ဒေသဆိုင်ရာအညွှန်းနှင့် ခိုင်မာတိုးတက်မြန်မာ့ကော်ဖီဈေးကွက်

Powered by Drupal
Mon, 07/27/2026 - 15:06 -- consumer_admin

 

          ယနေ့ပြည်ပပို့ကုန်သီးနှံများတွင် ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရနေသောသီးနှံမှာ ကော်ဖီသီးနှံဖြစ်ပါသည်။ စားသုံးသူကို တက်ကြွလန်းဆန်းစေသည့် ကော်ဖီ၏အာနိသင် ကြောင့်ကော်ဖီယဉ်ကျေးမှုထွန်းကားလာပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ကော်ဖီ သောက်သုံးခြင်းကို အကြောင်းပြု၍ လူမှုဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းကျိုးများ ရရှိ လာနိုင်ကြောင်း သိရှိပြီး လက်ခံသောက်သုံးလာကြပေသည်။ယနေ့လူမှုဆက်ဆံရေးနယ်ပယ် တွင် အဖျော်ယမကာ အရက်ဘီယာများသည် ငွေကြေးကုန်ကျမှုများခြင်း၊ ကျန်းမာရေးအ တွက်ဆိုးကျိုးများရှိနေခြင်းစသည့် ယင်းတို့နှင့် ဆက်စပ်နယ်ပယ်များ၏ ဆိုးကျိုးများကြောင့် လူကြီး၊ လူငယ်အလွှာအသီးသီးတွင် ကော်ဖီသောက်သုံးခြင်းအလေ့အကျင့်ကို ပြောင်းလဲ ကျင့်သုံး လာကြပါသည်။ ကော်ဖီသောက်သုံးခြင်းကို ရေမြေဒေသအလိုက် ဖျော်စပ်သုံးစွဲပုံနှင့် အရသာ ပေါ်မူတည်၍ ကော်ဖီအမျိုးအစားကွဲပြားသော်လည်း ကော်ဖီသောက်သုံးမှုပမာဏမှာ တိုးတက်များပြားလာပါသည်။ ကော်ဖီကို‌ သောက်သုံးရန်အတွက်သာမက အလှအပနှင့် တစ်ကိုယ်ရေထိန်းသိမ်းခြင်းဆိုင်ရာထုတ်ကုန်များ၊ အစားအသာက်မျိုးစုံ၊ ဆေးဝါးနှင့်ဓါတုလုပ် ငန်းစသည့်နယ်ပယ်စုံတွင် သုံးစွဲမှုမြင့်တက်လာသလို မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက သုံး သိန်းအထိ တိုးချဲ့စိုက်ပျိုးရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။

