တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ လယ်ယာထွက်ကုန်တင်ပို့မှု ကမ္ဘာဒီးယား စတင်လုပ်ဆောင်

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် လာအိုနိုင်ငံကို တစ်ဆင့်ဖြတ်သန်းလျက် ကုန်းလမ်းကြောင်းဖြင့် တရုတ်နိုင်ငံသို့ ၎င်း၏လယ်ယာထွက်ကုန်များတင်ပို့ခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား လိုက်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသော ဒုတိယအမြဲတမ်းအတွင်းဝန် Khim Finan က ဝန်ကြီးဌာန၏ တရားဝင် Facebook အင်တာနက် စာမျက်နှာ၌ ရုပ်သံလွှင့်တင်၍ ပြောဆိုရာတွင် ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီး များ တင်ဆောင်ထားသည့် ကုန်သေတ္တာတင် မော်တော်ယာဉ် ၄ စီးသည် လာအိုနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ တင်ပို့မှုသည် ကမ္ဘောဒီးယား၏ လယ်ယာ ထွက်ကုန်များကို တရုတ်နိုင်ငံသို့ လမ်းကြောင်းအသစ်ဖြင့် ပို့ဆောင်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ သမား ရိုးကျ တင်ပို့မှုတွင် သယ်ယူပို့ဆောင်မှု အချိန် ၁၅ ရက်မှ ရက် ၂၀ အထိ ကြာမြင့်ခဲ့ရာမှ ယခုအခါ ရက် သတ္တတစ်ပတ်မျှသာ ကြာမြင့်လျက် လမ်းခရီးကြာမြင့်ချိန်ကို လျှော့ချနိုင်ခြင်းအပြင် ၎င်းတို့၏ လယ်ယာထွက်ကုန်များ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

   Mr. Finan ၏ ပြောကြားချက်အရ သယ်ပို့ဆောင်မှုလမ်းကြောင်းအသစ်သည် ဆန်၊ ဒူးရင်းသီး၊ ငှက်ပျောသီးအဝါ၊ သရက်သီး၊ အုန်းသီးနှင့် Pailin လုံငန်းသီးများ အပါအဝင် ကမ္ဘောဒီးယား လယ်ယာ ထွက်ကုန်များကို တရုတ်ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရာ၌ လွယ်ကူရှင်းလင်းမှုဖြစ်စေကြောင်း သိရှိ ရသည်။

Source: Xinhua, 22 Jun 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)