
သနပ်ခါး”ဟူသောဝေါဟာရသည် ပါဠိဘာသာစကား “သနပ်ခါး”မှ ဆင်းသက်လာပြီး “သန” (အညစ် အကြေး)နှင့် “ခါး” (ပယ်ဖျောက်ခြင်း)ဟု အဓိပ္ပာယ်ရသည်။မြန်မာနိုင်ငံသူ နိုင်ငံသားများ သည် သနပ်ခါးကို အစောဆုံး အေဒီ ၅ ရာစုခန့် ပုဂံခေတ်တွင် စတင်အသုံးပြုခဲ့ကြကြောင်း နံရံဆေးရေးပန်းချီ အထောက် အထားများအရ လေ့လာသိရသည်။ ထိုမှတဆင့် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်း ခေတ်၊ ကုန်းဘောင်ခေတ်မှသည် ယနေ့မျက်မှောက်ခေတ် ထိအောင် ခေတ်အဆက်ဆက် သုံးစွဲလာကြသည်။ သနပ်ခါးလိမ်းကျံသည့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကျား၊ မ မခွဲဘဲ လူတန်းစား ပေါင်းစုံ နှစ်ခြိုက်စွာအသုံးပြုလျက်ရှိကြသည်။
နှစ်လိုဖွယ်ကောင်းသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုသားပြတိုက်ဦးစီးဌာနက ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် သနပ်ခါးကို ကျောက်ပျဉ်နှင့် သွေးပြီးလိမ်းရသည့် ဓလေ့အား ကမ္ဘာ့အမွေအနှစ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၏ ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်တစ်ခု ဖြစ်လာသကဲ့သို့ မြန်မာ့သနပ်ခါးသည်လည်း ဒုတိယမြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ် ကျေးမှု အမွေအနှစ်ဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းနေခြင်းဖြစ်သည်။
သနပ်ခါးသည် မြန်မာအမျိုးသမီးများ အစဉ်အဆက်သုံးစွဲခဲ့ကြသည့် ရိုးရာအလှပြင်ပစ္စည်း တစ်မျိုး ဖြစ်ပြီး မြန်မာအမျိုးသမီးများ၏ မူပိုင်ဖြစ်သည်။ အမျိုးသားတစ်ချို့ကပါ သနပ်ခါးကို နှစ်သက်စွာလိမ်းကြသည်။ ဘိုးဘေးဘီဘင်ကစ၍ ၂၁ ရာစုတိုင် ခေတ်များမည်မျှပြောင်းပြောင်း သနပ်ခါးသည် မြန်မာ့ရိုးရာ အလှကုန်ပစ္စည်းအဖြစ် ကမ္ဘာက အသိအမှတ်ပြု လက်ခံနေသည်။
မြန်မာနိုင်ငံ၏ သနပ်ခါးအမျိုးစားထဲတွင် ရှင်မတောင်သနပ်ခါးနှင့် ရွှေဘိုသနပ်ခါးတို့သည် နာမည် ကြီးလှပေသည်။ သနပ်ခါးနှင့် ဓာတ်မတည့်သူ မရှိသလောက်ရှားသည်။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ မျက်နှာပြင်တွင် အတွေ့ရများပါသည်။ ရှေးမြန်မာ အညာကျေးလက်တောသူလေး များ၏ ဓလေ့တစ်ခုရှိပါသည်။ သနပ်ခါးကို လက်ကလေးဖြင့် သပ်ယူကာ နဖူးပေါ်ကိုတင်၍ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ညာဘက်ပါးပေါ်တင်ကာ ဓမ္မံသရဏံဂစ္ဆာမိ၊ ဘယ်ဘက်ပါးပေါ်တင်ကာ သံဃံသရ ဏံဂစ္ဆာမိဟုဆိုကာ သနပ်ခါး လိမ်းရင်း သရဏဂုံ တည်ဆောက်ကြသည်။ “မိုးလင်းတာနဲ့ မျက်နှာ ပေါ်မှာ သနပ်ခါးလေးရှိမှ ကျက်သရေ ရှိတာ”၊ “မြန်မာမိန်းကလေးတိုင်း သနပ်ခါးကို မြတ်မြတ်နိုးနိုး လိမ်းကြတယ်”၊ “မြန်မာမိန်းကလေးတွေရဲ့ အသားအရေလှတာဟာ သနပ်ခါးကြောင့်ပေါ့”၊ “သနပ်ခါးလူးထားရင် လူကလန်းဆန်းနေတယ်”၊ “သနပ်ခါးနံ့က စိတ်ကြည်သောကြောင့် သနပ်ခါးကိုအမြဲလူးတယ်”စသည်ဖြင့် သနပ်ခါးလူး လေ့ရှိသူအများစုက သနပ်ခါးကောင်းကြောင်း အမွှမ်းတင်ပြောသည့် စကားသံများကို အမြဲလိုလို ကြားရသည်။
