအပေါ် ပိုမိုမှီခိုလာကြသည်။ ဘရာဇီး ဝါဂွမ်း၏ တည်ငြိမ်သော ဈေးနှုန်းနှင့် အရည်အသွေးကြောင့် အာရှဈေးကွက် ၏ ယုံကြည်မှုကို အပြည့်အဝရရှိထားသည်။ ဤအာရှနိုင်ငံများ၏ ကြီးမားသောဝယ်လိုအား ကပင် ဘရာဇီး၏ ဝါဂွမ်းတင်ပို့မှုကဏ္ဍကို အဓိကပံ့ပိုးပေးလျက်ရှိပါသည်။ ဘရာဇီး၏ ဝါဂွမ်းတင်ပို့မှု ကိန်းဂဏန်းအချက် အလက်များသည် နှစ်စဉ်ဆက်တိုက် စံချိန်တင် မြင့်တက်လျက်ရှိသည်။ Cotton Brazil ၏ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တင်ပို့မှုပမာဏ အလွန်မြင့်မားခဲ့သည်။ အဆိုပါကာလအတွင်း ဘရာဇီး သည် စုစုပေါင်း ဝါဂွမ်းတန်ချိန် ၃ ဒသမ ၂၁၉ သန်း အထိ စံချိန်တင်တင်ပို့နိုင်ခဲ့သည်။ ဤပမာဏသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင် ဒုတိယလိုက်နေသော အမေရိကန် ၏ခန့်မှန်းတင်ပို့မှုမှာ တန်ချိန် ၂ ဒသမ ၆၅၆ သန်း ခန့်သာရှိခဲ့သည်။ ထို့ကြောင့် ဤခိုင်လုံသော ကိန်းဂဏန်းများက ဘရာဇီး၏ ဈေးကွက်လွှမ်းမိုး နိုင်စွမ်းကို သက်သေပြနေပါသည်။

အဓိကအားသာချက်များနှင့် မဟာဗျူဟာမြောက် ထုတ်လုပ်မှု

           ဘရာဇီးဝါဂွမ်းသည် ကမ္ဘာ့ဈေးကွက်တွင် အခြားနိုင်ငံများထက်သာလွန်သော အဓိက အားသာချက်များစွာကို ပိုင်ဆိုင်ထားသည်။ ပထမဆုံးအနေဖြင့် ကျယ်ဝန်းသောစိုက်ပျိုးမြေများ ကြောင့် နှစ်စဉ်ကြီးမားသော ထုတ်လုပ်နိုင်စွမ်းကို ရရှိထားသည်။ ထို့အပြင် ဆည်ရေသွင်းစိုက်ပျိုးရန် မလိုဘဲ သဘာဝမိုးရေကို အဓိကထားသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေသည်။ ကုန်ကျစရိတ်သက်သာမှုက နိုင်ငံတကာဈေးကွက်တွင် အခြားပြိုင်ဘက်များထက် ဈေးနှုန်းပိုမို ယှဉ်ပြိုင်နိုင်စွမ်းရှိစေသည်။ အရည်အသွေးပိုင်းတွင်လည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်သဖြင့် ဝယ်လက်များ၏သဘောကျမှုကို ရရှိထားသည်။ ဤအချက်များကြောင့် နိုင်ငံ တကာဝယ်လက်များနှင့် ခိုင်မာသော ရေရှည်ဆက်ဆံရေးကို အောင်မြင်စွာ တည်ဆောက်ထား နိုင်ခြင်းဖြစ်သည်။

            ဘရာဇီးဝါဂွမ်းအား နိုင်ငံတကာတွင် ထိရောက်စွာမြှင့်တင်နိုင်ရန် Cotton Brazil အမည်ရသော အစီအစဉ်ကို တည်ထောင်ထားသည်။ ဤအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဘရာဇီးဝါဂွမ်း၏ အရည် အသွေးနှင့်ပုံရိပ်ကို ကမ္ဘာတစ်ဝန်းက သိရှိလာစေရန် ဖြစ်သည်။ ထို့အပြင် ဝါဂွမ်း၏ ရေရှည်တည်တံ့မှု၊ ခြေရာခံနိုင်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို နိုင်ငံတကာဈေးကွက်သို့ ချပြလျက်ရှိသည်။ ဤအဖွဲ့ အစည်းသည် အာရှနိုင်ငံများအပါအဝင် အဓိက တင်သွင်းသည့် နိုင်ငံများရှိ အထည်အလိပ်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည်။ ဝယ်လက်များ၏ လိုအပ်ချက် များကို နားထောင်ပြီး အရည်အသွေးပိုမိုကောင်းမွန်စေရန်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိသည်။ Cotton Brazil ၏ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်များကြောင့် ဘရာဇီးဝါဂွမ်း၏ ဂုဏ်သတင်းမှာ ပိုမိုကျော်ကြားလာခဲ့သည်။