          ကော်ဖီထုတ်လုပ်မှုအခြေအနေ

          ဈေးကွက်ဝင်ကော်ဖီသီးနှံများမှာ အာရေးဗီးကားကော်ဖီနှင့် ရိုဘတ်စတာကော်ဖီတို့ ဖြစ်ပါသည်။အာရေးဗီးကားကုန်းမြင့်ကော်ဖီသည် အရည်အသွေးအရ အချိုဓာတ်၊ အချဉ်ဓာတ်၊ ဆိမ့်သက်သည့်အရသာတို့ကြောင့် လူကြိုက်များပါသည်။ သို့သော် စိုက်ပျိုးထုတ်လုပ်ရာတွင် မြေနှင့်ရာသီဥတု အဆင်ပြေသင့်တင့် မှသာ အောင်မြင်ဖြစ်ထွန်းနိုင်သဖြင့် စိုက်ပျိုးထုတ်လုပ် ရန်ခက်ခဲပါသည်။ ရိုဘတ်စတာမြေနိမ့်ကော်ဖီမှာ အရည်အသွေးအရ ကာဖိန်းဓာတ်ပါဝင်မှု များပြီးခါးသက်သည့်အရသာရှိပါသည်။ ရိုဘတ်စတာကော်ဖီပင်မျိုးရင်းသည် စိုက်ပျိုးထုတ် လုပ်ရာတွင် မြေနှင့်ရာသီဥတုဒဏ်ကို ခံနိုင်ရည်မြင့်မားသဖြင့် မြန်မာနိုင်ငံဒေသအနှံ့အပြား တွင်စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ ကမ္ဘာပေါ်တွင်ကော်ဖီအများဆုံးထုတ်လုပ်သည့်နိုင်ငံများ မှာ ဘရာဇီး၊ ဗီယက်နမ်၊ ကိုလမ်ဘီယာ၊ အင်ဒိုနီးရှား နှင့် အီသီယိုပီးယား နိုင်ငံတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကော်ဖီစိုက်ဧကပေါင်း ၆၃၂၂၆ ဧကရှိပြီး မက်ထရစ်တန်ချိန်ပေါင်း(၉၈၁၁)တန် ထုတ်လုပ်နိုင်ကြောင်းသိရပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ် အတွင်းတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုကိုလေ့ လာရာတွင် ရှမ်းပြည်နယ်သည် (၆၁၀၀တန်/၆၂.၁၇ %)၊ ကရင်ပြည်နယ်သည် (၂၁၈၁တန်/၂၂.၂၃%)၊ မန္တလေးတိုင်းဒေသကြီး(၅၈၉ တန်/ ၆%) ၊ ကချင်ပြည်နယ်(၂၈၂ တန်/ ၂.၈၇%)၊ စစ်ကိုင်းတိုင်းဒေသကြီး(၁၆၆ တန်/၁.၆၉%)၊ ကယားပြည်နယ်(၁၁၈တန်/၁.၂၀%)၊ ချင်းပြည်နယ်(၁၁၀တန်/၁.၁၂%)၊ မကွေးတိုင်းဒေသကြီး(၉၃တန်/၀.၉၅%)၊ တနင်္သာရီတိုင်း ဒေသကြီး(၇၇တန်/၀.၇၈%)၊ နေပြည်တော်တိုင်းဒေသကြီး(၇၅တန်/ ၀.၇၆%)၊ ဧရာဝတီတိုင်း ဒေသကြီး(၁၉တန်/၀.၁၉%)၊ ပဲခူးတိုင်းဒေသကြီး(၂တန်/၀.၀၂%) ထုတ်လုပ်ခဲ့ကြောင်းလေ့လာ တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ကော်ဖီထုတ်လုပ်မှုမှာ ကော်ဖီစိုက်ဧက ၆၃၂၂၆ကျော် စိုက်ပျိုး ပြီးအထွက်တန်ချိန် ၉၈၁၁ ရှိသော်လည်းဈေးကွက်ဝင်သမားရိုးကျကော်ဖီ၊ ပရီမီယမ်ကော်ဖီ နှင့် အထူးတန်းဝင်ကော်ဖီထုတ်လုပ်နိုင်မှုမှာ ပြည်တွင်း/ပြည်ပဈေးကွက်လိုအပ်ချက်ကိုပြည့်မီ ရန်လိုအပ်နေဆဲဖြစ်ပါသည်။ ထုတ်လုပ်မှုတိုးမြင့်နိုင်ရန်အတွက် ကော်ဖီစိုက်ဒေသများ၏ ရေ မြေ/ရာသီဥတုနှင့်ကိုက်ညီသော ဈေးကွက်ဝင်ကော်ဖီမျိုးရင်းများ ကော်ဖီပျိုးပင်များ ဖြန့်ဝေ ခြင်းဖြင့် တောင်သူများ၏ အကျိုးစီးပွားကို ထောက်ပံ့သင့်ပါသည်။ မြန်မာနိုင်ငံကော်ဖီ ကဏ္ဍ တိုးတက်ရန်အတွက် စိုက်ဧကသာမက အဓိကအားနည်းချက်ဖြစ်သည့် ကော်ဖီထုတ်လုပ်ပုံ နည်းစနစ်များကို ကော်ဖီစိုက်ရာဒေသတိုင်းရှိ တောင်သူများထံသို့ နည်းစနစ်များလက်ခံကျင့် သုံးလာစေရန် အစီအမံများဖြင့်ဆောင်ရွက်သင့်ပါသည်။

