စျေးကွက်ဝင်စပါးမျိုးကောင်းရွေးချယ်စိုက်ပျိုးလို့တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်စို့

Powered by Drupal
Fri, 08/07/2026 - 10:43 -- consumer_admin

                     မြန်မာနိုင်ငံသည် ဆန်စပါး အဓိက စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး၏ အဓိက စားသုံးကုန်မှာ ဆန်ဖြစ်သည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကကျသည့် စားသုံးကုန်သီးနှံဖြစ်သည့်အပြင် နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးသော စိုက်ပျိုးရေးထွက်ကုန် ဖြစ်သည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့်ဈေးကွက် ပေါက်ဈေး လျော်ကန်သင့်မြတ်မှုရှိမှသာလျှင် တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်း မည်ဖြစ်သည်။ ဆန်စပါးဈေးကွက် တည်ငြိမ်ပြီး ဈေးနှုန်းသင့်တင့်မျှတမှုရှိမှသာ စားသုံးသူပြည်သူ များ၏ လူမှုစီးပွားဘဝကို သာယာချောမွေ့စေမည် ဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စပါးစိုက်ပျိုး ဧရိယာသည် အသားတင်သီးနှံစိုက်ပျိုးမြေ၏ ၅၉ ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်ပြီး စိုက်ဧကအားဖြင့် ၁၇ ဒသမ ၆၂ သန်းခန့် ရှိပါသည်။ ထွက်ရှိလာသည့် စပါးသီးနှံ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှု တွင် အသုံးပြုကြပါသည်။ ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၁၀၀၀ ကျော်အထိ ရရှိခဲ့သည်။

ဆန်နှင့်ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့

                    မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့သည့်အပြင် ဥရောပနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံ အစရှိသည့် နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထိုသို့ တင်ပို့သည့်အခါ ပင်လယ်ရေကြောင်းဖြင့်လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် လည်းကောင်း ရောင်းချခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစ၍ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုမှာ ပိုမိုများပြားလာခဲ့ပါ သည်။ ယင်းအခြေအနေကြောင့် မြန်မာနိုင်ငံ၏ ဆန်နှင့်ဆန်ကွဲ ကုန်သွယ်မှု အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာခဲ့ပြီး ဆန်စပါးကဏ္ဍအတွက် အကျိုးကျေးဇူးများ ရှိလာခဲ့ပါ သည်။

မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်စေရန်စပါးစိုက်ပျိုးသည့် တောင်သူ များအတွက် အရေးပါသည့် အခြေခံအရင်းအမြစ်များ ကောင်းမွန်ရန် လိုအပ်ပါသည်။ သွင်းအားစုကုန်ကျ စရိတ်များ၊ လုပ်အားခစရိတ်များနှင့် သယ်ယူပို့ဆောင် ရေးစရိတ်များ သင့်တင့်မျှတအောင် ဆောင်ရွက်ပေးခြင်းဖြင့်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ကောင်းမွန်လာစေနိုင်မည်ဖြစ်သည်။ ထို့ပြင် ဆန်စပါးဈေးကွက်တွင် ဆန်စပါးများကို ဝယ်ယူသို လှောင်ခြင်း၊ ဈေးကစားခြင်းတို့ ပြုလုပ်၍ အမြတ်အစွန်းပိုမိုရရှိအောင် ပြုလုပ်ခြင်းသည် စီးပွားရေးနှင့် ဈေးကွက်တည်ငြိမ်မှုကို အကန့်အသတ်များဖြစ်စေသကဲ့သို့ စားသုံးသူ ပြည်သူများအတွက်လည်း အခက်အခဲများ ဖြစ်စေနိုင်ပါသည်။ နိုင်ငံတော်မှလည်း တောင်သူအကျိုးစီးပွားကို အစဉ်အမြဲ ရှေးရှုဆောင်ရွက်ပေးပြီး ဆန်စပါးဈေးနှုန်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူစပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့်လည်း ဆန်စပါးဈေးကွက်တွင် အကျိုးအမြတ် အများဆုံးရရှိနိုင်မည့် စပါးမျိုး များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်သည်။

