မြိတ်ဒေသမှထွက်ရှိသည့်အစားအစာတစ်မျိုးဖြစ်သော ပုဇွန်ချဉ်အကြောင်းတစေ့တစောင်း

Powered by Drupal
Fri, 06/05/2026 - 10:09 -- consumer_admin

    တနင်္သာရီတိုင်းဒေသကြီးတွင် ပင်လယ်ပြင်မှဖမ်းယူရရှိသော ငါး/ပုစွန်အစိမ်းများအား ပြည်ပ တင်ပို့ခြင်း၊ ပြည်တွင်း ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ ဒေသတွင်းရောင်းချခြင်းများအပြင် နေလှန်း အခြောက်ခံ၍ ငါးခြောက်/ပုစွန် ခြောက်ပြုလုပ်ခြင်း၊ အမှုန့်ကြိတ်၍ ငါးမုန့်ပြုလုပ်ခြင်း၊ ငါးချဉ်၊ ပုစွန်ချဉ်များအားပြုလုပ်၍ ဒေသတွင်း စားသုံးကြသလို တစ်ဆင့်ပြန်လည်ရောင်းချခြင်းများနှင့် ဒေသ တွင်း တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်လုပ်ငန်းများဖြင့် ဝင်ငွေများရရှိကာ အလုပ်အကိုင်အခွင့်အလမ်း များ ကိုလည်း တစ်ဖက်တစ်လမ်းမှ ဖန်တီးပေးလျက်ရှိပါသည်။ ပုဇွန်စိမ်းအား ဆား၊ ထမင်း တို့ဖြင့် ရော နယ်၍ အချဉ်ဖောက်ထားသော စားစရာတစ်မျိုးဖြစ်သည့် ပုစွန်ချဉ်သည် လူအများကြိုက်သော အစားအစာတစ်ခုလည်း ဖြစ်ပါသည်။

          တနင်္သာရီတိုင်းဒေသကြီးတွင်ပုဇွန်ချဉ်ကိုကိုယ်တိုင်ပြုလုပ်၍ အိမ်သုံးအစားအစာအဖြစ်လည်း ပြုလုပ်စားသုံးကြသလို စီးပွားဖြစ်ပြုလုပ်၍ တင်ပို့ရောင်းချသူများလည်းရှိပါသည်။ အိမ်သုံးတစ်ပိုင် တစ်နိုင် ပုဇွန်ချဉ်ပြုလုပ်ရန် ပုဇွန်စိမ်း၊ ထမင်း၊ ဆားနှင့် ငှက်ပျောရွက်သာလိုအပ်ပါသည်။ ပထမဦးစွာ ပုဇွန်စိမ်းများအား အကြီး၊ အလတ်ခွဲခြား၍ ပုစွန်ခေါင်းဖြုတ်ပြီး ရေစင်အောင် ဆေးကာ ဇကာဖြင့် ရေစစ်ထားပြီးလျှင် ဆားထည့်ကာ ပုဇွန်ကိုနှံ့အောင်နယ်ပေးထားရပါသည်။ ဆားဖြင့်နယ်ထားသည့် ပုဇွန်များအား ထမင်းပူပူနှင့်ရောနယ်ကာ ခြောက်သွေ့သန့်ရှင်းသောပုလင်းထဲသို့ ပုလင်းပြည့်အောင် ဖိသိပ်ထည့်ပြီး အပေါ်မှ ငှက်ပျောရွက်ထည့်ကာ လေလုံအောင်အဖုံးဖုံး၍ တစ်ညထား အချဉ်ဖောက် ရပါသည်။ နောက်တစ်နေ့တွင် ပုလင်းအဖုံးအား အဖုံးဖွင့်ပြီးပန်းကန်ပေါ်မှောက်၍ အရည်ထုတ်ပေးရ ပါသည်။ ၄င်းအရည်ကို ၂ ရက်၊ ၃ ရက်ခန့် ထုတ်ကာ သွန်ပစ်ပေးပြီးလျှင် အရသာကောင်းမွန်သော ပုဇွန်ချဉ်အား ရရှိလာပါသည်။ ပုဇွန်ချဉ်တွင် အကောင်လိုက် သိပ်ထားသည့် အကောင်ချဉ်နှင့် ပုဇွန် အသား(အခွံခွာ)ကို သိပ်ထားသည့်အသားချဉ်ဟူ၍ အမျိုးအစားနှစ်မျိုးရှိကြောင်း ပုစွန်ချဉ်ပြုလုပ် ရောင်းချသူများထံမှ သိရှိရပါသည်။ မြိတ်မြို့တွင် အကောင်လိုက်အချဉ်တစ်မျိုးသာ လူကြိုက်များ လေ့ရှိသည်။

          ဓါတုဆေးများမပါရှိသည့် သဘာဝမှကုန်ကြမ်းများဖြင့်သာ ပြုလုပ်ထားသည့် ပုဇွန်ချဉ်သည် အချဉ်ဖောက်ထား သောအစားအစာဖြစ်သည့်အတွက် သန့်ရှင်းမှုမရှိပါက ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင် သဖြင့် သန့်ရှင်းစွာပြုလုပ်ရန်နှင့် သန့်ရှင်းစွာသိုလှောင်ရန်အထူးလိုအပ်ပါသည်။ ပုဇွန်ချဉ်ကို အချဉ် အကောင်လိုက်စားသုံးကြသလို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့နှင့်ရောကာ သုတ်စားကြပြီး အရောင်တင်မှုန့်တို့နှင့်ဆီသတ်၍လည်း စားသုံးနိုင်ပါသည်။ ပုဇွန်ချဉ်သည် ပရိုတင်းဓာတ် နှင့် အဆီ ဓာတ်ကြွယ်ဝစွာပါဝင်ပြီး နှလုံးကျန်းမာရေး၊ အသားအရေနှင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင် သည့် အာဟာရပြည့်ဝသော အစားအစာလည်းဖြစ်သည်။ မြိတ်မြို့တွင် ပုဇွန်ချဉ်အပြင် ငါးချဉ် ရှပ်ချဉ် များလည်းရှိပါသည်။

          မြိတ်မြို့တွင် ပုဇွန်အကောင်ချဥ်ဗူးကြီးတစ်ဗူးလျှင်(၂၇ဝဝဝ)ကျပ်၊ ပုဇွန်ချဉ်ဗူးလတ်တစ်ဗူး လျှင်(၁၆ဝဝဝ)ကျပ်၊ ဘူးသေးတစ်ဗူးလျှင်(၈ဝဝဝ)ကျပ် အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း မြိတ် မြို့ရှိ ဆိပ်ငယ်ဈေးကြီးရှိ ငါးခြောက်တန်းမှ ဈေး သည်များထံမှစုံစမ်းသိရှိရပါသည်။ ပုဇွန်ချဉ်များကို ဈေးများအပြင် ကားဂိတ်၊ ရပ်ကွက်အိမ်ဆိုင်များ၊ ဒေသထွက်လက် ဆောင်အရောင်းဆိုင်များတွင် ဗူး များအတွင်းထည့်သွင်းကာ သေသပ်စွာထုတ်ပိုးပြီး ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူသူများ အတွက်ပါ ရည်ရွယ်၍ရောင်းချကြသလို မြန်မာနိုင်ငံအနှံ့အပြားသို့လည်း တင်ပို့ရောင်းချလျက်ရှိ ကြောင်းမြိတ်ဒေသအစားအစာတစ်ခုဖြစ်သောပုဇွန်ချဉ်အကြောင်းအား ရေးသားတင်ပြလိုက်ပါသည်။

DOCA(တနင်္သာရီ)