
၂၁ရာစု၏ကမ္ဘာ့စီးပွားရေးအခင်းအကျင်းသည် နည်းပညာတိုးတက်မှု၊ လူမှုဘဝပုံစံပြောင်းလဲ မှုနှင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကြောင့် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်။ စီးပွားရေးလုပ်ငန်း တစ်ခုရေရှည်တည်တံ့ခိုင်မြဲပြီး အောင်မြင်မှုရရှိရန်အတွက် “ စားသုံးသူအလေ့အထ”နှင့် “ စျေးကွက် ခေတ်ရေစီးကြောင်း” တို့ကိုမျက်ခြေမပြတ် လေ့လာဆန်းစစ် ရန်လိုအပ်သည်။ စားသုံးသူများ၏ လိုအပ်ချက်၊ လိုလားချက်နှင့်ဝယ်ယူမှုပုံစံများသည် တစ်သတ်မတ်တည်းမရှိစေဘဲ အမြဲတစေပြောင်း လဲနေတတ်သည်။ ဤဆောင်းပါးတွင် ခေတ်သစ်စားသုံးသူများ၏ အလေ့အထပြောင်းလဲလာပုံ၊ လက်ရှိစျေးကွက်ကိုလွှမ်းမိုးထားသောအဓိက ရေစီးကြောင်းများ၊ နည်းပညာ၏အခန်းကဏ္ဍနှင့် လုပ်ငန်းရှင်များအနေဖြင့် ဤအပြောင်းအလဲများကို မည်သို့ရင်ဆိုင်အသုံးချရမည်ကို အသေးစိတ် တင်ပြသွားပါမည်။
စားသုံးသူအလေ့အထဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီသို့မဟုတ် အဖွဲ့အစည်းများက ၎င်းတို့၏ လိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကို မည်သို့ ရွေးချယ်ခြင်း၊ ဝယ်ယူခြင်း၊ အသုံးပြုခြင်းနှင့်စွန့်ပစ်ခြင်းတို့ ပြုလုပ်ကြသည်ကို လေ့လာသော ပညာရပ်ဖြစ်သည်။ စားသုံးသူတစ်ဦး၏ ဝယ်ယူမှုဆုံးဖြတ်ချက်အပေါ် အောက်ပါအချက်၄ချက်သည် အဓိကလွှမ်းမိုးထားသည်။ -
(၁) ယဥ်ကျေးမှုနှင့်လူမှုရေးဆိုင်ရာအချက်များ။ မိသားစု၊ သူငယ်ချင်း၊ လူမှုအသိုင်းအဝိုင်းနှင့် မိမိတို့ရှင်သန်ကြီးပြင်းရသည့် ယဥ်ကျေးမှုသည် စားသုံးသူ၏အတွေးအခေါ်ကို ပုံဖော်သည်။
(၂) ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များ။ အသက်အရွယ်၊ ကျား/မဝင်ငွေ၊ အလုပ်အကိုင်နှင့် လူနေမှုဘဝ ပုံစံတို့အပေါ်မူတည်၍ လိုအပ်ချက်များကွဲပြားသည်။
(၃) စိတ်ပညာဆိုင်ရာအချက်များ။ စေ့ဆော်မှု၊ ခံယူချက်၊ သင်ယူမှုနှင့် ယုံကြည်မှုတို့ဖြစ်သည်။
(၄) စီးပွားရေးဆိုင်ရာအချက်များ။ ကမ္ဘာနှင့်ပြည်တွင်းစီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွ မှုနှင့် တစ်ဦးကျဝင်ငွေတို့သည် ဝယ်လိုအားကို တိုက်ရိုက်ထိန်းချုပ်သည်။
နည်းပညာထွန်းကားလာခြင်းနှင့်အတူ ယနေ့ခေတ်စားသုံးသူများသည် ယခင်နှင့်မတူဘဲ ပိုမိုထက်မြက်ပြီး တောင်းဆိုချက်မြင့်မားလာကြသည်။ ၎င်းတို့၏ထင်ရှားသော အလေ့အထများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) သတင်းအချက်အလက်ရှာဖွေပြီးမှဝယ်ယူခြင်း။ ယခုခေတ်စားသုံးသူများသည် ပစ္စည်းတစ်ခု ကိုမဝယ်ယူမီ အင်တာနက်ပေါ်တွင် Reviewများဖတ်ခြင်း၊ Mediaပေါ်တွင် မေးမြန်းခြင်းများကို အရင်လုပ်ဆောင်ကြရသည်။ ၎င်းတို့သည် ကြော်ငြာများကိုအလွယ်တကူမယုံကြည်ကြတော့ဘဲ စစ်မှန်သောသုံးစွဲသူများ၏အသံကိုသာ ပိုမိုတန်ဖိုးထားကြသည်။