ဓာတုဆေးဝါးများကင်းသော မြန်မာ့သနပ်ခါး
အလှကုန်ပစ္စည်းအများစုသည် တားမြစ်ဓာတုဆေးဝါးများဖြင့် ပြုပြင်ဖော်စပ်ထားသည်။ သုံးစွဲသူ များကို ဘေးဥပဒ်ဖြစ်စေသော အသားဖြူခရင်(မ်)များကို လိမ်းမည့်အစား ရှေးထုံးမပျက် မြန်မာ့ရိုးရာ သနပ်ခါးအေးအေးမွှေးမွှေးလေးကို ကိုယ်တိုင်သွေးလိမ်းပြီး အလှဆင်သင့်သည်။ သုတေသီများက သနပ်ခါး အခေါက်တွင်ပါရှိသော ဓာတ်ပစ္စည်းများကို အသေးစိတ်လေ့လာခဲ့ကြရာ သနပ်ခါးမှာ antioxidant (ခေါ်) ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ပါရှိနေသည့်အပြင် အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်ပစ္စည်းများ၊ ဗက်တီးရီး ယားများကို သေစေသော ဓာတ်များနှင့် အရေပြားအရောင်ကို အပြောင်းအလဲ ဖြစ်စေသော ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပေးနိုင်သည့် ဓာတ်ပစ္စည်းများလည်း သဘာဝအလျောက်ပါရှိ နေကြောင်း လေ့လာတွေ့ရှိထားကြသည်။ သနပ်ခါးသည် နေပူဒဏ်၊ နေလောင် ခြင်းဖြစ်စေသည့် အဆင့်မြင့်ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ထားနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်ကြီးများက အကြံပြုထားသည်။
အလားအလာကောင်းသော မြန်မာ့သနပ်ခါး
မြန်မာ့သနပ်ခါးကို အသင့်လိမ်း၍ရသည့်အဆင့်အထိ အချောထည်ပြုလုပ်ကာ အာဆီယံနိုင် ငံများ ဖြစ်ကြသော ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်း မြန်မာ့သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့ သနပ်ခါးသည် ပြည်တွင်းဈေးကွက်၌ ရောင်းအားပုံမှန်ရှိပြီး ပြည်ပဈေးကွက်သို့ အကြမ်းထည် အဖြစ် တင်ပို့၍ မရသည့်အတွက် လိမ်း၍ရသည့်အဆင့်အထိ အချောထည်ထုတ်လုပ်ကာ ခရင် (မ်) ပုံစံမျိုး ပြုလုပ် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း၌ သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း အရာတော်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ခန့်မှန်းစိုက်ဧက သုံးသိန်းဝန်းကျင်ခန့် ရှိကြောင်းနှင့် သနပ်ခါး ပင်များသည် ခြောက်နှစ်မှ ခုနစ်နှစ်အတွင်း ဈေးကွက်သို့ စတင်ဝင်ရောက်ပြီး သားတက်သနပ်ခါးခင်းများကို အပင်သက်တမ်းငါးနှစ်မှ ခြောက်နှစ်အတွင်း စတင်ရောင်းချနိုင်ကာ အရည်အသွေးအကောင်းဆုံး သနပ်ခါးပင်တစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ် ကြာမြင့်ကြောင်း လေ့လာသိရသည်။
သနပ်ခါးတုံးကောင်းကောင်း ရွေးချယ်နည်း
