
စွန့်ပစ်ပစ္စည်းများကို အဖိုးတန်အရင်းအမြစ်များအဖြစ် ပြောင်းလဲခြင်းသည် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက စီးပွားရေးတန်ဖိုးကိုပါ ဖန်တီးပေးနိုင်ပါသည်။ စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် အမှိုက်များကို အကျိုးရှိရှိ ပြန်လည်အသုံးပြု (Recycle) သို့မဟုတ် မြေဆွေးအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးကြီးသော စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း များကို စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ အနေဖြင့် အမှိုက်စိုများကို အဝါရောင်ပုံး၊ အမှိုက်ခြောက်များကို အစိမ်းရောင်ပုံး၊ ဘေးအန္တရာယ် ရှိသော အမှိုက်များကို အနီရောင်ပုံး၊ ပလပ်စတစ်အမှိုက်များကို အပြာရောင်ပုံး စသော အမှိုက်အမျိုး အစား(၄)မျိုးခွဲခြား၍ စွန့်ပစ်ကြရန် အသိပညာပေးခြင်းများလည်း ပြုလုပ်လျက်ရှိသည်။
အမှိုက်ကို အဖိုးတန်ဖြစ်စေခြင်း (Waste to Valuable Resources)
အမှိုက်စို(Wet Waste)
စားကြွင်းစားကျန်များ၊ သစ်သီးခွံများ၊ ဟင်းသီးဟင်းရွက်များ၊ပန်းများ၊ သဘာဝအရွက်များ၊ အစို ဓာတ်ပါသော အမှိုက်များကို စနစ်တကျ ပြုပြင်၍ ဇီဝမြေဆွေး (Compost) များ ထုတ်လုပ်နိုင်သည်။
ပလပ်စတစ်အမှိုက်(Plastic Waste)
တစ်ပတ်ရစ် ပလတ်စတစ်၊ ဖန်ပုလင်းနှင့် ပလပ်စတစ်အိတ်များကို စက်ရုံများတွင် ပြန်လည် အရည်ကျိုခြင်း၊ မွမ်းမံခြင်းများ ပြုလုပ်ကာ လူသုံးကုန်ပစ္စည်းအသစ်များအဖြစ် ပြန်လည် ထုတ်လုပ် နိုင်သည်။
ဘေးအန္တရာယ်ရှိသောအမှိုက်(Hazardous Waste)
ဘက်ထရီများ၊မီးသီး/ချောင်းများ၊CFLများ၊ဆေးဘက်ဆိုင်ရာအမှိုက်များ၊ဆေးအကျန်များ၊ဓာတုပစ္စည်း အကြွန်းအကျန်များ ဓာတ်ခဲ၊ဆေးထိုးအပ် စသည့်ပစ္စည်းများသည် ဘေးအန္တရာယ်ရှိ ပစ္စည်းများ ဖြစ်သည့်အတွက် အထူးဂရုစိုက်ရမည်ဖြစ်သည်။
အမှိုက်ခြောက်(Dry Waste)
စက္ကူများ၊ ကတ်ထူဘုတ်များ၊စာရွက်များကို လူသုံးကုန်ပစ္စည်းအသစ်များအဖြစ် ပြန်လည်ထုတ် လုပ်နိုင်သည်။
စွန့်ပစ်ပစ္စည်းများကို အပူပေးခြင်း (Incineration) သို့မဟုတ် ဇီဝဓာတ်ငွေ့ (Biogas) ထုတ်လုပ် ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားနှင့် လောင်စာဆီများအဖြစ် ဖန်တီးအသုံးပြုနိုင်သည်။
ရေရှည်အကျိုးကျေးဇူးများ
ထိုကဲ့သို့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် မြေထု၊ ရေထုနှင့် လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းပေးနိုင်ခြင်း၊ ကုန်ကြမ်းအသစ်များ အလွန်အကျွံ တူးဖော် သုံးစွဲရမှုကို သက်သာစေပြီး သယံဇာတ ချွေတာနိုင်မည်ဖြစ်ကြောင်း လေ့လာမှုများအား ရေးသား တင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)