ကော်ဖီထုတ်ကုန်သည် ကော်ဖီပင်၏မျိုးရင်း၊ အပင်ပြုစုစောင့်ရှောက်ပုံ၊ ကော်ဖီသီးခူး ဆွတ်ပုံစနစ်ကျနမှု၊ ကော်ဖီစေ့ထုတ်လုပ်ပုံ နည်းစနစ်များ၊ ကော်ဖီစေ့အရည်အသွေးမြင့်ရန် အခြောက်ခံခြင်းနည်းစနစ် နှင့် ကော်ဖီစေ့လှော်ပြီး ကော်ဖီမှုန့်ထုတ်လုပ်ပုံနည်းပညာစသည် ဖြင့် အဆင့်ဆင့်ကိုင်တွယ်ပြုလုပ်ပုံ တစ်ဦးနှင့်တစ်ဦးကွာခြားနိုင်သလို ကော်ဖီထုတ်ကုန်၏ အရည်အသွေးသည်လည်း ဈေးကွက်ဈေးနှုန်းအရသုံးစွဲသည့်နယ်ပယ် ကွာခြားနိုင်ပါသည်။ ထုတ်လုပ်ရရှိသော ကော်ဖီစေ့များကို ရွေးချယ်သန့်စင်ပြီး အဆင့်လေးမျိုးခွဲခြား၍ အသုံးပြု ကြပါသည်။ ဈေးနှုန်းသည်လည်းကွာခြားချက်ရှိပါသည်။ ကော်ဖီစေ့များကို စံချိန်မမီသည့် ကော်ဖီ၊ သမားရိုးကျဈေးကွက်ဝင်ကော်ဖီ၊ ပရီမီယမ်ကော်ဖီနှင့် အထူးတန်းဝင်ကော်ဖီဟူ၍ လေးမျိုးခွဲခြားအသုံးပြုရောင်းဝယ်ကြပါသည်။ အရည်အသွေးနိမ့်သည့် ကော်ဖီစေ့လုံးပိန်/ လုံးညှပ်များ အပဲ့များကို အသင့်ဖျော်ကော်ဖီမှုန့်ထုပ်များ(သို့မဟုတ်) အသင့်သောက်ကော်ဖီဗူး ကဲ့သို့ စီမံဖျော်စပ်ထားသည့် ကော်ဖီထုတ်ကုန်များထုတ်လုပ်ရန် အရည်အသွေးမမီသည့် ကော်ဖီစေ့ကိုအသုံးပြုကြပါသည်။ သမားရိုးကျကော်ဖီ(သို့မဟုတ်) ဈေးကွက်ဝင်ကော်ဖီကို ထုတ်လုပ်မှုများဆုံးသန့်စင်ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ပုံသဏ္ဍာန်မျိုးစုံဖြင့်ရောင်းဝယ်ကြ ပါသည်။ ဈေးကွက်ဝင်ကော်ဖီ၏ဈေးနှုန်းကိုနယူးယောက်မြို့ရှိ နိုင်ငံတကာဈေးကွက်၏ပေါက် ဈေးဖြင့်စံပြုသတ်မှတ်ပါသည်။ ပရီမီယံကော်ဖီသည် သမားရိုးကျဈေးကွက်ဝင်ကော်ဖီကို အထူးသန့်စင်ရွေးချယ်ခြင်း၊ ကော်ဖီစေ့လှော်နည်းစနစ်ကို  အဆင့်မြှင့်တင်ထားခြင်း၊ ကော်ဖီ မှုန့်၏အရည်အသွေးအရသာကို အကြိမ်ကြိမ်စမ်းသပ် သုတေသနပြု၍ ကော်ဖီ၏အရည်အ‌ သွေးကို စနစ်တကျဖော်ဆောင်ထားသောကော်ဖီမျိုးကိုခေါ်ပါသည်။ အထူးတန်းဝင်ကော်ဖီဆို သည်မှာ ပရီမီယမ်အဆင့်ကော်ဖီကိုပင် စိုက်ပျိုးရာဒေသ၏ ရေ/မြေ/ရာသီဥတု ကော်ဖီပင်၏ မျိုးရင်း၊ကောင်းမွန်ထူးခြားသည့် ကော်ဖီ၏အရည်အသွေးနှင့်အရသာ အရည်အသွေး အဆင့် မြှင့်တင်ထားသည့် ထုတ်လုပ်ပုံနည်းစနစ်များကို မူတည်၍ဒေသဆိုင်ရာအညွှန်း ဟူသော မူပိုင်ခွင့်နှင့် ထင်ရှားသည့်ဝိသေသလက္ခဏာများကို စံပြုသတ်မှတ်ထားသည့် ကော်ဖီ ထုတ်ကုန်ဖြစ်ပါသည်။

