မအူပင်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိနေသော  စီးပွားဖြစ်အုန်းချိုမွှေးနှင့် မျိုးကောင်းပျိုးပင်များ ရောင်းချလျက်ရှိ

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အချောကျေးရွာရှိ K K Coconut Farm တွင် ယိုးဒယား အုန်းချိုမွေး စိုက်ခင်းတွင် အုန်းချိုမွေးပင်များကို စနစ်တကျ စိုက်ပျိုးပြုစုလျက်ရှိပြီး အရည်အသွေးမြင့် အုန်းသီးများနှင့် မျိုးကောင်းမျိုးသန့် ပျိုးပင်များကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

       အဆိုပါစိုက်ခင်းကို ၂၀၂၁ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် စတင်စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် စိုက်ဧက (၁၇) ဧကပေါ်၌ အုန်းချိုမွေးပင် စုစုပေါင်း (၁,၅၂၀) ပင် စိုက်ပျိုးထားသည်။ စိုက်ပျိုးထားရှိမှုအနေဖြင့် R1 မှ R10 အထိ (၉၂၀) ပင်နှင့် R11 မှ R22 အထိ (၆၀၀) ပင် စိုက်ပျိုးထားရှိကြောင်း သိရသည်။

        စိုက်ခင်းအတွင်း အုန်းချိုမွေးပင်များကို (၆) လလျှင် တစ်ကြိမ် အာဟာရဓာတ်များ ကျွေးမွေးပေးခြင်း၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းနှင့် အပင်များ ကျန်းမာသန်စွမ်းစေရန် စနစ်တကျ ပြုစုစောင့်ရှောက်လျက်ရှိသည်။ လက်ရှိတွင် အသီးသီးနေသောအပင် (၁,၀၀၀) ခန့်ရှိပြီး အသီးမသီးသေးသောအပင် (၅၀၀) ခန့် ကျန်ရှိကြောင်း သိရသည်။

        အုန်းသီးများကို (၇) ရက်လျှင် တစ်ကြိမ် ခူးဆွတ်ရရှိပြီး တစ်ကြိမ်လျှင် အုန်းသီး (၂၅၀) လုံးမှ (၃၀၀) လုံးခန့် ထွက်ရှိလျက်ရှိသည်။ ခြံမှ တိုက်ရိုက်ရောင်းချသည့် ဈေးနှုန်းမှာ တစ်လုံးလျှင် ကျပ် (၃,၀၀၀) ဖြစ်ပြီး မြို့ပေါ်ဈေးကွက်တွင် တစ်လုံးလျှင် ကျပ် (၄,၀၀၀) ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ အုန်းချိုမွေးအရည်ကို ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ လာရောက်ဝယ်ယူသောက်သုံးကြသည့်အပြင် လုပ်ငန်းရှင်အချို့ကလည်း အမြောက်အမြား လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

        ထို့ပြင် စိုက်ခင်းတွင် ထွက်ရှိသော အုန်းသီးအချို့ကို မျိုးပြန်ခံကာ မျိုးကောင်းမျိုးသန့် ပျိုးပင်များအဖြစ် ပြုစုပျိုးထောင်ပြီး လိုအပ်သည့်အချိန်တွင် ပြန်လည်ရောင်းချလျက်ရှိသည်။ လက်ရှိတွင် ပျိုးပင်အကြီး (၃၀၀) ပင်၊ အလတ် (၃၄၀) ပင်၊ အပင်သေး (၄၀၀) ပင်နှင့် မပျိုးရသေးသော အုန်းသီး (၂၅၀) လုံးခန့်ရှိကြောင်း သိရသည်။

          စိုက်ခင်းအတွင်း မြေယာအသုံးချမှု ထိရောက်စေရန် အုန်းချိုမွေးပင်များ၏ ကြားနေရာများတွင် ကွမ်းသီးပင် (၁,၀၀၀) ပင်နှင့် မာကလာပင် (၆၀၀) ကျော်ကို ကြားညှပ်စိုက်ပျိုးထားပြီး ဝင်ငွေရင်းမြစ်များ တိုးပွားလာစေရန် ဆောင်ရွက်လျက်ရှိသည်။

          အုန်းချိုမွေးမျိုးပင်များ၏ ဈေးနှုန်းမှာလည်း ယခင်က တစ်ပင်လျှင် ကျပ် (၇,၀၀၀) ကျော်သာရှိခဲ့သော်လည်း ယခုအခါ တစ်ပင်လျှင် ကျပ် (၁၈,၀၀၀) ခန့်အထိ ဈေးနှုန်းမြင့်တက်လာပြီး စိုက်ပျိုးလိုသူများ ပိုမိုစိတ်ဝင်စားလာကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)