သနပ်ခါးပင်၏ တန်ဖိုးသည် အခေါက်နှင့်အပွေးဖြစ်သည်။ “အပွေးမြင် အပင်သိ” ဟူသော ဆိုရိုး စကားရှိလေသည်။ အပင်အမြင့် မည်မျှရှည်စေကာမူ အပွေးမကောင်းပါက ရနံ့မမွှေးတတ်သလို တာရှည်လည်း အသွေးမခံတော့ပေ။ အပင်တုတ်ခိုင်ခြင်း မတုတ်ခိုင်ခြင်းထက်၊ အပွေး၏ အရောင် အသွေးနှင့် သူ၏အထူကိုကြည့်ပါ။ သနပ်ခါးအပွေးများမှာ ကြေးနီရောင်အပွေး၊ ဥသျှစ်ပွေး၊ ဂုံးပွေးဟူ၍ သုံးမျိုးရှိရာ ကြေးနီရောင်အပွေးမှာ လက်ချောင်းကလေးများလို အခေါက်များ အမြောင်းလိုက်ကြွနေပြီး အပွေးမှာမာကျော၍ ကြေးနီရောင် သို့မဟုတ် ပုစွန်ဆီရောင်ရှိသည့် ပထမတန်းစားအပွေးဖြစ်သည်။ ဥသျှစ်မှည့်ခြောက်ရောင် အပွေးခေါက်မှာပြားကပ်ပြီး အပွေးအသင့် အတင့်ထူ၍၊ ဂုံးပွေးမှာ အဖြူရောင် အခေါက်ပါး၊ အပွေးလည်းပါးပြီး ပွယောင်းသော အညံ့စား သနပ်ခါးဖြစ်သည်။ လက်သည်းဖြင့် အပွေးကို အသာဖိဆိတ်ကြည့်ပါ၊ လက်သည်းနစ်ဝင် သွားပါက အခေါက်သားနု၍ မဝယ်ပါနှင့်။ လက်ဖြင့် ကိုင်ဆ ကြည့်ပါက ပေါ့လွန်းနေလျှင် ပြန်ချထားလိုက်ပါ။ ယင်းအတုံးသည် အသားကျစ်မှုနည်းခြင်း၊ ခုတ်ဖြတ်ထားသည့် အချိန်ကာလကြာနေခြင်းတို့ကြောင့် အတွင်းမှရေဓာတ်ခန်းသွားပြီး အလေးချိန် ပေါ့နေခြင်းဖြစ် သည်။
သက်တမ်းရင့်အပင်သည် အသားကျစ်သိပ်မှုကြောင့် ရေငွေ့ပျံနှုန်းနှေးကာ အခြားအပင် များထက် ပိုမိုလေးတစ်နေပါသည်။ ဖြတ်ထားကာစ သနပ်ခါးတုံး၏ အတွင်းသားမှာ စွဲမက်စရာ ချိုသင်းသောအနံ့ ကလေးဖြစ်သည်။ သို့မဟုတ်ဘဲ ချဉ်စူးစူး အနံ့ရနေလျှင် မှိုစွဲနေပြီဟုမှတ်ယူ ကြောင်း၊ သနပ်ခါးတုံး၏ ထိပ်ဝရှိ အခေါက်နှင့် အတုံးသားအကြားမှာ ပြာမှိုင်းမှိုင်း အရောင်ဝင်နေပြီ ဆိုပါက မှိုတက်နေပါသည်။ အလယ်က အသားနေရာမှာပါ ပြာနေပြီဆိုပါက ယင်းသည် သေနေသော သနပ်ခါးပင်ခြောက်ကို ခုတ်လာခဲ့ခြင်းဖြစ်၍ ကိုင်ကြည့်ရုံဖြင့် ပေါ့ရွှတ်နေပါလိမ့်မည်။
သတိပြုရန်
သဘာဝသနပ်ခါးအတုံးစစ်စစ်များရှိကြသလို၊ လွယ်ကူမြန်ဆန် အသုံးပြုနိုင်ရန်အတွက် ကြိတ်ပြီးသား အသင့်သုံးသနပ်ခါးများကို တာရှည်ခံအောင်ပြုလုပ်၍ သနပ်ခါးအရည်၊ အနှစ်စသည် ဖြင့် ဘူး၊ ပုလင်း တို့ဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။ ယင်းအသင့်သုံး သနပ်ခါးဘူးနှင့် ပုလင်းများတွင် တာရှည်ခံ စေရန်နှင့် အခြားအမွှေးအနံ့ပစ္စည်းများ ပါဝင်နေသောကြောင့် လူတချို့မှာ ဓာတ်မတည့်မှုများ ဖြစ်စေ နိုင်ပါသည်။ သို့သော် ဈေးကွက်ထဲမှာ စံချိန်စံနှုန်းပြည့် အသိအမှတ်ပြု သနပ်ခါးဘူး၊ ပုလင်းများရှိကြရာ မိမိအသားအရေနှင့် ဓာတ်တည့်သော အသင့်လိမ်းသနပ်ခါးဘူး များကို ရွေးချယ်အသုံးပြုသင့်ပါသည်။ မြတ်နိုးဖွယ်ကောင်းသည့် မြန်မာ့သနပ်ခါးအား ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတော်မှ တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ် အထူးတလည်သတ်မှတ် လိုက်သည့်အတွက် သနပ်ခါးကြိုက်သော စာရေးသူ တို့က လွန်စွာဝမ်းသာပီတိ ဖြစ်ရပါသည်။ သနပ်ခါးစိုက်ဒေသ ငါးမြို့ဖြစ်သော အရာတော်၊ ရေစကြို၊ မြိုင်၊ ရွှေဘိုနှင့် ပေါက်မြို့များတွင် တပို့တွဲလပြည့်ညတွင် မြို့အလိုက် ဘုရားများ၌သနပ်ခါးမီးပူဇော်ခြင်း (သနပ်ခါးဖြင့် အနွေးဓာတ် ပူဇော်ခြင်း) နှင့်အတူ ထမနဲကျွေး စတုဒိသာပွဲများလည်း ပြုလုပ်ကြသည်။ ယခုအခါ မြန်မာ့သနပ်ခါး ကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် နိုင်ငံတော် အစိုးရနှင့်အတူ အလွှာအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံမှ အားတက်သရော ကြိုးပမ်းလျက်ရှိသည်။
သနပ်ခါး၏ အသားအရေအတွက် ကောင်းကျိုးများ
သနပ်ခါးသည် နွေရာသီကဲ့သို့ ပူပြင်းသောအခါ သနပ်ခါးရေကျဲလေး လူးပေးခြင်းဖြင့် အသားအေး သွားစေပါသည်။ သနပ်ခါး လိမ်းခြင်းဖြင့် အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း၊ အေးမြ စေခြင်း၊ ဝက်ခြံနှင့် အဆီပြန်ခြင်းကို သက်သာစေခြင်း၊ အရွယ်တင် နုပျိုစေခြင်းစသည့် အကျိုးကျေးဇူး များကို ရရှိနိုင်ပါသည်။ သနပ်ခါးတွင် သဘာဝ UV ကာကွယ်မှုဂုဏ်သတ္တိများ ပါဝင်သောကြောင့် နေလောင်ခြင်းကို သက်သာစေပြီး အရေပြားကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါသည်။ ဘက်တီးရီး ယားကို ဆန့်ကျင်နိုင်စွမ်းရှိသဖြင့် ဝက်ခြံများကို သက်သာစေကာ အသားအရေကို ကြည်လင်ချောမွေ့စေ သည်။သနပ်ခါးတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အသားအရေကို တင်းရင်းစေပြီး အရေး အကြောင်းများ ဖြစ်ပေါ်ခြင်းကို နှေးကွေးစေပါသည်။ အသေးစား ထိခိုက်ရှနာ ဒဏ်ရာများကိုလည်း သနပ်ခါး လူးပေးခြင်းဖြင့် သက်သာစေနိုင်သည်။ သနပ်ခါးသည် အရွက်မှစ အမြစ်အထိ အသုံးတည့်သော အပင်တစ်မျိုးဖြစ်သည်။ သနပ်ခါးအရွက် နှင့် အပွေးမှာ ကင်ဆာကာကွယ်နိုင်သော အာနိသင်များ ပိုင်ဆိုင်ထားပါသည်။ အမြစ်သည် အော့အန်ခြင်း၊ ဝမ်းကိုက်ခြင်း နှင့် လေထိုးလေအောင့်မှုများကို သက် သာစေနိုင်ပါသည်။ အသီးပြုတ်ရည်ကို ပိုးကောင်များ ကိုက်ခံရပါက ဆွတ်ပေးလျှင် အဆိပ်ပြေစေနိုင် ပါသည်။ ထို့ပြင် အဆစ်အမြစ်များ ကိုက်ခဲပါက သနပ်ခါး လူးပေးလျှင် သက်သာစေနိုင်ပါကြောင်း၊ ဝက်ရူးပြန် ရောဂါအတွက် ဆေးဖော်စပ်ရာတွင် သနပ်ခါးပင်၏ အရွက်ကို အသုံးပြုကြပါသည်။ ငှက်ဖျား ရောဂါ၊ အနာကြီးရောဂါများ သနပ်ခါးပင်၏ အရွက်ကို အသုံးပြုကြပါသည်။ သနပ်ခါးသည် အရေပြား မှိုပိုးဝင်တာကို သက်သာစေနိုင်ပြီး အရေပြား ပြဿနာကို ဖြစ်စေနိုင်သော ဘက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်သော အာနိသင်ရှိပါသည်။ ပါးပြင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် လူးထားသော သနပ်ခါး အတုံးမှ သနပ်ခါးစစ်စစ်သည် အလှအပအတွက်နှင့် ကျန်းမာရေး ကောင်းကျိုးများကိုပါ ရရှိနိုင်ကြောင်း လေ့လာမှုများအား ရေးသားတင်ပြလိုက်ရသည်။
DOCA(ပဲခူး)