 

          မြန်မာ့ကော်ဖီနှင့်ဒေသဆိုင်ရာအညွှန်း

          ဒေသဆိုင်ရာအညွှန်းဆိုသည်မှာ မူရင်းဒေသကိုအထူးဖော်ညွှန်းသောအရည်အသွေး၊ ထင်ပေါ်ကျော်ကြားမှု(သို့မဟုတ်) အခြားထူးခြားသောဝိသေသလက္ခဏာများပါရှိသည့် ကုန် ပစ္စည်းထွက်ရှိရာ နိုင်ငံ၊ နယ်မြေ(သို့မဟုတ်) ဒေသမှ မူလထွက်ရှိသောကုန်ပစ္စည်းဖြစ်ကြောင်း ညွှန်ကြားချက်တစ်ခုခုကိုဆိုပါသည်။ မြန်မာနိုင်ငံရှိဒေသဆိုင်ရာအညွှန်းဖြစ်လာနိုင်ခြေရှိသော ဒေသအလိုက်ထွက်ကုန်ပစ္စည်းများမှာ ရွှေဘိုဒေသပေါ်ဆန်းမွှေး(ဆန်)၊ ပုဂံဒေသ(ယွန်းထည်)၊ ရွာငံဒေသ(ကော်ဖီ)၊ ကျောက်ဆည်ဒေသ(စိန်တလုံးသရက်)၊ အရာတော်ဒေသ(သနပ်ခါး) စသည်တို့ဖြစ်ပါသည်။ ရွာငံဒေသကော်ဖီသည် ဒေသဆိုင်ရာအညွှန်း မူပိုင်ခွင့်အတွက် အလား အလာရှိသော ထုတ်ကုန်တစ်မျိုးအဖြစ်သာမက ရှမ်းပြည်နယ်၏စံပြဒေသထွက်ကုန်အဖြစ် အထူးထင်ရှားနေပါသည်။ ဒေသဆိုင်ရာအညွှန်းတစ်ခုအဖြစ် ရွာငံဒေသကော်ဖီသည် ထင်ရှား လာသဖြင့် ဒေသထွက်ကုန်၏ အရည်အသွေးကို ရေရှည်ထိန်းသိမ်းမြှင့်တင်ထားရန် လိုအပ် သလိုဒေသတွင်းရှိထုတ်လုပ်သူတောင်သူများနှင့် ရောင်းဝယ်ဖောက်ကားသူစီးပွားရေးသမား များ၏ လူမှုစီးပွားအခြေအနေများသည်လည်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေ သည်။ ကော်ဖီသောက်သုံးသူများ အထူးစိတ်ဝင်စားသည့် ပရီမီယမ်ကော်ဖီနှင့် အထူးတန်းဝင် ကော်ဖီများ ထုတ်လုပ်နိုင်ရန်ဒေသဆိုင်ရာအညွှန်းနှင့် ကိုက်ညီသည့် စံပြလုပ်ထုံးလုပ်နည်းများ လိုအပ်ပါသည်။ ဒေသဆိုင်ရာအညွှန်းမူပိုင်ခွင့်ကို ရေရှည်ထိန်းသိမ်းထားခြင်းဖြင့် မိမိတို့ဒေသ ၏ထွက်ကုန်သည် အရည်အသွေးရော အရေအတွက်ပါမြင့်မားလာမည်ဖြစ်ပါသည်။

          & ဒေသတစ်ခု၏ကော်ဖီထုတ်ကုန်သည် ဒေသဆိုင်ရာအညွှန်းမူပိုင်ခွင့်ရယူထားခြင်း ဖြင့် ဒေသဆိုင်ရာအညွှန်းပိုင်ရှင်ကခွင့်ပြုချက်မရှိဘဲ အခြားတောင်သူအသင်းအဖွဲ့များက ဒေသဆိုင်ရာအညွှန်းကို ၎င်းတို့ကုန်စည်အတွက်သုံးစွဲမှုကို တရားဥပဒေအရဟန့်တားအရေး ယူနိုင်ခြင်း။

