ဗီယက်နမ်နိုင်ငံ၌ လယ်ယာ၊ သစ်တောနှင့် ရေထွက် ကုန်စည်များ ခြေရာခံစနစ် ဇူလိုင် ၁ ရက်မှ စတင် ကျင့်သုံးမည်

Powered by Drupal

      ဗီယက်နမ်နိုင်ငံတွင် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနသည် လယ်ယာ၊ သစ် တောနှင့် ရေထွက်ကုန်ပစ္စည်းများအတွက် ကုန်ထုတ်လုပ်မှု နောက်ကြောင်းခြေရာခံစနစ်ကို ရှေ့လာ မည့် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ တရားဝင်ကျင့်သုံးနိုင်ရေး အပြီးသတ်ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိရာ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှုနှင့်အတူ ပွင့်လင်းမြင်သာရှိမှုနှင့် အုပ်ချုပ်မှု ဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမည့် သိသာထင်ရှားသော အဆင့်တစ်ရပ်သို့ ဦးတည် ရောက်ရှိလာပြီဖြစ်ကြောင်း VNA သတင်းဌာနက ဖော်ပြထားသည်။

      ဟနွိုင်မြို့တွင် ဇွန်လ ၂၂ ရက်နေ့၌ စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Hoang Trung ဦးဆောင်၍ ကျင်းပခဲ့သော အဆိုပါစနစ် ထူထောင်ရေး ပြင်ဆင်ဆောင်ရွက် မှုဆိုင်ရာ အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး Nguyen Van Long က ဥပဒေမူဘောင် တိုးတက်ကောင်းမွန်ရေး၊ နည်းပညာဆိုင်ရာ အခြေခံ အဆောက်အအုံ ထူထောင်ရေး နှင့် သတင်းအချက်အလက် ပေါင်းစပ်စုစည်းမှုနှင့် ကနဦးလုပ်ငန်း အစီအမံများ လုပ်ဆောင်ရေးဟူ၍ အဓိကနယ်ပယ် သုံးရပ်အပေါ် အလေးပေး ပြင်ဆင်လုပ်ကိုင်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။

       ဗီယက်နမ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနသည် လက်ရှိတည်ဆဲ ဥပဒေ လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် တညီတညွတ်တည်းရှိသော ဥပဒေမူဘောင် တစ်ရပ် ထူထောင်လျက် ကုန်စည်ခြေရာခံစနစ်လုပ်ဆောင်မည့် လှည့်လည်စာ မူကြမ်းတစ်စောင် ရေးဆွဲပြုစုခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ၎င်းခြေရာခံစနစ် အကောင်အထည်ဖော် ဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့ကို လိုက်လျောညီထွေရှိ‌စေရေး အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ရန် သက်ဆိုင် သည့် ဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းလျက်ရှိသည်။

       ကုန်စည်ခြေရာခံစနစ် လွှင့်တင်လုပ်ဆောင်မည့် နည်းပညာစင်္ကြန် (technical platform)  ကို Netacom ကုမ္ပဏီက ၂၀၂၅ ခုနှစ် နှောင်းပိုင်းကပင် ထူထောင်ထားရှိခဲ့ပြီး ၎င်းကို ဆက်လက် အဆင့်မြှင့်တင်မှု လုပ်ဆောင်မည်ဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာနရှိ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး ဦးစီးဌာနသည် လိုအပ်သော သတင်းအချက်အလက်နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ ကို တည်ထောင်ထားပြီး လုပ်ငန်းဆောင်ရွက်မှု တည်ငြိမ်ရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ဆိုင်ဘာ လုံခြုံမှု ဆန်းစစ်ချက်များ လုပ်ဆောင်ခြင်း၊ ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်နိုင်ခြေရှိသည်များကို ကိုင်တွယ် ဖြေရှင်းခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။

       သတင်းအချက်အလက်စုစည်းရာတွင် သက်ဆိုင်ရာအစိုးရအေဂျင်စီများ၊ ဒေသအာဏာပိုင် များနှင့် စီးပွားရေးလုပ်ငန်းများအား စိုက်ပျိုးထုတ်လုပ်သည့် နယ်မြေဧရိယာ သင်္ကေတအမှတ်များ၊ ကုန်ပစ္စည်းထုပ်ပိုးမှု အချက်အလက်များနှင့် စစ်ဆေးစမ်းသပ်ချက် ရလဒ်များအပါအဝင် အဓိက အရေး ကြီးသော အချက်အလက်များကို မျှဝေပံ့ပိုးရန် ညွှန်ကြားထားပြီးဖြစ်သည်။

