သရက်သီး၏ ကျန်းမာရေးဆေးစွမ်းတစ်လက်

Powered by Drupal
Mon, 07/27/2026 - 10:35 -- consumer_admin

 

          အနံ့အရသာနှင့်ပြည့်စုံသော သရက်သီးသည် အပူပိုင်းဒေသ၏ နာမည်ကျော်အသီး တစ်မျိုးဖြစ်သည်။ သရက်ပင်၏ မူရင်းပေါက်ရောက်ရာဒေသသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အာသံ ပြည်နယ်၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ သရက်ပင်သည် အမြင့်ပေ ၁၁၅ ပေမှ ၁၃၁ ပေ အထိရှိနိုင်ပြီး အပူပိုင်းဒေသ အမြဲစိမ်းသစ်ပင်ဖြစ်သည်။ နှစ်ရှည်ပင်မျိုးဖြစ်ပြီး နှစ် ၃၀၀ ကျော်သည်အထိ အသီးသီးနေသော အပင် ရှိခဲ့ဖူးသည်။ သရက်ပင်၏အရွက်သည် နုနေစဉ်အခါတွင် ပန်းနုရောင်သမ်း၍ လိမ္မော်ရောင်ရှိပြီး တဖြည်းဖြည်းအနီရောင်နောက်ပိုင်းတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲသွားသည်။ အရွက်များသည် အမြဲစိမ်းလန်းနေတက်သည်။ သရက်ပင်အမျိုးပေါင်း ၄၀၀ ကျော်ရှိပြီးအများစု မှာ နွေရာသီတွင် အသီးသီးပြီး တစ်ချို့သရက် မျိုးများမှာ တစ်နှစ်လျှင် နှစ်ခါအသီးသီးကြသည်။

          မြန်မာနိုင်ငံတွင် သရက်မျိုးကောင်းများစွာရှိပါသည်။ ကမ္ဘာပေါ်တွင် သရက်သီးမျိုး စိတ်ပေါင်း ၄၀၀ ကျော်ရှိသည့်အနက် မြန်မာနိုင်ငံတွင် အစိုက်အများဆုံး သရက်မျိုးများမှာ စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ ရင်ကွဲနှင့် မချစ်စု သရက်မျိုးတို့ဖြစ်ကြသည်။ အချို့သရက်မျိုးသည် နိုင်ငံတစ်ဝန်းလုံး၌ ကျော်ကြားထင်ရှားသော အမျိုးအစားဖြစ်သော်လည်း အချို့သရက်မျိုးများမှာမူ ဆိုင်ရာနယ်ပယ်၌သာ ကျော်ကြားကြသည်။ မြန်မာနိုင်ငံအထက်ပိုင်း တွင် ရာဇာမတ်၊ အောင်ဒင်နှင့် ပလူအိုက်တို့ဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းတွင် မချစ်စုနှင့် ပန်းဆွဲသရက်သီးတို့က နေရာယူထားကြသည်။ သရက်သီး၏အရသာသည် ချိုချဉ်အရသာရှိ၍ ခံတွင်းမြိန်စေပါသည်။ သရက်သီး၏ ပုံပန်းသွင်ပြင်သည် ဘဲဥပုံသဏ္ဍာန် (သို့မဟုတ် ) လုံးဝန်း သောပုံသဏ္ဍာန်ရှိ၍ သရက်မျိုးစေ့များ အလိုက် ပုံသဏ္ဍာန်ကွဲပြားနိုင်ကြသည်။ သရက်သီးသည် မမှည့်ခင်ကာလနှင့်မှည့်ပြီကာလသည် အလွန်ကွဲပြားခြားနားသည်။ မမှည့်ခင်အစိမ်း ကာလတွင် သရက်သီး၏ အပြင်အခွံသည် အစိမ်း ရောင်ရှိ၍ အနည်းငယ်မာကျောတက်ပြီး အတွင်းသား၏ အရောင်သည်အဖြူရောင် (သို့မဟုတ်) နို့နှစ်ရောင်သန်းကား ကြွတ်ဆတ်၍စားကောင်းသည်။ မှည့်သောအခါတွင် အပြင်အခွံသည် ပျော့ပြောင်း၍ပါးလွှာကာ ခွာရလွယ်ကူပြီး အတွင်းသားသည် အဝါရောင်ရှိပြီး နုညံ့ပျော့ပြောင်း၍ အရည်ရွှမ်းကာချိုမြသောအရာသာရှိသည်။