           ဘရာဇီးနိုင်ငံ၏ ဝါအများဆုံးထုတ်လုပ်သည့် အဓိကဒေသကြီးနှစ်ခုမှာ မာတိုဂရိုဆိုနှင့် မာတို ပီဘာတို့ဖြစ်သည်။ မာတိုဂရိုဆိုပြည်နယ်သည် တစ်နိုင်ငံလုံး ဝါထုတ်လုပ်မှု၏ ၆၇ ရာခိုင်နှုန်း ခန့်ကို တာဝန်ယူထုတ်လုပ်ပေးနေသည်။ အရှေ့မြောက်ပိုင်းရှိ မာတိုပီဘာဒေသသည်လည်း စုစုပေါင်း ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။ ဤဒေသများက ဝါစိုက်ပျိုးရန်အတွက် အလွန်သင့်လျော်သော ရာသီဥတုနှင့် မြေဆီလွှာကို ပိုင်ဆိုင်ထားကြသည်။ စိုက်ပျိုးရေးစနစ်အနေဖြင့် ပဲပုပ်ကဲ့သို့သော သီးနှံများနှင့် သီးညှပ်စိုက်ပျိုးခြင်း စနစ်ကို အများဆုံးအသုံးပြုကြသည်။ ဤသီးညှပ် စိုက်ပျိုးခြင်းက မြေဆီလွှာဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး အထွက်နှုန်းကို ပိုမိုတိုးတက်ကောင်းမွန် စေပါသည်။

ခေတ်မီနည်းပညာ၊ အရည်အသွေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေး

            ဘရာဇီး၏ ဝါကဏ္ဍတွင် ခေတ်မီစိုက်ပျိုးရေးနှင့် ရိတ်သိမ်းမှုနည်းပညာများကို ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုလာကြသည်။ အထူးခြားဆုံးအချက်မှာ ဝါများကို လူအင်အားဖြင့် ခူးဆွတ်ခြင်းမပြုဘဲ ၁၀၀ ရာခိုင်နှုန်း စက်ယန္တရားများဖြင့်သာ ခူးဆွတ်ခြင်းဖြစ်သည်။ ဤသို့စက်များဖြင့် ခူးဆွတ် ခြင်းကြောင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းခွင်ထိရောက်မှုကို အမြင့်ဆုံးရရှိစေသည်။ ထို့အပြင် ဝါများရိတ်သိမ်းရာတွင် အမှိုက်သရိုက်ပါဝင်မှုကို လျှော့ချရန်အတွက် စနစ်ကျသော ဖြစ်စဉ်များကို အသုံးပြုကြသည်။ ရိတ်သိမ်းပြီးသော ဝါများကိုလည်း စနစ်တကျသိမ်းဆည်းကာ အရည်အသွေး မကျဆင်းစေရန် ဂရုတစိုက် ကိုင်တွယ်ကြသည်။ ဤခေတ်မီနည်းစနစ်များက ဘရာဇီးဝါဂွမ်း၏ ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေးကို တစ်ဟုန်ထိုး တက်လာစေခဲ့သည်။ ဘရာဇီးသည် ဝယ်လက်များ၏ ယုံကြည်မှုကို ရယူနိုင်ရန်အတွက် အရည်အသွေးစစ်ဆေးမှုစနစ်ကို တင်းကျပ်စွာ ကျင့်သုံးလျက်ရှိသည်။ ထွက်ရှိလာ သော ဝါဂွမ်းဘေထုပ်တိုင်းကို HVI (High Volume Instrument) ခေါ် အဆင့်မြင့်စက်ကိရိယာများဖြင့် ၁၀၀ ရာခိုင်နှုန်းစစ်ဆေးကြသည်။ ဤစက်များက ဝါဂွမ်း၏ အမျှင်အရှည်၊ ခိုင်ခံ့မှု၊ အရောင်နှင့် သန့်စင်မှုအစရှိသော အချက်အလက်များကို တိကျစွာဖတ်ရှု ပေးသည်။ စစ်ဆေးရရှိလာသော အရည်အသွေး သတ်မှတ်ချက်များကို ဝယ်ယူမည့်သူများထံသို့ ပွင့်လင်းမြင်သာစွာ ချပြထားသည်။ ဝယ်လက်များသည် အဆိုပါအချက်အလက်များကို ဝက်ဘ်ဆိုက် များမှတစ်ဆင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင် ကြသည်။ ဤသို့ ခေတ်မီစစ်ဆေးမှု စနစ်များကြောင့် ဘရာဇီးဝါဂွမ်းသည် ကမ္ဘာ့အဆင့်မီ အရည်အသွေးအဖြစ် အသိအမှတ်ပြု ခံထားရသည်။

