ရာသီပေါ် “ဒညင်းသီး”

Powered by Drupal
Thu, 07/23/2026 - 14:40 -- consumer_admin

          ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်းထူထပ်ပြီး ရာသီဥတုအေးမြ စိုစွတ်သောကြောင့် ဒညင်းပင်များ ကောင်းမွန်စွာ ဖြစ်ထွန်းရန် သင့်လျော်ပါသည်။ ဖရူဆိုမြို့၊ ဒီမော့ဆိုမြို့၊ လောပိတမြို့နှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်ရှိ တောင်ပေါ်ကျေးရွာများတွင် အများဆုံးထွက်ရှိပါသည်။အထူးသဖြင့် ဖရူဆိုမြို့နယ်မှ ထွက်ရှိသော ဒညင်းသီးသည် အသားကျစ်ပြီး အရည်အသွေးကောင်းမွန်သောကြောင့် ဒေသတွင်းနာမည်ကြီးပါသည်။မိုးဦးကျအချိန်တွင်း စိုက်ပျိုးခြင်းဖြင့် သဘာဝမိုးရေကို အပြည့်အဝရရှိပြီး အမြစ်တွယ် မြန်စေကာ အပင်ရှင်သန်နှုန်း အလွန်မြင့်မားစေပါသည်။ဒညင်းပင်သည် အပင်ကြီးမျိုးဖြစ် သည့်အတွက် တစ်ပင်နှင့်တစ်ပင် အနည်းဆုံး ၂၅ ပေမှ ပေ၃၀ပတ်လည် အကွာအဝေးထားရှိပြီး စိုက်ပျိုး ကြသည်။ဒညင်းပင်ကို ပျိုးပင်ပေါက်ဖြင့် ပျိုးထောင်၍သော်လည်းကောင်း၊ ကိုင်းကူးစနစ် ဖြစ်သော် လည်းကောင်း စိုက်ပျိုးကြပါသည်။ကယားပြည်နယ်တွင် ဒညင်းသီးပင်ကို စိုက်ပျိုးရာတွင် အစေ့မှပျိုး ထောင်ထားသော ပျိုးပင်ငယ်များဖြင့်သာ အဓိကစိုက်ပျိုးကြပြီး ကိုင်းကူးနည်းစနစ်ဖြင့် စိုက်ပျိုးမှုမှာ အလွန်နည်းပါးပါသည်။မိုးမကျခင် ဧပြီလ(သို့မဟုတ်)မေလ အစောပိုင်းစိုက်ပျိုးမည့် မြေနေရာတွင် စိုက် ကျင်းများကြိုတူးထားရပါမည်။မိုးမှန်မှန်စတင်ရွာသွန်းသည့် ဇွန်လတွင်ပျိုးသက် (၂)လခွဲဝန်းကျင်ရှိသည့် ဒညင်းပျိုးပင်များကို ပြင်ဆင်ထားသည့် စိုက်ကျင်းများတွင် ရွှေ့ပြောင်းစိုက်ပျိုးကြပါသည်။ကယား ပြည်နယ်တွင် ဒညင်းပင်ကို လယ်ယာမြေများတွင် ဧကကွက်ရိုက်ပြီး စီးပွားဖြစ် စိုက်ပျိုးမှုထက် တောင် ယာ ခြံဝန်း၊ သဘာဝတောတောင်များတွင်သာမက မိမိတို့၏အိမ်ခြံဝန်းငယ်များအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ မိသားစုအတွက်ရာသီစာသီးနှံရသည့်အပြင် ခြံဝန်းအတွင်း အရိပ်အာဝါသ ကောင်းစွာရရှိ ပါသည်။ဒညင်းသီးသည် မြန်မာလူမျိုးအများစု ကြိုက်နှစ်သက်ကြသော အသီးတစ်မျိုးဖြစ်ပြီး ပြုတ်၍ ဖြစ်စေ၊ဆားရည်စိမ်၍ဖြစ်စေ၊ ငပိရည်ဖြင့်တွဲဖက်၍ဖြစ်စေ စားသုံးကြပါသည်။ထို့ပြင်ဒညင်းသီးကို ပြုတ် ပြီး ထောင်း၍အုန်းနို့စမ်းကာ ဒညင်းသီးအုန်းနို့စမ်းပြုလုပ်၍လည်း ရောင်းချကြပါသည်။ဒညင်းသီးသည် အနည်းငယ် ခါးစပ်စပ်အရသာရှိသော်လည်း နှမ်းလှော်(သို့မဟုတ်) အခွံမာသီးကဲ့သို့ စိမ့်သောအရသာ လည်းရှိသည်။ဒညင်းသီးတွင် ဒညင်းအက်ဆစ်(Djenkolic acid)ဟုခေါ်သော အဆိပ်အတောက် ဖြစ်စေ သည့် ဓာတ်တစ်မျိုးပါဝင်သည့်အတွက် အလွန်အကျွံစားသုံးပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးလမ်း ကြောင်းပိတ်ခြင်းစသည့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။ဒညင်းပင်သည် စိုက်ပျိုးသည့် နည်းစနစ်ပေါ် မူတည်ကာ အသီးစတင်သီးသည့် အချိန်ကွာခြားပါသည်။အစေ့ဖြင့် တိုက်ရိုက်စိုက်ပျိုး သည့်အပင်များသည် ဖွံ့ဖြိုးရန်အချိန်လိုအပ်သည့်အတွက် အသီးသီးသည့် သက်တမ်းပိုကြာမြင့်တတ်ပါ သည်။မိခင်ပင်မအပင်မှ ကိုင်းကူးထားသည့် ကိုင်းဆက်အပင်များသည့် အပင်သက်တမ်းတိုတိုနှင့် အသီးသီးကြပါသည်။ကိုင်းဆက်အပင်များသည် စိုက်ပျိုးပြီး ၃နှစ် မှ ၄နှစ်အတွင်း အသီးသီးကြပါသည်။ဒညင်း ပင်သည် အပင်သက်တမ်း ၁၀ နှစ်ဝန်းကျင်တွင် အသီးအပြည့်အဝ ထွက်ရှိသည့်အတွက် အသီးရာနဲ့ချီခူး ဆွတ်နိုင်ပါသည်။နှစ်ရှည်ပင်ဖြစ်သည့်အတွက် မိသားစုစားဝတ်နေရေးကို တစ်နိုင်တစ်ပိုင် အထောက် အပံ့များစွာ ရရှိစေပါသည်။ဒညင်းသီးဈေးနှုန်းသည် ရာသီဥတု၊ဝယ်လိုအားနှင့်ရောင်းချသည့် ဒေသပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါသည်။ပုံမှန်အားဖြင့် ဒညင်းသီးပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးမြင့် မားတတ်ပြီး လှိုင်လှိုင်ထွက်ရှိချိန်တွင် ဈေးပြန်ကျလေ့ရှိပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိ မင်္ဂလာဈေးတွင် ဒညင်းသီး အလုံးကြီး တစ်လုံးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်ထိရှိတတ်ပြီး အလုံးအနည်း ငယ်သေးလျှင် တစ်လုံး ၁၀၀ ကျပ်မှ ၁၅၀ ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

DOCA(ကယား)