    သရက်သီးသည် အာဟာရဓာတ်များစွာပါဝင်သော အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိသလို၊ အချို့အခြေအနေများတွင် သတိထားသင့်သော အချက်များ လည်းရှိပါသည်။ သရက်သီးတွင် ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်(Dietary Fiber )၊ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင်K ၊ ဖောလိတ်(ဗီတာမင် B9)၊ မဂ္ဂနီဆီယမ် ၊ ကြေးနီ(Copper)၊ အန်ဒီအောက်ဆီးဒင့်များ အစရှိသောဗီတာမင်များပါသည်။ ပါဝင်သည့် အာဟာရပမာဏသည် သရက်သီးအမျိုးအစားနှင့် မှည့်နှုန်းပေါ်မူတည်၍ အနည်းငယ်ကွာခြားနိုင်ပါသည်။ ဗီတာမင် C၊ Pectin ၊ မဂ္ဂနီဆီယမ် နှင့် အမျှင်ဓာတ် ပါဝင်မှုများပြားသောကြောင့် ကြွက်သားနှင့် အာရုံကြော လုပ်ဆောင်မှုကို အထောက်အကူပြု၍ ခံနိုင်ရည်ရှိမှုကိုတိုးတက်စေပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးတွင်း ကိုလတ် စထ‌ရောပါဝင်မှုကို လျော့နည်းစေပါသည်။ သွေးလည်ပတ်မှုကို ပုံမှန်အတိုင်း ထိန်းချုပ်ပေးနိုင်သော ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် နှလုံးသွေး‌ကြော ဆိုင်ရာရောဂါများကို ထိန်းချုပ်ပေးနိုင်ပြီး သွေးပေါင်ချိန်ကိုမှန်စေပါသည်။ အမျှင်ဓာတ် (fiber) ပါဝင်သောကြောင့် အစာချေဖျက်မှု အားကောင်း၍ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်ဝိတ်ထိန်းလိုသူ များအတွက်လည်း အထူးကောင်းမွန်စေပါသည်။ ဗီတာမင် A နှင့် ဘီတာ ကာရိုတင်း ပါဝင်သောကြောင့် မျက်စိကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ရုံသာမက ဗီတာမင် C နှင့် ရေဓာတ်ပါ ဝင်သောကြောင့်  အသားအရေကျန်းမာရေးနှင့်ဆိုင်သော ကော်လဂျင်ဖွဲ့စည်းမှုကို  အထောက်အကူပြု၍ ရေဓာတ်ကိုဖြည့်တင်ပေးပြီး အသားအရည်ကို စိုပြေစေပါသည်။

     အချုပ်အားဖြင့်ဆိုသော် သရက်သီးတွင် သဘာဝသကြားဓာတ် ပါဝင်မှုမနည်းသော ကြောင့် အလွန်အကျွံစားသုံးခြင်းထက် သင့်တင့်မျှတသောပမာဖြင့် စားသုံးခြင်းက လူကြီးများ အတွက် ကျန်းမားရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများ အနေဖြင့် သရက်သီးစားသုံးမှုပမာဏကို ဂရုစိုက်သင့်သည်။ ထို့ကြောင့် သီးနှံများ၏ ဘုရင်အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသော သရက်သီးတွင် အရသာရှိရုံသာမက ကျန်းမာရေးအကျိုးကျေးဇူး များစွာကိုလည်း ခံစားရစေနိုင်ပါသည်။

DOCA(ကယား)