Product Safety and food safety (ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းမှု)

Powered by Drupal
Fri, 06/12/2026 - 11:36 -- consumer_admin

          လူနေမှုအဆင့်အတန်း မြင့်မားလာမှုနှင့်အတူ အစားအသောက် ဘေးကင်းလုံခြုံစွာ စားသောက်နိုင်ရေးနှင့် ရွေးချယ်ဝယ်ယူစားသောက်ခြင်းသည် လူနေမှုပတ်ဝန်းကျင်တွင်  အဆင့်အတန်း မြင့်လာသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိထုတ်ကုန်အား စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး စားသုံးသူများအနေနှင့်လည်း စားသုံးကုန်ပစ္စည်းများကို ကျန်းမာရေးနှင့် ညီညွတ်စွာ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Product Safety (ထုတ်ကုန်လုံခြုံစိတ်ချရမှု)

          စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းရှင်များသည် မိမိထုတ်လုပ်သော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ မိမိထုတ်ကုန်ကို အသုံးပြုသော စားသုံးသူအသုံးပြုသူများအား ထိခိုက်ဒဏ်ရာမရရှိစေရေး၊ ကျန်းမာရေးအန္တရာယ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်ကုန်များအား စဉ်ဆက်မပြတ် စမ်းသပ်စစ်‌‌ဆေးခြင်း၊ စနစ်တကျ ထိန်းချုပ်ထုတ်လုပ်ခြင်း စသည်တို့သည် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး Product Safety ပင်ဖြစ်သည်။

ထုတ်ကုန်လုံခြုံစိတ်ချရမှု၏ အရေးပါမှု

          ထုတ်ကုန်လုံခြုံစိတ်ချစွာ ထုတ်လုပ်ခြင်းဖြင့် စားသုံးသူအသုံးပြုသူများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ကာကွယ်ပေးသည်။ ထုတ်ကုန်တစ်ခုသည် လုံခြုံစိတ်ချရမှု စံချိန်စံညွှန်း များနှင့် ကိုက်ညီစွာ ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းများကို ဆိုလိုပါသည်။ ထိခိုက်ဒဏ်ရာရရှိမှုကို လျော့ချပေးပါသည်။ အဆိပ်သင့်မှု၊ မီးလောင်မှု၊ လျှပ်စစ်ရှော့ခ်ဖြစ်မှုစသည့် အန္တရာယ်များကို ကာကွယ်ပေးသည်။ အသုံးပြုသူများ၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးသည်။ စိတ်ချလုံခြုံစွာ အသုံးပြုစေနိုင်ပါသည်။ လျှပ်စစ်ပစ္စည်းတစ်ခုတွင် လျှပ်စစ်ယိုစိမ့်မှုမဖြစ်စေရန် လုံခြုံရေးစနစ်ပါရှိခြင်း၊ ကလေးသူငယ်ကစားစရာပစ္စည်းများတွင် အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ မပါဝင်ခြင်း၊ စားသောက်ကုန်ပစ္စည်းများတွင် ဘေးအန္တရာယ်ဖြစ်စေသော ပိုးမွှားများနှင့် ဓာတုပစ္စည်းများမပါဝင်ရန် စစ်ဆေးထိန်းချုပ်ထားခြင်းများကိုလည်း ဆိုလိုပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုသည် စားသုံးသူများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို ကာကွယ်ပေးပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် အာမခံပေးသော အချက်ဖြစ်ပါသည်။

           ထုတ်ကုန်လုံခြုံစွာ ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်တစ်ခုကို အသုံးပြုနေစဉ် ဖြစ်ပေါ်လာနိုင်သည့်  ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုနှင့် အခြားအန္တရာယ်များကို ကြိုတင်ကာကွယ်ပေးခြင်းဖြစ်ပြီး မတော်တဆ ဖြစ်ပွားခြင်းများကို လျော့ချပေးပါသည်။ စားသုံးသူ အသုံးပြုသူများ ထိခိုက် ဒဏ်ရာရှိခြင်းမှ ကာကွယ်ပေးခြင်း၊ ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်း၊ လုပ်ငန်းခွင်နှင့် အိမ်တွင်းလုံခြုံရေးကို တိုးမြှင်ပေးခြင်း၊ ထုတ်ကုန်ပစ္စည်းများအပေါ် စားသုံးသူ ယုံကြည်မှုရှိခြင်းစသည်တို့ ဖြစ်ပါသည်။ ဓား၊ ကတ်ကြေးကဲ့သို့ ချွန်ထက်သော ပစ္စည်းများတွင် လုံခြုံရေး အဖုံးကာဗာများ တပ်ဆင်ပေးခြင်း၊ လျှပ်စစ်ပစ္စည်းများတွင် လျှပ်စစ်ရှောခ့်မဖြစ်စေရေး ဓာတ်မလိုက်စေရေးအတွက် အကာအကွယ်များပါသည့်စနစ် ပြုလုပ်ပေးထားခြင်း၊ ကလေးကစားစရာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ မတော်တဆပြုတ်ထွက်ခြင်းမဖြစ်စေရေးစသည့် မတော်တဆ မှုများကို လျော့ချပေးပြီး အသုံးပြုသူများအတွက် ပိုမိုဘေးကင်းစွာ အသုံးပြုနိုင်ရန် ကူညီပေးပါသည်။