(၂) အဆင်ပြေချောမွေ့မှုကိုအဓိကထားခြင်း။ အချိန်သည် ငွေဖြစ်လာသည့်အတွက် စားသုံးသူများ သည်ဝယ်ယူရလွယ်ကူပြီး အချိန်ကုန်သက်သာစေမည့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူ လာကြသည်။ အိမ်အရောက်ပို့စနစ်၊ Digital Paymentစနစ်များနှင့် တစ်နေရာတည်း တွင်အလုံးစုံရနိုင်သော(One-Stop Service)လုပ်ငန်းများခေတ်စားလာခြင်းသည် ဤအလေ့အထ ကြောင့်ဖြစ်သည်။
(၃) ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင်ကိုဂရုစိုက်လာခြင်း။ ဓာတုပစ္စည်းကင်းစင်သော အစားအစာများ၊ သဘာဝအခြေခံအလှကုန်များနှင့် ပတ်ဝန်းကျင်ကိုမညစ်ညမ်းစေသော Eco-friendlyထုပ်ပိုးမှုများကို စားသုံးသူများပိုမိုရွေးချယ်လာကြသည်။ မိမိဝယ်ယူလိုက်သော ကုန်ပစ္စည်း သည် ကမ္ဘာမြေကိုအကျိုးပြုသလား၊ ထိခိုက်စေသလားဆိုသည်ကိုပါ ထည့်သွင်းစဥ်းစားလာကြ သည်။
(၄) ထူးခြားသောအတွေ့အကြုံကိုရှာဖွေခြင်း။ စားသုံးသူများသည် ကုန်ပစ္စည်းသက်သက်ကိုသာ ဝယ်ယူခြင်းမဟုတ်ဘဲ ဝယ်ယူရရှိမည့် “အတွေ့အကြုံ” ကိုပါ ဝယ်ယူလာကြသည်။ ဆိုင်ထိုင်ရသည့် ပတ်ဝန်းကျင်အပြင်အဆင်၊ ဝန်ထမ်းများ၏ဆက်ဆံရေးနှင့် ရောင်းချပြီးနောက်ပိုင်းဝန်ဆောင်မှုတို့က အဓိကကျလာသည်။
(၅) စိတ်ကြိုက်ဖန်တီးမှုလိုလားခြင်း။ လူတိုင်းနှင့်တူသော အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုထက် မိမိ၏အကြိုက်၊ မိမိ၏နာမည်သို့မဟုတ် မိမိစိတ်ကြိုက်ပြင်ဆင်ထားသောကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များကို ပိုမိုလိုလားလာကြသည်။
စီးပွားရေးလောကတွင် ခေတ်ရေစီးကြောင်းကိုကြိုတင်မမြင်နိုင်ပါက အချိန်တိုအတွင်း စျေးကွက်ပြင်ပသို့ ရောက်ရှိသွားနိုင်သည်။ လက်ရှိတွင် လွှမ်းမိုးနေပြီးရှေ့ဆက်အားကောင်းလာမည့် စျေးကွက်ရေစီးကြောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) E-Commerce နှင့် Omnichannel Retailစနစ်။ အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းသည် ရွေးချယ်စရာတစ်ခုမဟုတ်တော့ဘဲ မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်လာသည်။ ထို့အပြင် ပြင်ပဆိုင်နှင့်အွန်လိုင်းဆိုင်ကို ချိတ်ဆက်ပြီး စားသုံးသူကိုဘက်ပေါင်းစုံမှ ချောမွေ့စွာ ဝန်ဆောင်မှုပေးသည့် “Omnichannel”စနစ်သည် ကုန်သွယ်ရေး၏အနာဂတ်ဖြစ်သည်။
(၂) ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်အရှိန်အဟုန်မြင့်လာခြင်း။ Mobile Banking ၊ Digital Wallet(k pay, Wave payစသည်) နှင့်QR Codeစနစ်များကြောင့် ငွေသားကိုင်ဆောင်မှုလျော့နည်းလာသည်။ ဤရေစီးကြောင်းသည် အရောင်းအဝယ်ကိုပိုမိုမြန်ဆန်စေပြီး စျေးကွက်နယ်ပယ်ကိုပိုမိုကျယ်ပြန့်စေ သည်။
