ကမ္ဘာ့ MSME နေ့မှသည် ရေရှည်တည်တံ့သော စီးပွားရေးဆီသို့

Powered by Drupal
Tue, 06/30/2026 - 13:32 -- consumer_admin

       ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမောင်းနှင်အားကို လေ့လာဆန်းစစ်ရာတွင် အကြီးစားစက်မှု လုပ်ငန်းကြီးများနှင့် နိုင်ငံတကာကော်ပိုရေးရှင်းကြီးများသည် ထင်ရှားပေါ်လွင်လေ့ရှိသော်လည်း အမှန်တကယ်တွင်မူ ကမ္ဘာ့စီးပွားရေး၏ ကျောရိုးနှင့် အဓိကအသက်သွေးကြောမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises - MSMEs)ပင် ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံ (UN General Assembly) က MSME လုပ်ငန်းများ၏ ကမ္ဘာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ (SDGs) အပေါ် ပံ့ပိုးကူညီ မှုနှင့် လူမှုစီးပွားဘဝ မြှင့်တင်ပေးနိုင်စွမ်းကို အသိအမှတ်ပြုသောအားဖြင့် ဇွန်လ ၂၇ ရက်နေ့ကို “ကမ္ဘာ့MSMEနေ့” (World MSME Day) အဖြစ် ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့တစ်နေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။

MSME နေ့ ပေါ်ပေါက်လာပုံ နောက်ခံသမိုင်း (Background and Origin)

       ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် အာဂျင်တီးနား နိုင်ငံ၏ အဆိုပြုချက်နှင့် နိုင်ငံတကာအသေးစားစီးပွားရေးကောင်စီ (ICSB) ၏ ထောက်ခံမှုဖြင့် အဆို ပြုချက် (71/279) ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ပထမဆုံးအကြိမ် ကမ္ဘာ့ MSME နေ့ကို စတင်ကျင်းပခဲ့သည်။ ရည်ရွယ်ချက်မှာ ဆင်းရဲ မွဲတေမှုပပျောက်ရေး၊ ကောင်းမွန်သောလုပ်ငန်းခွင်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု (SDG Goal 8) နှင့် ဆန်းသစ်တီထွင်မှု (SDG Goal 9) စသည့် ရည်မှန်းချက်များ အောင်မြင်စေရန် MSME များ၏ အခန်း ကဏ္ဍကို ကမ္ဘာက ပိုမိုသတိပြုမိစေရန်နှင့် ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးနိုင်ရန်ဖြစ်သည်။

         ၂၀၂၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၁၀) ကြိမ်မြောက် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day 2026) အတွက် ကုလသ မဂ္ဂ (UN) နှင့် နိုင်ငံတကာအဖွဲ့အစည်းများ (ICSB) က သတ်မှတ်ထားသည့် ပင်မကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ် (Global Theme) မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အနာဂတ်မျိုးဆက်သစ် MSME လုပ်ငန်းများ ( The Future Generation of MSMEs)

      ယခုနှစ်၏ဆောင်ပုဒ်သည် အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းတွင် အရှိန်အဟုန်ဖြင့်တိုးတက်လာနေ သည့် ဉာဏ်ရည်တု (AI) နည်းပညာ အပြောင်းအလဲများကြားတွင် နည်းပညာအခြေခံအနာဂတ် မျိုးဆက်သစ် လူငယ်လုပ်ငန်းရှင်များ၊ အမျိုးသမီးများဦးဆောင်သည့်လုပ်ငန်းများ ခိုင်ခိုင်မာမာရပ် တည်နိုင်ရန်၊ အလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများတွင်နည်းပညာကို အကျိုးရှိရှိ အသုံးချပြီး ရှေ့ဆောင်လမ်းပြနိုင်ရန်အတွက်(Human-Centered Entrepreneurship) ကို အဓိကတိုက်တွန်း ထားခြင်း ဖြစ်ပါသည်။