             ဘရာဇီးဝါလုပ်ငန်း၏ နောက်ထပ်ဂုဏ်ယူစရာကောင်းသော နည်းပညာတစ်ခုမှာ အတိအကျ ခြေရာခံနိုင်သော စနစ်ဖြစ်သည်။ ဝါဂွမ်းဘေထုပ်တိုင်းတွင် သီးသန့်နံပါတ်များပါဝင်သည့် Bale ID Tag များ တပ်ဆင်၍ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည်။ ဝယ်လက်များ သည် ဤစနစ်ကြောင့် မိမိတို့ဝယ်ယူထားသော ဝါကိုမည်သည့်စိုက်ခင်းမှထွက်ရှိကြောင်း အလွယ်တကူ သိရှိနိုင်သည်။ ထို့အပြင် ဝါဂွမ်းကြိတ်ခွဲသည့် စက်ရုံမှသည် ဆိပ်ကမ်းသို့ ရောက်ရှိသည်အထိ အဆင့်တိုင်းကို တိကျစွာခြေရာခံနိုင်သည်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကလည်း ဤခြေရာ ခံစနစ် မှန်ကန်မှု ရှိ/မရှိကို အမြဲတမ်း ကြီးကြပ်စစ်ဆေးပေးလျက်ရှိသည်။ ဤခြေရာခံနိုင် မှု နည်းပညာသည် နိုင်ငံတကာကုန်အမှတ်တံဆိပ်ကြီးများ၏ တောင်းဆိုချက်နှင့် အလွန်ကိုက်ညီမှု ရှိသည်။ ယနေ့ခေတ် ကမ္ဘာ့ဈေးကွက်တွင် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုသည့်အချက်မှာ ကုန်သွယ်မှု အတွက် အလွန်အရေးပါလာခဲ့သည်။ ဘရာဇီးတောင်သူများက ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစေရန် နှင့် လုပ်ငန်းခွင်ဘေးကင်းစေရန် အထူးဂရုပြု စိုက်ပျိုးကြသည်။ ထို့ကြောင့် ဘရာဇီးဝါဂွမ်းများစွာ သည် ပြည်တွင်းအသိအမှတ်ပြု ABR (Algodao Brasileiro Responsavel) လက်မှတ်များကို အောင်မြင်စွာ ရရှိထားကြသည်။ ထို့အပြင် နိုင်ငံတကာက အသိအမှတ်ပြုထားသော BCI ကဲ့သို့သော ရေရှည်တည်တံ့မှုဆိုင်ရာ လက်မှတ်များကိုလည်း ရရှိထားသည်။ ဤသို့ လက်မှတ်များရရှိထားခြင်း ကဥရောပကဲ့သို့ စည်းမျဉ်းတင်းကျပ်သောဈေးကွက်များသို့ တင်ပို့ရာတွင် ကြီးမားသောအားသာချက် ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့် လုပ်ထုံးလုပ်နည်းများက ဘရာဇီးဝါဂွမ်း၏ တန်ဖိုး ကို ပိုမိုမြင့်မားစေပါသည်။