          & ဒေသထွက်ကုန်များသည် ၎င်းဒေသ၏ဒေသဆိုင်ရာအညွှန်း၏ ရေမြေရာသီဥတုနှင့် ထူးခြားသည့်ဝိသေသလက္ခဏာများကြောင့် အရည်အသွေးမြင့်မားမှုထင်ပေါ်ကျော်ကြားလာ ပြီး ထုတ်ကုန်တန်ဖိုးမြင့်မားလာခြင်း အကျိုးကျေးဇူးများရရှိနိုင်ပါသည်။

          & ကော်ဖီထုတ်ကုန်၏ဒေသဆိုင်ရာအညွှန်းကို တရားဝင်မှတ်ပုံတင်ခွင့်ရရှိနိုင်ရန် လို အပ်သည့်အချက်အလက်များဖြစ်သည့် ကော်ဖီထုတ်လုပ်သူတောင်သူများ အသင်းအဖွဲ့အစုအ ဖွဲ့များဖွဲ့စည်းခြင်းကြောင့် တောင်သူများ လုပ်ငန်းရှင်များ ရင်းနှီးကျွမ်းဝင်စည်းလုံးလာခြင်းဟူ သောအကျိုးကျေးဇူးကိုရရှိပါသည်။

          & အသင်းအဖွဲ့ အစုအဖွဲ့အလိုက် ကော်ဖီနှင့်ပတ်သက်သည့် ကော်ဖီကွင်းဆက်တစ်ခု လုံးဖြစ်သည့် စိုက်ပျိုးနည်း၊ အပင်စောင့်ရှောက်နည်း၊ ကော်ဖီထုတ်လုပ်မှုသုတေသနလုပ်ငန်း စဉ်များ၊ ဈေးနှုန်းဈေးကွက်နှင့်အရောင်းမြှင့်တင်ရေးလုပ်ငန်းများ၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းအတွက် အခြေခံအဆောက်အအုံနှင့်အစီအမံများကို စုပေါင်းလေ့လာဆောင် ရွက်မှုပြုလုပ်ခြင်းဖြင့် ကော်ဖီထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံး ရေရှည် တည်တံ့တိုးတက်မည်ဖြစ်ပါသည်။

          ဒေသဆိုင်ရာအညွှန်း GI ကုန်ပစ္စည်းအဖြစ် ကော်ဖီထုတ်ကုန်ထုတ်လုပ်နိုင်ရန် အသေး စိတ်အချက်အလက်များကို စနစ်တကျရေးဆွဲမှတ်တမ်းတင်၍ အားသာချက်အားနည်းချက် များကို မှတ်တမ်းတင်ပြုစုထားရှိခြင်း၊ စနစ်တကျလိုက်နာဆောင်ရွက်ခြင်းကောင်းကျိုးများ ကြောင့်ကော်ဖီစိုက်တောင်သူများသည် အဆင့်မြင့် အော်ဂဲနစ်ဆိုင်ရာစိုက်ပျိုးနည်းအသိပညာ များနှင့် ပရီမီယမ်ကော်ဖီ၊ အထူးတန်းဝင်ကော်ဖီများတိုးတက်ထုတ်လုပ်နိုင်သည့် အကျိုးကျေး ဇူးများရရှိနိုင်ပါသည်။ မြန်မာ့ကော်ဖီထုတ်ကုန်သည် ကော်ဖီစိုက်ဧကကို ဈေးကွက်အရတိုးချဲ့ လာသော်လည်း ကော်ဖီစိုက်ဒေသများအားလုံးသို့ အဆင့်မြင့်နည်းပညာများ အထောက်အကူ ပြုပစ္စည်းများပံ့ပိုးနိုင်မှုအားနည်းခြင်းနှင့် လမ်းပမ်းဆက်သွယ်မှု အခက်အခဲများကြောင့် ထွက်ရှိသည့် ကော်ဖီအထွက်နှုန်းသည် ပရီမီယမ်ကော်ဖီနှင့် အထူးတန်းဝင်ကော်ဖီ အဆင့်    အတန်းသို့ရောက်ရှိရန်ကြီးမားသောစိန်ခေါ်မှုအဖြစ်ရှိနေပေသည်။ ဒေသဆိုင်ရာ အညွှန်း မူပိုင်ခွင့် နှင့်ကိုက်ညီသော ကုန်စည်များကို စဉ်ဆက်မပြတ်ထုတ်လုပ်ခြင်းဖြင့် -