      ထို့အပြင် အခြားသောနိုင်ငံတကာအဖွဲ့အစည်းအသီးသီး (ဥပမာ- UN Global Compact) က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေဆီ ရောက်ရန်အတွက် ကမ္ဘာ့ MSMEနေ့တွင် (Enhancing the role of MSMEs as drivers of Sustainable Growth and Innovation) (ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ မောင်းနှင်အားများအဖြစ် MSME များ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း)ဆိုသည့် ဦးတည်ချက်ကိုပါပူးတွဲ အလေးထားလုပ်ဆောင်နေကြပါ သည်။

​ကမ္ဘာ့စီးပွားရေး၏ ဗဟိုချက်နှင့် MSME ကဏ္ဍ၏ အခန်းကဏ္ဍ

          ကုလသမဂ္ဂ (UN) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့၏ ထုတ်ပြန်ချက်များအရ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မောင်း နှင်အား၏ အဓိကအသက်သွေးကြောဖြစ်သည်ကို ခိုင်မာသော ကိန်းဂဏန်းအထောက်အထားများ နှင့်တကွ တွေ့ရှိရပါသည်။

          ကမ္ဘာတစ်ဝန်းလုံးတွင် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော် သည် MSME လုပ်ငန်းများ ဖြစ်ကြသဖြင့် ယင်းကဏ္ဍသည် စီးပွားရေးလောက၏ အခြေခံအကျဆုံးနှင့် အကျယ်ပြန့်ဆုံးသော ကဏ္ဍဖြစ်သည်မှာ ထင်ရှားလှပေသည်။ ထို့အပြင် MSME များသည် ကမ္ဘာ့လုပ်သားအင်အား၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိကို အလုပ်အကိုင် ဖန်တီးပေး ထား သည့်အတွက် အလုပ်လက်မဲ့နှုန်း လျှော့ချရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လွန်စွာ အရေးပါသော အခန်းကဏ္ဍမှပါဝင်နေပါသည်။

          စီးပွားရေးကုန်ထုတ်စွမ်းအားရှုထောင့်မှ ကြည့်လျှင်လည်း ကမ္ဘာ့ထုတ်ကုန်နှင့် ဝန်ဆောင်မှု စုစု ပေါင်းတန်ဖိုး (Global GDP) ၏ ထက်ဝက်နီးပါး (၅၀ ရာခိုင်နှုန်း) ကို MSME လုပ်ငန်းများက ရှာဖွေ ပံ့ပိုးပေးနေခြင်းဖြစ်သည်။ ယင်းအချိုးအစားသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးတွင် ပိုမိုမြင့်မား လေ့ ရှိသဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မရှိမဖြစ်လိုအပ်သော အင်အားစုလည်း ဖြစ်ပါသည်။

          တစ်ချိန်တည်းမှာပင် MSME ကဏ္ဍသည် လူမှုအသိုင်းအဝိုင်းအတွင်းရှိ အမျိုးသမီးများ၊ လူငယ် များနှင့် လူမှုစီးပွားဘဝ ရုန်းကန်နေရသူများအတွက် ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ် ရပ်တည်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်များကို အလွယ်တကူ အကျိုးခံစားခွင့်ရရှိစေသည့် လူထုအခြေပြု ကဏ္ဍတစ်ခု ဖြစ်သည်။

မျက်မှောက်ခေတ်MSMEများ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် ဖြည့်ဆည်းပေးရမည့် အလား အလာကောင်းများ (Opportunities for Development)

         ကမ္ဘာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော MSME လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲ ပြီးယခုထက်ပိုမိုအောင်မြင်လာစေရန် အောက်ပါအချက်များကို အပြုသဘောဆောင်သော ချဉ်းကပ် မှုများဖြင့် ပံ့ပိုးကူညီပေးနိုင်ပါသည် -

၁။ ဘဏ္ဍာရေးဆိုင်ရာလက်လှမ်းမီမှုပိုမိုအားကောင်းလာစေခြင်း (Enhancing Access to Finance)