(၃) AIနှင့် Data Analyticsအသုံးပြုမှုမြင့်မားလာခြင်း။ လုပ်ငန်းများသည် စားသုံးသူများ၏ ဝယ်ယူမှုဒေတာများကို စုဆောင်းကာကွန်ပျူတာဉာဏ်ရည်တုအသုံးပြု၍ ဆန်းစစ်လာကြသည်။ ထိုသို့ဆန်းစစ်ခြင်းဖြင့် မည်သည့်ပစ္စည်းကပိုရောင်းရမည်၊ စားသုံးသူကမည်သည့်အချိန်တွင်ဝယ်ယူ တတ်သည်ကို ကြိုတင်ခန့်မှန်းနိုင်လာသည်။
(၄) Social Commerce(လူမှုကွန်ရက်မှတစ်ဆင့်ရောင်းချခြင်း)။ Facebook, Tiktok, Instagram, စသည့်လူမှုကွန်ရက်များသည် သူငယ်ချင်းချင်းဆက်သွယ်ရုံသာမကဘဲ တိုက်ရိုက်အရောင်းအဝယ်ပြုလုပ်ရာ စျေးကွက်ကြီးများဖြစ်လာသည်။ အထူးသဖြင့် Live Streamingဖြင့်လွှင့်ရောင်းခြင်းသည် ကမ္ဘာတစ်ဝှမ်းတွင်အလွန်အားကောင်းသော ရေစီးကြောင်း တစ်ခုဖြစ်လာသည်။
စားသုံးသူအလေ့အထနှင့် စျေးကွက်ခေတ်ရေစီးကြောင်းတို့သည် ကြက်ဥနှင့်ကြက်မကဲ့သို့ ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ စားသုံးသူများ၏ လိုအပ်ချက်ပြောင်းလဲမှုက စျေးကွက်ရေစီး ကြောင်းအသစ်ကိုဖန်တီးပေးသကဲ့သို့၊ နည်းပညာနှင့်စျေးကွက်ရေစီးကြောင်းအသစ်များကလည်း စားသုံးသူများ၏အလေ့အထကိုပြန်လည်ပုံဖော်ပေးသည်။ ပြောင်းလဲနေသောခေတ် ရေစီးကြောင်းထဲ တွင် စီးပွားရေးလုပ်ငန်းရှင်များ ရေရှည်ရှင်သန်ရန်အောက်ပါဗျူဟာများကို ကျင့်သုံးရမည်။
- ဒေတာအခြေပြုဆုံးဖြတ်ချက်ချခြင်း။ ခန့်မှန်းရောင်းချခြင်းမျိုးမဟုတ်ဘဲ စားသုံးသူများ၏ တကယ့်ဒေတာများကို ဆန်းစစ်၍ ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် Marketingပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ရမည်။
- ပြောင်းလွယ်ပြင်လွယ်ရှိခြင်း။ မိမိ၏ရိုးရာလုပ်ငန်းပုံစံကို ခေတ်နှင့်အညီဒစ်ဂျစ်တယ် စနစ်သို့ အမြန်ပြောင်းလဲနိုင်စွမ်းရှိရမည်။
- စားသုံးသူကိုဗဟိုပြုခြင်း။ ကုန်ပစ္စည်းကိုဦးစားမပေးဘဲ “စားသုံးသူ၏ပြဿနာကိုငါတို့က ဘယ်လိုဖြေရှင်းပေးမလဲ” ဆိုသည့် အတွေးအခေါ်ဖြင့် လုပ်ငန်းကိုလည်ပတ်ရမည်။
- ယုံကြည်မှုတည်ဆောက်ခြင်း။ ခေတ်သစ်စားသုံးသူများသည် စစ်မှန်မှုကိုကြိုက်ကြသဖြင့် ပွင့်လင်းမြင်သာမှုရှိပြီး ကတိတည်သော Branding မဟာဗျူဟာ ကိုသုံးရမည်။
နိဂုံးချုပ်ရလျှင် စားသုံးသူအလေ့အထနှင့်စျေးကွက်ခေတ်ရေစီးကြောင်းများသည် တည်ငြိမ် နေခြင်းမရှိဘဲ ရေစီးကြောင်းကဲ့သို့အမြဲတစေစီးဆင်းပြောင်းလဲနေသည်။ နည်းပညာများပိုမို တိုးတက်လာသည်နှင့်အမျှ ဤပြောင်းလဲမှုအရှိန်သည် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်စေ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များဖြစ်စေ မိမိတို့၏ လုပ်ငန်းကိုခေတ်နောက်ကျမကျန်ခဲ့စေရန် စားသုံးသူတို့၏ ရင်ခုန်သံ၊ ပြောင်းလဲလာသော အလေ့အထများနှင့် စျေးကွက်၏လားရာကို အမြဲမပြတ်လေ့လာစောင့်ကြည့်ရင်း အချိန်နှင့် တပြေးညီလိုက်လျောညီထွေ ပြောင်းလဲသွားကြရမည် ဖြစ်ပါသည်။ ခေတ်ကိုဦးဆောင်နိုင် သူသည်သာ စျေးကွက်စိုးမိုးနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)
