​​​​​​​တောင်ငူခရိုင်တွင်စာရေးရိက္ခာဖူလုံပေါများစေရေး ဥစားဘဲကောင်ရေတိုးချဲ့မွေး

Powered by Drupal
Mon, 06/22/2026 - 13:34 -- consumer_admin

      ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မြစ်များ၊ ချောင်းများ အင်းအိုင်များ ပေါများစွာ တည်ရှိနေပါသည်။ သမိုင်းဝင်အင်းများမှ စီလောင်အင်း၊မုံဇလိမ်အင်း၊ အထက်မယင်း/ အောက် မယင်းအင်း၊ ယောက်သဝအင်း၊ ငါးပြားဆယ်ပေပင်ပေါက်အင်း၊ ကျေးအင်း၊မြစ်ကြီးပေါက်အင်း၊ ငနောက် ချောင်းအင်း နှင့် ငဒင်အင်းတို့ တောင်ငူမြို့နယ်တွင် ရှိနေသည်။အင်းများတွင် နွေ၊မိုး၊ဆောင်း ရေများ ရှိနေခြင်းတို့ကြောင့် ဘဲမွေးမြူခြင်းလုပ်ငန်းအတွက် သဘာဝပေးထားသည့် တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်ဖြစ်သည်။

              နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အဓိက စီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြရာတွင် မွေးမြူရေးကိုလည်း တစ်ပိုင်တစ်နိုင် လုပ်ကိုင် ဆောင်ရွက်ကြသည်။ချောင်းများ၊ရိုးများအင်းများကို အမှီပြု၍ ဘဲမွေးမြူထားသည့် လုပ်ငန်းရှင် (၂၀)ဦးသည် ဘဲကောင်ရေ (၁၀၅၀၀) မွေးမြူထားသည်။ ယခုလက်ရှိမွေးမြူထားသည့် ဘဲမျိုးများသည် ထိုင်းဘဲဟုသိရှိရသည်။ တောင်ငူမြို့တွင် ဖောက်စက်နှင့်ဖောက်ခြင်းမရှိသည့်အတွက် ဘဲမျိုးပေါက်များ ဖျာပုံမြို့မှ ဝယ်ယူရသည်ဟု သိရှိရသည်။ အစာစရိတ်သက်သာစေရန် နွေစပါးရိတ်ပြီးသည့် လယ်ကွင်း များတွင် လွတ်ကျောင်းစနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ကြသည်။ ထွက်ရှိလာသည့် ဘဲဥများကို တောင်ငူမြို့ရှိ(၅၅၅)ပွဲရုံ၊တိုင်းထက်လွန် ဘဲဥပွဲရုံများသို့ သွားရောက်ရောင်းချကြသည်။

              တောင်ငူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဥစားဘဲ မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး ဥစားဘဲကောင်ရေ(၃၁၀၀၀)တိုးချဲ့မွေးမြူမည်ဖြစ်သည်။ဘဲကောင်ရေ(၁၀၀၀)ရှိလျှင်(၁)ယူနစ် သတ်မှတ် ထားသည်။ (၁)ယူနစ်ကောင်ရေ (၁၀၀၀) မွေးလျှင် သိန်း(၅၀) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်း မပျောက်မတည်ငွေ(တိုင်းဒေသကြီး)ဖြင့် ဘဲမွေးမြူရေးချေးငွေ ထုတ်ချေး ပေးမည်ဖြစ်သည်။ ချေးငွေ ထုတ်ချေးသည့် ဘဲမွေးမြူရေးလုပ်ငန်းရှင်သည် မရွေ့မပြောင်းနိုင်သော အပေါင် အာမခံပစ္စည်းတင်ပြရမည်။ တောင်ငူမြို့နယ်ရှိ ဘဲမွေးမြူရေး လုပ်ငန်းရှင်(၂၁)ဦးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေရလျှင် တိုးချဲ့မွေးမြူရန် အဆိုပြုထောက်ထားကြသည်။ဘဲဥများဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေး စားရေး ရိက္ခာဖူလုံပေါများရေးအတွက် တောင်ငူမြို့နယ်ရှိ ဘဲမွေးမြူရေး လုပ်ငန်းရှင်များသည် တိုးချဲ့ မွေးမြူကြ မည်ဖြစ်သည်။

DOCA(ပဲခူး)