ထို့ကြောင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားပညာဌာနမှ ပါရဂူဘွဲ့ သုတေသနအဖြစ် ပြည်တွင်း၊ပြည်ပဈေးကွက်အပေါ်မူတည်၍ ဆန်စပါးထုတ်လုပ်မှု၏ အကျိုး အမြတ်ရရှိမှုကို ဆန်းစစ်လေ့လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် နေပြည်တော် ပြည်ထောင် စုနယ်မြေအတွင်းရှိ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိမြို့နယ်များမှ မိုးစပါးစိုက်ပျိုးသည့် တောင်သူ ၁၈၀ ကို စစ်တမ်းကောက်ယူခဲ့သည်။

ရက်-၉၀ စပါးမျိုးများ စိုက်ပျိုးထုတ်လုပ်

နမူနာတောင်သူအများစုသည် အသက်အရွယ်အားဖြင့် ပျမ်းမျှ ၅၄ နှစ်ခန့်ရှိကြပြီး စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် အတွေ့အကြုံအားဖြင့် ပျမ်းမျှ ၃၁ နှစ်ခန့် လုပ်ကိုင်ခဲ့ကြ၍ အတွေ့အကြုံ များပြား ကြသည်။ တောင်သူများသည် ဆင်းသုခ၊ မနော သုခ၊ ဧရာမင်း၊ မဂျမ်းတော၊ ရွှေဝါဝင်း၊ ရွှေဝါမွှေး၊ သုခ-၁၊ ဘက်စမာတီ (Basmati)၊ ဧရာပဒေသာ၊ ပေါ်ဆန်း၊ ထိုင်းနှံကောက်၊ ဗျော့ထွန်း၊ GW-11၊ ဗျော့သုခ၊ ရတနာတိုး၊ ပုလဲသွယ်နှင့် ရက်-၉၀ စသည့် စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်ကြသည်။ နမူနာတောင်သူများစိုက်ပျိုးသော စပါးမျိုးများကို ပြည်တွင်း ပြည်ပဈေးကွက်များတွင် ရောင်းချ နေသော ဆန်စပါးမျိုးများနှင့် လေ့လာစစ်တမ်းပြုသည့်အခါ ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ မဂျမ်း တော၊ ရွှေဝါဝင်း၊ ရွှေဝါမွှေး၊ သုခ-၁၊ ဘက်စမာတီ (Basmati)၊ ဧရာပဒေသာနှင့် ပေါ်ဆန်းစသည့် စပါးမျိုးများကို ပြည်တွင်းဆန်စပါးဈေးကွက်တွင် အများဆုံးရောင်းချနေကြောင်း တွေ့ရှိရသည်။ ထိုင်းနှံကောက်၊ ဗျော့ထွန်း၊ GW-11၊ ဗျော့သုခ၊ ရတနာတိုး၊ ပုလဲသွယ်နှင့် ရက်-၉၀ စသည့် စပါး မျိုးများကို ပြည်ပဈေးကွက်တွင် အများဆုံးရောင်းချနေကြောင်း တွေ့ရှိရသည်။ တောင်သူများအား မေးမြန်း၍ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင် ရောင်းချနေသော စပါး မျိုးများအလိုက် စိုက်ပျိုးထုတ်လုပ်မှု၏ စပါးအထွက်နှုန်း၊ စပါးဈေးနှုန်းနှင့် အကျိုးအမြတ် ပြန်ရချက်များအပေါ် နှိုင်းယှဉ်လေ့လာမှုကို ဇယားနမူနာတွင် ဖော်ပြထားပါသည်။

စပါးအထွက်နှုန်းကို နှိုင်းယှဉ်ကြည့်ရာတွင် ပြည်တွင်းဈေးကွက်ဝင် စပါးမျိုးများ၏ အထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ ၈၅ ဒသမ ၁၆ တင်း ထွက်ရှိပြီး ပြည်ပဈေးကွက်ဝင် စပါးမျိုးများသည် အထွက် နှုန်း တစ်ဧက ပျမ်းမျှ ၉၆ ဒသမ ၈၃ တင်း ထွက်ရှိသည့်အတွက် ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ၁၁ ဒသမ ၆၇ တင်း ပိုမိုထွက်ရှိကြောင်း တွေ့ရှိရသည်။ စပါးတစ်တင်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းဈေးကွက်ဝင် စပါးမျိုးများသည် ပျမ်းမျှ တစ်တင်းဈေးနှုန်းမှာ ၂၀၃၄၇ ကျပ်ဖြစ်ပြီး ပြည်ပဈေးကွက်ဝင် စပါးမျိုးများ၏ ပျမ်းမျှတစ်တင်း ဈေးနှုန်းမှာ ၁၇၉၄၉ ကျပ်ဖြစ်သည့်အတွက် ပြည်တွင်းဈေးကွက်ဝင် စပါးမျိုးကို စိုက်ပျိုးသူ တောင်သူများအနေဖြင့် စပါးတစ်တင်းလျှင် ပျမ်းမျှ ၂၃၉၈ ကျပ် ပိုမိုရရှိကြောင်း တွေ့ရှိရသည်။

အကျိုးအမြတ် ပြန်ရချက်အနေဖြင့် ပြည်တွင်းဈေးကွက်ဝင် စပါးမျိုးများ၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုး (BCR) မှာ ၁ ဒသမ ၉၉ အရ လယ်တစ်ဧကတွင် ငွေကျပ်တစ်သိန်း ရင်းနှီးမြှုပ်နှံ ပါက အမြတ်ငွေကျပ် ၉၉၀၀၀ ရရှိပြီး ပြည်ပဈေးကွက်ဝင် စပါးမျိုးများ၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်အချိုးမှာ ၂ ဒသမ ၁၅ အရ လယ်တစ်ဧကတွင် ငွေကျပ်တစ်သိန်း ရင်းနှီးမြှုပ်နှံပါက အမြတ်ငွေကျပ် ၁၁၅၀၀၀ ပြန်လည်ရရှိကြကြောင်း လေ့လာတွေ့ရှိရသည်။

အကျိုးအမြတ် ပိုမိုသာလွန်

          ပြည်တွင်းဈေးကွက်ဝင် စပါးမျိုးများနှင့် ပြည်ပဈေးကွက်ဝင် စပါးမျိုးများ စိုက်ပျိုးထုတ်လုပ် မှု၏ ပြန်ရရှိချက်အကျိုးအမြတ်နှင့် ကုန်ကျစရိတ် အချိုးများအပေါ် ခြုံငုံသုံးသပ်ပါက ပြည်ပဈေးကွက် ဝင် စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသည် စပါးအထွက်နှုန်း ပိုမိုရရှိသည့်အတွက် စပါးဈေးနှုန်းရရှိမှုနည်းသော်လည်း အကျိုးအမြတ် ပိုမိုသာလွန်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ဆန်စပါးသီးနှံသည် နိုင်ငံ့စီးပွားရေးအတွက် အလွန်အရေးကြီးသော စိုက်ပျိုးရေး ထွက်ကုန်ဖြစ်ခြင်းကြောင့် ပြည်ပဈေးကွက်ဝင်ဆန်စပါးမျိုးများကို ပိုမိုတိုးမြှင့်စိုက်ပျိုး ထုတ်လုပ်ပြီး ကုန်သွယ်မှုကို တိုးချဲ့ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန် စပါးစိုက်ပျိုးသူ တောင်သူ များအနေဖြင့် ပြည်တွင်းဈေးကွက်ဝင် စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်ရုံသာမက အထွက်နှုန်းနှင့် အကျိုးအမြတ် ပိုမိုရရှိသည့် ပြည်ပဈေးကွက်ဝင် စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါသည်။ ဆန်စပါးကဏ္ဍနှင့်ဆက်စပ်နေသော အဖွဲ့အစည်းများကလည်း စပါးအရည် အသွေးနှင့်အထွက်နှုန်းပိုမိုကောင်းမွန်သော စပါးမျိုးများကို တိုးမြှင့်ဖြန့်ဖြူးပေးရန်၊ ဆန်စပါး ဈေးကွက်တည်ငြိမ်ပြီး ဈေးနှုန်းသင့်တင့်မျှတမှုရှိစေရေးကို စနစ်တကျထိန်းချုပ်ပေးရန်နှင့် နိုင်ငံ တကာဆန်ဈေးကွက်သို့ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီသည့် ဆန်နှင့်ဆန်ကွဲများ တိုးချဲ့ကုန်သွယ် မှုကို အားပေးဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။     

DOCA(ပဲခူး)