           MSME လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်ရန်အတွက် ရိုးရာအာမခံပစ္စည်းစနစ်များအပြင် ခေတ်မှီ ဆန်းသစ်သောခရက်ဒစ်အကဲဖြတ်မှုစနစ်များနှင့် ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင် မှုများ ပေါ်ပေါက်လာနေပြီဖြစ်သည်။ ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တရားဝင် စာရင်းဇယားစနစ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြင့် လုပ်ငန်းချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကို ပိုမိုရရှိ လာနိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ငွေကြေးလိုအပ်ချက် လိုငွေပြမှုကိုလည်း ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။

၂။ ဒစ်ဂျစ်တယ်ကူးပြောင်းမှုကို မြှင့်တင်ခြင်း (Embracing Digital Transformation)

           နည်းပညာခေတ်တွင် MSME လုပ်ငန်းများအနေဖြင့် Digital Platform များ၊ Cloud Computing နှင့် E-commerce စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရန် အလားအလာ ကောင်းများ စွာရှိနေပါသည်။ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုသင်တန်းများနှင့် ကနဦးရင်းနှီးမြှုပ်နှံမှု များကို မြှင့်တင်ပေး ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုစရိတ် သက်သာစေပြီး ကမ္ဘာ့အဆင့်မီ နည်းပညာအခွင့်အလမ်းများကို အကောင်းဆုံး အသုံးချလာနိုင်မည် ဖြစ်သည်။

၃။ ရာသီဥတုနှင့် ကပ်ရောဂါဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ခြင်း (Building Business Resilience)

          မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ကပ်ရောဂါဆိုး များ၏အန္တရာယ်ကို ခံနိုင်ရည်ရှိစေရန်အတွက် အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်း များတွင် အရေးပေါ်အသုံးပြုရန် ရန်ပုံငွေကို သီးသန့်စုဆောင်း ထားရှိရပါမည်။ ထို့ပြင် အကျပ် အတည်းများ ကြုံတွေ့ရချိန်တွင် လုပ်ငန်းကို စနစ်တကျ ထိန်းကျောင်းမောင်းနှင်နိုင်မည့် အရေးပေါ်စီမံခန့်ခွဲမှု အသိပညာဗဟုသုတများ ရှိထားရန်လည်း လိုအပ်ပါသည်။

          တစ်ချိန်တည်းမှာပင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပံ့ပိုးကူညီပေးနေသော စောင့် ရှောက်မှု အစီအစဉ်များနှင့် လုပ်ငန်းအာမခံစနစ်များကိုပါ ရယူအသုံးချခြင်းဖြင့် မိမိတို့၏ လုပ်ငန်းများကို အခက်အခဲများကြားမှ ရေရှည်ခိုင်မာစွာ ဆက်လက်ရပ်တည်နိုင်စွမ်း ရှိလာ အောင် မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။

၄။ ဈေးကွက်အသစ်တွေဆီ ချဲ့ထွင်ခြင်းနဲ့ ပစ္စည်းပို့ဆောင်ရေးကွန်ရက်ကို ပိုမိုခိုင်မာစေခြင်း

     ​စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်အောင်မြင်ရန်အတွက် အနီးအနားမှ ဈေးကွက်တင် မကဘဲ ပြည်ပဈေးကွက်များအထိ ခြေဆန့်နိုင်ရန် လိုအပ်ပါသည်။ ယခုခေတ်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် နိုင်ငံတကာဈေးကွက်ထဲသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် ကုန်သွယ်မှုဆိုင်ရာ အသိပညာများကို ယခင်ကထက်ပိုမို လေ့လာ ဆည်းပူးလာကြပါသည်။