       အဆိုပါစနစ်ကို စမ်းသပ်လုပ်ဆောင်ရာတွင် အများစုသော နည်းပညာဆိုင်ရာပံ့ပိုးသူများ သည် စနစ်၌ပေါင်းစည်းလုပ်ကိုင်မှုကို ပြီးမြောက်ခဲ့ကြပြီဖြစ်ပြီး နောက်ဆုံးအဆင့် ချိတ်ဆက်မှုများ မှာ ဇွန် ၃၀ ရက်နေ့မတိုင်မီ ပြီးစီးဖွယ်ရာရှိသည်။ လက်ရှိကာလတွင် အဆိုပါ နည်းပညာစင်္ကြန်၌ ပြည်နယ် ပေါင်း ၂၆ ခုနှင့် မြို့ကြီးများရှိ ကုမ္ပဏီ ၁၄၉ ခုထံမှ ကုန်စည်အမျိုးအမည်ပေါင်း ၁၈၀၀၀ ကျော်ကို လက်ခံထားပြီးဖြစ်ရာ တရားဝင်လွှင့်တင်မှု လုပ်ဆောင်ရန် အသင့်ရှိနေပြီဖြစ်သည်ကို ဖော်ပြလျက် ရှိသည်။

      ကုန်ထုတ်လုပ်မှု နောက်ကြောင်းခြေရာခံစနစ် ကနဦးစမ်းသပ် အကောင်အထည်ဖော်ခြင်း ကို အဓိကပို့ကုန်များ အထူးသဖြင့် ဒူးရင်းသီးအတွက် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များ အရ ၎င်းစနစ်သည် ပို့ကုန်များ နောက်ကြောင်းခြေရာခံခြင်းကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ပြီး ပွင့်လင်း မြင်သာရှိမှုကို တိုးတက်ကောင်းမွန်စေလျက် စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတကာ ဈေးကွက်၌ တင်းကျပ်စွာ လုပ်ဆောင်လာကြသော လိုအပ်ချက်များနှင့် ကိုက်ညီစေရေး အကူအညီဖြစ်စေကြောင်း တွေ့ရှိရသည်။

      ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးဦးစီးဌာနအနေဖြင့် အဆိုပါခြေရာခံစနစ်၏ အခြေခံ အဆောက် အအုံများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်း၊ စနစ်၌ အသုံးပြုသူ များသို့ လုပ်ပိုင်ခွင့်ပေးမည့် ယန္တရားစနစ် တည်ထောင်ခြင်းနှင့် လုံခြုံမှုအစီအမံများ ချမှတ်ခြင်းတို့ကို ဇူလိုင်လ ၁ ရက်နေ့ မတိုင်မီ အပြီးဆောင်ရွက်ရန် ဒုတိယဝန်ကြီး Mr. Trung က အစည်းအဝေးတွင် တာဝန်ပေးအပ်ခဲ့သည်။ ထို့အပြင် စနစ်၌အထူးပြုပါဝင်မည့် အေဂျင်စီများသည်လည်း ပင်မသတင်း အချက်အလက် ပေါင်းစည်းမှုတွင် စံကိုက်ညီမှုနှင့် ချိန်ကိုက်လုပ်ဆောင်မှုတို့ကို အရှိန်မြှင့်တင်ရန်၊ အချက်အလက် စွမ်းဆောင်နိုင်မှုကို အမြင့်မားဆုံးဖြစ်စေပြီး နှစ်ကြိမ်ထပ် ပြန်လည်လုပ်ဆောင်ရမှုကို ရှောင်ကြဉ်နိုင်ရန်အတွက် တစ်ကြိမ်ကြေညာချက်ထုတ်ပြန် စတင်ပြီးသည့်နောက် အကြိမ်ကြိမ် အသုံးပြုနိုင်ရေးဟူသော စည်းမျဉ်းကို အလေးပေးဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။

Source: Vietnam Plus, 22 Jun 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)