          (က)    ဒေသထွက်ကုန်အရည်အသွေးကိုထိန်းသိမ်းထားနိုင်ခြင်း။

          (ခ)     ဒေသတွင်းရှိအခွင်းအရေးရှိသူများကိုလုံခြုံစေခြင်း။

          (ဂ)     ဒေသဆိုင်ရာ အညွှန်းထုတ်ကုန်၏ဈေးနှုန်းသည် ပရီမီယမ်သို့ဦးတည်နိုင်ခြင်း

(ဃ)    ကျေးလက်ဒေသကော်ဖီစိုက်တောင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ  အလုပ်အကိုင်နှင့်ဝင်ငွေရရှိမှုခိုင်မာစေခြင်း။

(င)     ဒေသစီးပွားရေးဖွံ့ဖြိုးမှုအတွက် MSME လုပ်ငန်းများတိုးတက်လာပြီး ပူးပေါင်းဆောင်ရွက်မှုအလေ့အကျင့်ကောင်း များရရှိစေခြင်း။

(စ)     ဒေသဆိုင်ရာအညွှန်းကုန်စည်များကိုဖွံ့ဖြိုးစေခြင်းဖြင့် ဒေသပုံရိပ်၊ နိုင်ငံပုံရိပ် တိုးတက်ကာ နိုင်ငံအကျိုးစီးပွားကို မြှင့်တင်စေနိုင်မည်ဖြစ်ပါသည်။

ဒေသဆိုင်ရာအညွှန်း၏အကျိုးကျေးဇူးကြောင့် ရွာငံဒေသ(ကော်ဖီ)ထူးခြားထင်ရှား လာသလိုမြန်မာနိုင်ငံ၏ သီးခြားကော်ဖီစိုက်ဒေသများသည်လည်း ဒေသဆိုင်ရာအညွှန်းနှင့် ကိုက်ညီသည့်ပူးပေါင်းဆောင်ရွက်မှု စည်းလုံးညီညွတ်မှုအသင်းအဖွဲ့အစုအဖွဲ့များ ချိတ်ဆက် ဆောင်ရွက်မှုများဖြင့် တန်ဖိုးမြှင့်ကော်ဖီကွင်းဆက်ကို တည်ထောင်သင့်ပါသည်။

          မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးရေးအလားအလာ

          မြန်မာ့ကော်ဖီသီးနှံသည် ပြည်တွင်းပြည်ပဈေးနှုန်းဈေးကွက် ပိုမိုတိုးမြင့်ရန်အတွက် အရေအတွက်နှင့် အရည်အချင်းပါဖြည့်တင်းရန်လိုအပ်လှပေသည်။ မြန်မာနိုင်ငံသည်သဘာဝ ရေမြေရာသီဥတုကောင်းမွန်မှု၊ တောင်တန်းဒေသများ၏မြေဆီလွှာအရည်အသွေးမြင့်မားမှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရန်သင့်လျော်သည့် မြေဧကများစွာရှိနေသေးခြင်းစိုက်ပျိုးရာဒေသ များ၏ သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှုနှင့် နေထိုင်သည့်တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များကြွယ်ဝမှု၊ မြန်မာ့ကော်ဖီ၏အရည်အသွေးမြင့်မားမှုနှင့် ထူးရှားသောအရသာ တို့ကြောင့် (Specialty Coffee) ထုတ်လုပ်ရေးနှင့် ကော်ဖီအခြေပြုခရီးသွားလုပ်ငန်း (Coffee Based Tourism)ဖွံ့ဖြိုးရေးအတွက်အလားအလာကောင်းသောနိုင်ငံတစ်ခုဖြစ်ပါသည်။အရည် အသွေးမြင့်မားသည့် အထူးတန်းဝင်ကော်ဖီထုတ်လုပ်မှု ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံကို အရှေ့တိုင်း၏ပနားမား(Oriental Panama) ဟုတင်စားခေါ်ဝေါ်ကြပါသည်။မြန်မာ့ကော်ဖီ ထုတ်လုပ်မှုသည် တိုးတက်လာသော်လည်းစာရင်းဇယားများအရ အတက်အကျများသည်ကို‌ လေ့လာသိရှိရပါသည်။ မြန်မာနိုင်ငံ၏အထူးတန်းဝင်ကော်ဖီကို ကော်ဖီသောက်သုံးမှုနှုန်းမြင့် မားပြီး အထူးတန်းဝင်ကော်ဖီများ ဈေးကွက်လိုအပ်ချက်မြင့်မားသော ဂျာမနီဈေးကွက်၊ ဂျပန် ဈေးကွက်နှင့် ထိုင်းဈေးကွက်များသို့တိုးမြှင့်တင်ပို့နိုင်ရန် ထိုနိုင်ငံများ၏သက်ဆိုင်ရာ စည်းကမ်းသက်မှတ်ချက်များ၊လုပ်ထုံးလုပ်နည်းများအား စဉ်ဆက်မပြတ်လေ့လာသုံးသပ်ခြင်း ပြန်လည်စမ်းစစ်ခြင်း “Coffee Fair & Exhibition”ပါဝင်ပြသခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

          မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ဧကများကို ဧကသုံးသိန်းပြည့် သည်အထိ ကော်ဖီစိုက်ဧက ကော်ဖီစိုက်ခင်းများကိုတရားဝင်းမြေယာမှတ်ပုံတင်ခြင်း၊ စနစ် တကျခွဲဝေပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုရေရှည်တည်တံ့ခိုင်မြဲပြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းကွင်းဆက်တစ်ခုလုံးကိုကော်ဖီစိုက် တောင်သူစီးပွားရေးလုပ်ငန်းရှင် နှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများဟန်ချက်ညီညီဆောင်ရွက်သင့်ပါသည်။ ဈေးကွက်ဝင် မြန်မာ ပရီမီယမ်နှင့် အထူး တန်းဝင်ကော်ဖီထုတ်လုပ်နိုင်ရန် ကော်ဖီပင်စိုက်ပျိုးသည်မှ ဈေးကွက် ရောက်သည်အထိ ကွင်းဆက်တစ်ခုလုံးကိုအဆင့်မြင့်နည်းပညာများ ဈေးကွက်ဝင်ကော်ဖီများ ထုတ်လုပ်နိုင်ရန် ပံ့ပိုးမှုအထောက်အကူပြုပစ္စည်းများ Public Private Partener Ship-PPP ပုံစံဖြင့် တက်ညီ လက်ညီဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ မြန်မာ့ကော်ဖီသီးနှံ၏ ထူးခြားသည့်ဝိသေသ လက္ခဏာများအရည်အသွေးနှင့်အရသာတို့ကြောင့် နိုင်ငံတကာကော်ဖီ ဈေးကွက်တွင် အထူး ထင်ရှားနေပါသည်။ဈေးကွက်ဝယ်လိုမှုမြင့်မားသော အလားအလာ ရှိသည့်ကုန်သွယ်ဖက်နိုင်ငံ များ၏ လိုလားချက်များကိုထိန်းသိမ်းပြီး အထူးတန်းဝင် ကော်ဖီ များထုတ်လုပ်ကာ ကော်ဖီ အခြေပြုခရီးသွားကဏ္ဍနှင့် ဒေသဆိုင်ရာအညွှန်းကိန်းများကို တစ်စတစ်စတိုးပွားအောင်ကော်ဖီလုပ်ငန်းကဏ္ဍကွင်းဆက်တစ်ခုလုံးဟန်ချက်ညီညီ ကြိုးပမ်း ကြပါစို့ဟုတိုက်တွန်းရေးသားရပေသည်။

DOCA(ရှမ်း)