       ​ထို့အပြင် မိမိတို့ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို စားသုံးသူထံသို့ အမြန်ဆုံးနှင့် အလုံခြုံဆုံး ရောက်ရှိစေမည့် သယ်ယူပို့ဆောင်ရေး (Logistics) စနစ်ကိုလည်းခေတ်စနစ် နဲ့အညီ ပိုမိုကောင်းမွန်အောင် ပြောင်းလဲလုပ်ဆောင်လာကြသည်ကို တွေ့ရှိရပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ခေတ်မီသယ်ယူပို့ဆောင်ရေးကွန်ရက်များနှင့် ချိတ်ဆက်ခြင်း၊ နိုင်ငံ တကာကုန်သွယ်မှု စည်းမျဉ်းစည်းကမ်းများကို လေ့လာခြင်းများ ပြုလုပ်ခြင်းအားဖြင့် မိမိတို့၏ ထုတ်ကုန်များကို ပြည်တွင်း/ဒေသတွင်း ဈေးကွက်တင်မကဘဲ ကမ္ဘာ့ဈေးကွက် အထိပါ ယုံကြည်မှုဖြင့် ချဲ့ထွင်ရောင်းချလာနိုင်တော့မည် ဖြစ်ပါသည်။

ခေတ်သစ် MSME များအတွက် မဟာဗျူဟာ (၄) ရပ်

လက်ရှိရင်ဆိုင်နေရသည့် အပြောင်းအလဲများကြားတွင် MSME များရေရှည်တည်တံ့သော အနာဂတ်သို့ ဦးတည်နိုင်ရန်အတွက် အောက်ပါ မဟာဗျူဟာမြောက် အကြံပြုချက်များ (Strategic Roadmap) ကို ထိရောက်စွာ အကောင်အထည်ဖော်သင့်ပါသည်။

၁။      စီးပွားရေးလုပ်ငန်းများအတွက်ဆန်းသစ်သောအရင်းအနှီးရှာဖွေမှုပုံစံများ

     ခေတ်သစ်စီးပွားရေးလုပ်ငန်းများအတွက် ဘဏ်ချေးငွေနှင့် ရှယ်ယာ ရောင်းချ ခြင်းနည်းလမ်းများအပြင် ပိုမိုလိုက်လျောညီထွေရှိသော ဆန်းသစ်သည့် အရင်းအနှီး ရှာဖွေမှုပုံစံများ ပေါ်ပေါက်လာနေပြီး၊ ၎င်းတို့မှာ လုပ်ငန်း၏လစဉ်ဝင်ငွေ ပေါ်မူတည်၍ ရှယ်ယာလက်လွှတ်ရန်မလိုဘဲ ပြန်လည်ပေးဆပ်ရသည့် ဝင်ငွေအခြေပြုစနစ် (Revenue-Based Financing)၊ အင်တာနက်မှတစ်ဆင့် လူအများထံမှ ရန်ပုံငွေနှင့် ဈေးကွက်ထောက်ခံမှုကိုတစ်ပြိုင်နက်ရယူသည့်လူထုအခြေပြုစနစ်(Crowdfunding)၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားကို အကျိုးပြုသည့်လုပ်ငန်းများအတွက် သက်သာ သောစည်းကမ်းချက်များဖြင့်ရရှိနိုင်သည့် အကျိုးသက်ရောက်မှု အခြေပြုစနစ်(Impact Investing) နှင့် Blockchain နည်းပညာသုံး၍ ပိုင်ဆိုင်မှုများကို ဒီဂျစ်တယ်တိုကင် ပြောင်းလဲကာ ရန်ပုံငွေရှာဖွေသည့် ဒီဂျစ်တယ်တိုကင်စနစ် (Tokenization) တို့ဖြစ်ကြ ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းနှင့် ကိုက်ညီမည့်ပုံစံကို ရွေးချယ်ခြင်းဖြင့် အန္တရာယ်နည်းပါးစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ တိုးချဲ့နိုင်မည်ဖြစ်သည်။

၂။       ဒစ်ဂျစ်တယ်စွမ်းရည် မြှင့်တင်ပေးခြင်း (Digital Transformation)

      ခေတ်နှင့်အညီ တိုးတက်လာစေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းပြီး MSMEများကို ကူညီပံ့ပိုးပေးရန် လိုအပ်သည်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းများတွင် E-commerce အသုံးပြုနည်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်နှင့် ဆိုက်ဘာလုံခြုံရေး ဆိုင်ရာ သင်တန်းများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျ ပေးအပ်ရန်လိုအပ်ပါသည်။