ထောက်ပံ့ပို့ဆောင်ရေးနှင့် စိန်ခေါ်မှုများကို ဖြေရှင်းခြင်း

          ထုတ်လုပ်မှုပမာဏ များပြားလာသည်နှင့်အမျှ ဘရာဇီးအတွက် ထောက်ပံ့ပို့ဆောင်ရေး နှင့် logi- stics ကဏ္ဍသည် အရေးပါလာသည်။ အစဉ်အလာ အားဖြင့် ဝါဂွမ်းတင်ပို့မှုအားလုံးနီးပါးကို ဆန်းတို့စ် ဆိပ်ကမ်းတစ်ခုတည်းမှသာ အဓိကထား တင်ပို့ခဲ့ကြသည်။ သို့သော် ယခုအခါ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်စေရန်အတွက် ဆိပ်ကမ်းသစ်များကိုပါ တိုးချဲ့အသုံးပြုလာကြပြီ ဖြစ်သည်။ အထူးသဖြင့် ဆာဗေးဒေါနှင့် ပါရာနာဂွါကဲ့သို့သော ဆိပ်ကမ်းများသည် ဝါဂွမ်းတင်ပို့ မှုအတွက် အရေးပါသော လမ်းကြောင်းများဖြစ်လာသည်။ ထိုဆိပ်ကမ်းသစ် များတွင် ကွန်တိန်နာ ရရှိမှု ပိုမိုလွယ်ကူလာသဖြင့် သင်္ဘောတင်ပို့မှုလုပ်ငန်းစဉ်များလည်း ပိုမိုသွက် လက်လာသည်။ ဤသို့ logisticsပိုင်းကို ချဲ့ထွင်နိုင်ခြင်းက ဘရာဇီး၏ပို့ကုန်ကဏ္ဍကို ပိုမိုအားကောင်းခိုင်မာ စေပါသည်။ဘရာဇီးသည် ဝါဂွမ်းရောင်းချရုံသာမက သုံးစွဲသူ စက်ရုံများအတွက် နည်းပညာပံ့ပိုးမှုများကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဤရည်ရွယ်ချက်အတွက် Cotton Brazil Knowledge Hub အမည်ရသော အွန်လိုင်းပလက်ဖောင်းတစ်ခုကို ဖန်တီးထားသည်။ ဤပလက်ဖောင်းမှတစ်ဆင့် နိုင်ငံတကာ ချည်မျှင်နှင့် အထည်အလိပ်စက်ရုံများအတွက် နည်းပညာ ပိုင်းဆိုင်ရာ လမ်းညွှန်မှုများကိုပေးနေ ပါသည်။ စက်ရုံများအနေဖြင့် ဘရာဇီးဝါဂွမ်းကို အသုံးပြုရာတွင် အခက်အခဲရှိပါက ကျွမ်းကျင်သူများနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်သည်။ အကောင်းဆုံးစက်ဆက် တင်များ၊ အပူချိန်နှင့်စိုထိုင်း ဆထားရှိပုံများကိုပါ အသေးစိတ်လမ်းညွှန်ပြသပေးလျက်ရှိသည်။ ဤဝန်ဆောင်မှုများကြောင့်ဝယ်လက် စက်ရုံများသည် ဘရာဇီးဝါဂွမ်းကို အသုံးပြုရာတွင် အမြင့်ဆုံးစွမ်းဆောင်ရည်များကို ရရှိလာကြသည်။

         ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် ကြုံတွေ့ရတတ်သော စိန်ခေါ်မှုများကိုလည်း ဘရာဇီးက စနစ်တကျ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အပူပိုင်းဒေသများတွင် ဖြစ်ပေါ်လေ့ ရှိသော ဝါဂွမ်း စေးကပ်မှုပြဿနာသည် အဓိက ဖြေရှင်းရမည့် အချက်ဖြစ်သည်။ ဤအခက်အခဲကို ကျော်လွှားနိုင်ရန် တောင်သူများနှင့် သုတေသီများပူးပေါင်းကာ မျိုးစေ့နည်းပညာများကို ပြောင်းလဲခဲ့ကြသည်။ ထို့အပြင် ပိုးမွှားနှိမ်နင်းရေးစနစ်များကိုလည်း ပိုမိုထိရောက်စွာ အသုံးပြုလာ ကြပြီး စေးကပ်မှုကို လျှော့ချနိုင်ခဲ့သည်။ ကုန်သည်များကလည်း ပြည်ပသို့ မတင်ပို့မီ ဝါဂွမ်းများကို လူကိုယ်တိုင် သေချာစွာ စစ်ဆေးသည့်စနစ်ကို ကျင့်သုံးကြသည်။ ဤသို့ ပူးပေါင်းဖြေရှင်းမှုများ ကြောင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အနာဂတ်အလားအလာ

             ဘရာဇီး၏ ဝါဂွမ်းကဏ္ဍသည် လက်ရှိတွင် အောင်မြင်မှုများစွာ ရရှိထားသော်လည်း အနာဂတ် အတွက် စိန်ခေါ်မှုများ ရှိနေသေးသည်။ အထူးသဖြင့် အယ်လ်နီညိုကဲ့သို့သော ရာသီဥတု ပြောင်းလဲမှုများက စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ သို့ရာတွင် ဘရာဇီးတောင်သူများသည် ခေတ်မီနည်းပညာများနှင့် အတွေ့အကြုံများကို အသုံးချကာ ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ရန်အသင့်ရှိနေကြသည်။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ၏ ပူးပေါင်း ဆောင်ရွက်မှုကလည်း နိုင်ငံ၏ ဝါဂွမ်းစက်မှုလုပ်ငန်းကို ပိုမိုကြံ့ခိုင်စေပါသည်။ အရည် အသွေး၊ ရေရှည်တည်တံ့မှုနှင့် ဝယ်လက်များ၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သရွေ့ အောင်မြင်မှုများ ဆက်လက်ရရှိနေမည်ဖြစ်သည်။ နိဂုံးချုပ်အားဖြင့် ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ဝါဂွမ်း ဈေးကွက်ကို ရေရှည်ဆက်လက်ဦးဆောင်နိုင်မည့် အလားအလာကောင်းများကို အခိုင်အမာပိုင်ဆိုင် ထားပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)