         ထုတ်ကုန်လုံခြုံစိတ်ချစွာ ထုတ်လုပ်ခြင်းဖြင့် စားသုံးသူများအနေဖြင့် အရည်အသွေးကောင်းမွန်မှုအပေါ် ပိုမိုယုံကြည်မှုရရှိပြီး လုပ်ငန်း၏ နာမည်ကောင်းနှင့် ဂုဏ်သတင်း တိုးတက်လာမည်ဖြစ်သည်။ ထုတ်ကုန်ချို့ယွင်းမှုများ မကြာခဏ ဖြစ်ပေါ်တတ်သော လုပ်ငန်းများနှင့် နှိုင်းယှဥ်ပါက လုံခြုံစိတ်ချရမှုကို အလေးထားသောလုပ်ငန်းများကို ပိုမိုယုံကြည်မှု ရရှိမည်ဖြစ်ပြီး လုပ်ငန်းတိုးတက်အောင်မြင်မှုအတွက် အထောက်အကူပြုမည် ဖြစ်ပါသည်။

         ထုတ်ကုန်လုံခြုံစိတ်ချစွာ ထုတ်လုပ်ရာတွင် ဥပဒေနှင့် စံချိန်စံညွှန်းများကို လိုက်နာရမည်ဖြစ်သည်။ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဥ်းစည်းကမ်းများနှင့် အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ စားသုံးသူများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်း၊ အရည်အသွေးမပြည့်မီသော အန္တရာယ်ရှိထုတ်ကုန်များ ဈေးကွက်မအရောက်မီ အချိန်မီ တားဆီးပေးခြင်း၊ တာဝန်ယူမှုတာဝန်ခံမှုရှိစွာ ထုတ်လုပ်ရောင်းချခြင်း၊ ပြည်တွင်း ပြည်ပ စျေးကွက်များတွင် ယုံကြည်စိတ်ချမှုရှိစေခြင်းတို့ကို ဖြစ်စေပါသည်။ ထိုကြောင့် ဥပဒေနှင့် စံချိန်စံညွှန်း များလိုက်နာခြင်းသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် အရည်အသွေးကို အာမခံပေးပြီး စားသုံးသူများ၏ ယုံကြည်မှုကို တိုးမြှင့်ရရှိမည် ဖြစ်ပါသည်။

              ထုတ်ကုန်လုံခြုံ စိတ်ချရမှုတွင် ထုတ်ကုန်အန္တရာယ်အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားထားသည်-

          (က)     ရုပ်ပိုင်းဆိုင်ရာအန္တရာယ်၊ ချွန်ထက်သော အစိတ်ပိုင်းများ၊ ကွဲရှလွယ်သောပစ္စည်းများ၊

          (ခ)     ဓာတုအန္တရာယ်-အဆိပ်အတောက်ပါဝင်မှု၊  အန္တရာယ်ရှိသော ဓာတုပစ္စည်းများ                         ပါဝင်မှု

          (ဂ)     လျှပ်စစ်အန္တရာယ်- လျှပ်စစ်ရှော့ခ် ဖြစ်စေမှု၊ မီးလောင်မှုအန္တရာယ်၊

          (ဃ)    ဇီဝအန္တရာယ်- ဘက်တီးရီးယား၊ မှိုအဆိပ်နှင့် အခြားရောဂါဖြစ်စေသာ အဏုဇီဝများပါဝင်မှု စသည်တို့ဖြစ်သည်။

           အကျဥ်းချုပ်အားဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုသည် ထုတ်ကုန်ကို ရည်ရွယ်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုသောအခါ သုံးစွဲသူအား အန္တရာယ်မဖြစ်စေရန်နှင့် အာမခံထားသည့် အရည်အသွေးနှင့် စီမံခန့်ခွဲမှုစနစ်တစ်ခုပင်ဖြစ်ပါသည်။

Food Safety (စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေး)

              Food Safety စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးသည် အစားအသောက်များ ထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ‌ရောင်းချခြင်းနှင့် စားသုံးခြင်း စသည့်အဆင့်ဆင့်တိုင်းတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အန္တရာယ်များမှ ထိန်းချုပ်ကာကွယ်ပြီး အစားအသောက်များ ဘေးကင်းလုံခြုံစွာ စားသုံးနိုင်ရန် ဆောင်ရွက်သည့် စနစ်ဖြစ်ပါသည်။  

Food Safety အားဆောင်ရွက်ရခြင်းမှာ

          (က)   စားသုံးသူ ကျန်းမာရေးကို ကာကွယ်ရန်၊

          (ခ)     အစားအသောက်မှတစ်ဆင့် ဖြစ်ပွားနိုင်သော ရောဂါများကို ကာကွယ်ရန်၊

          (ဂ)     အစားအသောက် အရည်အသွေးကိုထိန်းသိမ်းရန်၊

          (ဃ)    စားသုံးသူ ယုံကြည်မှုကို ရရှိရန်၊

          (င)     ဥပဒေနှင့် စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်စေရန် တို့ဖြစ်ပါသည်။