၃။      စိမ်းလန်းစိုပြည်သော စီးပွားရေးဆီသို့ (Green and Sustainable MSMEs)

        မျက်မှောက်ခေတ်တွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်ရေးသည် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာပါသည်။ သို့ဖြစ်ရာအသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် စွမ်းအင်ကို အကျိုး ရှိရှိချွေတာသုံးစွဲပြီး သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်ပျက်စီးမှု အနည်းဆုံး ဖြစ်စေ မည့် ရေရှည်တည်တံ့သော Green Business ဆီသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းကြရန် လိုအပ်ပါသည်။

၄။      လုပ်ငန်းစွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်း (Capacity Building)

        ​မည်သည့်စီးပွားရေးလုပ်ငန်းမဆို ရေရှည်တည်တံ့ပြီး အတွင်းပိုင်းခိုင်မာ အားကောင်းစေရန်အတွက် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်း (Capacity Building) ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ငန်းခွင် အရည်အသွေး တိုးတက်လာစေရန် လုပ်ငန်းစီမံခန့်ခွဲမှု၊ စာရင်းကိုင်ပညာနှင့် ရောင်းကုန်အရည်အသွေး ထိန်းချုပ်မှု (Quality Control) စသည့် အရေးကြီးသောပညာရပ်များကို အမြဲမပြတ် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လုပ်ငန်း စဉ်များကို စနစ်တကျ လည်ပတ်စေနိုင်ပြီး ဈေးကွက်အတွင်း အောင်မြင်စွာရပ်တည်  နိုင်မည် ဖြစ်သည်။

          နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားဖြစ်သော MSME များ ရေရှည်တည်တံ့ခိုင်မြဲရန်မှာ အထက်ပါလုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းအကောင်အထည်ဖော်ကြရမည် ဖြစ်သည်။ ထိုသို့ စနစ်တကျဆောင်ရွက်ခြင်းဖြင့်သာ ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့သော စီးပွားရေး အနာဂတ် ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။။ခြုံငုံသုံးသပ်ရသော် ကမ္ဘာ့ MSME နေ့သည် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် နေ့စဉ်ရုန်းကန် လှုပ်ရှား နေကြသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်ကို ကမ္ဘာကလေးစားအသိအမှတ်ပြုသည့်နေ့ဖြစ်သည်။ MSMEများကို ပံ့ပိုးကူညီခြင်းသည် လူတစ်ဦး ချင်းစီ၏ မိသားစုဝင်ငွေကို မြှင့်တင်ပေးရုံသာမက နိုင်ငံတစ်နိုင်ငံ၏၊ ထိုမှတစ်ဆင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုကိုပါ တည်ဆောက်ပေးရာ ရောက်သည်။

          အချုပ်အားဖြင့်ဆိုသော် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများသည် မြန်မာနိုင်ငံစီးပွားရေး၏ အသက်သွေးကြောနှင့် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့ MSMEနေ့ကို ဂုဏ်ပြုသောအားဖြင့် မိမိတို့နိုင်ငံအတွင်းရှိ ဒေသတွင်းထုတ်ကုန်များနှင့် ကုန်ထုတ်လုပ် မှု ကဏ္ဍများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများကို အဖက်ဖက်မှ လက်တွဲဝိုင်းဝန်း ပံ့ပိုးကူညီကြရမည် ဖြစ်သည်။ ထိုသို့ ကူညီပံ့ပိုးခြင်း ဖြင့်ပိုမိုခိုင်မာ၊ တရားမျှတပြီး ရေရှည်တည်တံ့ခိုင်မြဲမည့် ကမ္ဘာ့စီးပွားရေး အနာဂတ်သစ်ကို ဖန်တီးရင်း မြန်မာ့စီးပွားရေး ကဏ္ဍသစ်ကိုလည်း အားလုံးအတူတကွ ပုံဖော်ထုဆစ် သွားကြရမည် ဖြစ်ပါသည်။

DOCA(ပဲခူး)