          Food Safety အစားအသောက်ဘေးကင်း လုံခြုံရေးနှင့် ပတ်သက်၍ ဘေးအန္တရာယ် အမျိုးအစားများကို အောက်ပါအတိုင်း လေ့လာသိရှိရပါသည်-

          (က)   ဇီဝဗေဒဆိုင်ရာ အန္တရာယ်များ (Biological Hazards)

- ဘက်တီးရီးယားပိုးများ၊ဗိုင်းရပ်စ်များ၊မှိုနှင့်မှိုအဆိပ်(Aflatoxin)၊  ကပ်ပါးပိုးများ၊

          (ခ)     ဓာတုဗေဒဆိုင်ရာ အန္တရာယ်များ (Chemical Hazards)

                   - ပိုသတ်ဆေးအကြွင်းအကျန်များ၊ သန့်ရှင်းရေးဓာတုပစ္စည်းများ၊

                   - အစားအသောက်တွင် မမှန်မကန်စွာ ထည့်သွင်း အသုံးပြုသည့် ပစ္စည်းများ၊

          (ဂ)     ရုပ်ပိုင်းဆိုင်ရာအန္တရာယ်များ (Physical Hazards)

- သံတိုသံစ၊ ဖန်ကွဲ မှန်ကွဲအစအနများ၊ ဖုန်၊ သဲခဲကျောက်စရစ်အစများ၊ ဆံပင်နှင့် အခြားပြင်ပ ဝတ္ထုပစ္စည်းများ စသည်တို့ဖြစ်ကြသည်။

Food Safety အစားအသောက်ဘေးကင်း လုံခြုံရေးအတွက် အခြေခံလိုက်နာရမည့် အချက် များမှာ

          (က)    တစ်ကိုယ်ရေ သန့်ရှင်းရေး ဆောင်ရွက်ရန်၊

          (ခ)     သန့်ရှင်းသောရေနှင့် ကုန်ကြမ်းများကို အသုံးပြုရန်၊

          (ဂ)     အစားအသောက်များကို သင့်လျော်သော အပူချိန်တွင် ချက်ပြုတ်ရန်၊

          (ဃ)   အစားအသောက်များကို စနစ်တကျ သိုလှောင်သိမ်းဆည်းရန်၊

          (င)     အစားအသောက် သယ်ယူပိုဆောင်ရာတွင် ညစ်ညမ်းမှုမဖြစ်စေရေး အကာအကွယ်

                        ဖြင့် သယ်ယူရန်၊

          (စ)     HACCP နှင့်GMP စံနှုန်းများကို လိုက်နာရန်တို့ဖြစ်ပါသည်။

                   -  (HACCP) Hazard Analysis and Critical Control Point “ အန္တရာယ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အရေးကြီးထိန်းချုပ်မှု အမှတ်များစနစ်” ရိုးရှင်းစွာဆိုရလျှင် HACCP သည် စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းစဥ်တစ်လျှောက် ဖြစ်ပေါ်လာနိုင်သော ဇီဝဗေဒဆိုင်ရာ (Biological)၊ ဓာတုဗေဒဆိုင်ရာ (Chemical)နှင့် ရုပ်ပိုင်းဆိုင်ရာ (Physical) အန္တရာယ်များကို ကြိုတင်ဖော်ထုတ်၍ ထိန်းချုပ်သည့် Food Safety စနစ်တစ်ခုဖြစ်ပါသည်။

          -  GMP (Good Manufacturing Practice) ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဥ်ဖြစ်သည်။ GMP သည် စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်များကို ထုတ်လုပ်ရာတွင် ထုတ်ကုန်များ၏ အရည်အသွေးဘေးကင်းလုံခြုံမှုနှင့် သန့်ရှင်းမှုကို အာမခံရန် ချမှတ်ထားသော စံချိန်စံညွှန်းများဖြစ်ပါသည်။

နိဂုံး

             Product Safety နှင့် Food Safety ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းမှုများသည် စိုက်ပျိုးထုတ်လုပ်သည့် လယ်ယာစိုက်ခင်းများမှ စားသုံးသူ စားပွဲပေါ်ရောက်သည်အထိ (Farm to Table) အစားအသောက် ကွင်းဆက်တစ်လျှောက် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းသည့် ထုတ်ကုန်လုံခြုံစိတ်ချရသော အစားအသောက်များရရှိစေရန် အရေးကြီးသော စနစ်များဖြစ်ပါသည်။ ၎င်းစနစ်များကို စနစ်တကျလိုက်နာကျင့်သုံးခြင်းအားဖြင့် အစားအသောက်ကြောင့် ဖြစ်ပွားသောရောဂါများ လျှော့ချနိူင်ပြီး စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)